Wednesday, May 7, 2008

ကပ်ဘေး အလှူရှင်များ နှောင့်ယှက်ခံရ

ကိုစိုး | မေ ၉ ၊ ၂၀၀၈

ရန်ကုန်မြို့အခြေစိုက် အစိုးရမဟုတ်သော ကူညီကယ်ဆယ်ရေးအဖွဲ့(NGO)များနှင့် ပရဟိတ ပုဂ္ဂလိက အလှူရှင် များက လေဘေးဒုက္ခသည်များအတွက် လိုအပ်သော အစားအသောက် အသုံးအဆောင်များ လှူဒါန်း ဆောင်ရွက်ရာတွင် စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသော အဖွဲ့များကြောင့် နှောင့်နှေးကြန့်ကြာမှုများ နှင့် အနှောင့်အယှက်များ ဖြစ်နေကြောင်း သိရသည်။

ယမန်နေ့က ရန်ကုန် သံလျင်မြို့နယ်ရှိ နာဂစ် ဆိုင်ကလုန်း လေဘေးဒုက္ခသည်များအား ပေးဝေရန် ဆန်များ သယ်ဆောင်သွားသော ကားတစီးကို တုတ် ဓား လက်နက်များ ကိုင်ဆောင်ထားသော စွမ်းအားရှင်အဖွဲ့တဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ရန်ကုန်မြို့ခံတဦးကပြောသည်။ မည်သည့်အတွက် တိုက်ခိုက်သည်ကိုမူ မသိရှိရပေ။


NGO အလုပ်သမားတဦးကလည်း ဒုက္ခသည်များကို ကူညီပေးဝေမည့် ပစ္စည်းများကို မပေးဝေမီ ကြံ့ဖွံ့အဖွဲ့၏ ခွင့်ပြုချက်ယူရသည့်အတွက် ကြန့်ကြာမှုဖြစ်ရကြောင်း ပြောပြသည်။

ယခုအခါ ရန်ကုန်မြို့တွင် လေဘေး ဒုက္ခသည်များသည် အစာရေစာ လိုအပ်မှုကြောင့် လုယက်တိုက်ခိုက်မှုများ ရှိနေပြီ ဖြစ်ကြောင်း၊ ယမန်နေ့က ရန်ကုန်မြို့လှိုင်သာယာမြို့နယ်ရှိ လေဘေးဒုက္ခသည်များ ကူညီရေးအဖွဲ့တဖွဲ့ က ဒုက္ခသည်များကို အစာရေစာများပေးဝေရာ ရုန်းရင်းဆံခတ်မှုဖြစ်ပွားခဲကြောင်း ယင်းအဖွဲ့ဝင်တဦးက ပြော သည်။

ဧရာဝတီတိုင်း ဒေးဒရဲမြို့တွင်လည်း ဆန်စက်တစက်ကို လူအုပ်စုတစုက ဝင်ရောက်လုယက်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာမှ အကူအညီများကိုလည်း စစ်အစိုးရက ပြည်ဝင်ခွင့် ဗီဇာထုတ်မပေးခြင်း၊ ဆုံးဖြတ်ချက် တုန့်ဆိုင်း နေခြင်းတို့ကြောင့် ယင်းအကူအညီများသည် လေဘေးသင့် ဒေသများသို့ ရောက်ရှိရန် နှောင့်နှေးကြန့်ကြမှုများ ဖြစ်နေသည်။

လက်ရှိအခြေအနေအရ မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် အနည်းဆုံး လူ တသန်း ခန့် အတွက် အစားအစာ ၊ ဆေးဝါးနှင့် သောက်ရေသန့်များ အမြန်ဆုံးလိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် မေလ ၂ ရက်နေ့ ညပိုင်းက စတင်၍ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန် တိုင်း တို့ကို ဖြတ်သန်း တိုက်ခတ်သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် လူ ပေါင်း ၂၂၉၉၇ သေဆုံး၍ ၁၄၀၃ ဦး ဒဏ်ရာရပြီး ၄၂၁၁၉ ခန့် ပျောက်ဆုံးနေကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ အပါအဝင် ကျွမ်းကျင်သူများကမူ သေဆုံးပျောက်ဆုံးသူ ဦးရေ ယခုထက် ပိုမိုနိုင်ကြောင်းနှင့် လူ ၁ သန်း ခန့် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။

No comments:

 
/* EOT ----------------------------------------- */