Monday, May 12, 2008

မြန်မာ့ရေတပ် သင်္ဘောများလည်း မုန်တိုင်းဒဏ်သင့်

အေးချမ်းမြေ့ | မေ ၁၂၊ ၂၀၀၈

မေလ ၂ ရက်နေ့က ပြင်းထန်စွာ တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာ ရေတပ်ပိုင် သင်္ဘောနှင့် မော်တော် အမြောက်အများ နစ်မြုပ်ခဲ့ရပြီး ရေတပ်သား အများအပြား ပျောက်ဆုံးနေကြောင်း ရေတပ်မှ တပ်ကြပ်တဦးက ဧရာဝတီသို့ ပြောသည်။

သန်လျင်မြို့ သီလဝါ ဆိပ်ကမ်းအနီးတွင် ကျောက်ချ ရပ်နားထားသော ရေတပ်ပိုင် သင်္ဘော ငါးစီးမှာ မုန်တိုင်းနှင့်အတူ နစ်မြုပ်ခဲ့ရပြီး ဆက်သွယ်ရေးအရာရှိ (E/O) တဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည် ဟု ၎င်းက အတည်ပြုပြော ကြားသည်။

“သီလဝါမှာတော့ သင်္ဘောသား အယောက် ၂၀ လောက် ပျောက်နေတယ်။ သေတာလား ပုန်းနေတာလားတော့ မသိဘူး” ဟု ၎င်းကဆက်ပြောသည်။


နစ်မြုပ်သွားသော သင်္ဘောများမှာ ရန်လွန်းအောင်၊ ရန်တိုင်းအောင်၊ ချန်ဂီ - ၈၀၂၊ ရန်စစ်အောင် - ၄၁၁ နှင့် တရုတ်မှ ဝယ်ယူထားသော သင်္ဘောတစင်းတို့ ဖြစ်သည်ဟုဆိုသည်။

ရေတပ်သင်္ဘော တစင်းမှ စီအို (Commanding officer) တဦးမှာ ရေထဲတွင် သုံးနာရီခန့်ကြာအောင် နေခဲ့ရပြီး အသက်ရှင် လျှက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရာ ယခုအခါ စိတ်ကစဥ့်ကလျား ဝေဒနာ ခံစားနေရကြောင်း ကြားသိရသည်။

နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီ ရေတပ်စခန်း တခုလုံး ရေဖုန်းလွှမ်းခံခဲ့ရပြီး ၎င်းစခန်းမှ အဆောက်အဦများပျက်စီးကာ ရေတပ်မိသားစု အများအပြား သေကြေပျက်စီးခဲ့ရကြောင်း ရေတပ် အသိုင်းအဝန်းမှ ကြားသိရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းတခုဖြစ်သော ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး ကွန်ယက် (NDD) ၏ စာရင်းအရ နာဂစ် ဆိုင်ကလုံးကြောင့် ရေတပ် သင်္ဘော စုစုပေါင်း ၂၅ စင်း နစ်မြုပ်ခဲ့ပြီး အနည်းဆုံး အရာရှိ အယောက် ၃၀ နှင့် တပ်သား ၂၅၀ ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။

နာဂစ်ဆိုင်ကလုံးကြောင့် ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီ ရေတပ်စခန်းအပါအဝင် သံလျှက်စွန်း ဧရာဝတီ ရေတပ်စခန်းဌာနချုပ် နှင့် စစ်တွေရှိ ဓညဝတီ ရေတပ်စခန်း စုစုပေါင်း ရေတပ်စခန်း သုံးခု ပျက်စီးခဲ့ရ ကြောင်း သိရသည်။

မြန်မာ့ရေတပ်မတော်ကို ၁၉၄၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှ စတင်၍ ချဲ့ထွင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ရေတပ်သည် ကမ်းရိုးတမ်းဒေသများတွင် နေထိုင်သည့် တိုင်းရင်းသား များနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ကွန်မြူနစ်များကို နှိမ်နင်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ယခုအခါ မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းတွင် ရေတပ်၊ ကြည်းတပ် စစ်သားများနှင့် ပြည့်နှက် လျှက်ရှိပြီး ၎င်းဆိပ်ကမ်းတွင် ရုရှားနိုင်ငံမှ ဟု ယူဆရသော လက်နက်အပြည့်ပါသည့် သင်္ဘောကြီး ၂ စင်း ဆိုက်ကပ်ထားကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်မှ ကြားသိရသည်။

No comments:

 
/* EOT ----------------------------------------- */