Thursday, July 31, 2008

အခြေအနေပေးလျှင်ဖြင့် ရေးစမ်းပါဘိ ထိုစာလွှာ (၅)

ထကြလော့ ရွှေမြန်မာတွေ အလင်းရောင်သန်းနေပြီ

မျက်စေ့ဖွင့်ကြည့်လိုက်တော့ သင့်ရှေ့ကနေရောင်ခြည်ဟာ ရင်ညွန့်ထဲကို ထိုးကျလာလိမ့်မယ်။ သင်တို့ဟာ စစ် အတွင်းက ကွဲကွာနေတဲ့ သူငယ်ချင်းတွေပဲ။ သင်တို့ရဲ့အားတွေ အရမ်းလိုအပ်နေပြီ။ တစ်ယောက်တည်းလုပ်လို့ မရတဲ့ အရာထဲမှာ နိုင်ငံရေးဆိုတဲ့ အရေးကြီးဆုံးအချက်လည်းပါတယ်။ သင်တို့ရဲ့ လက်တွေသန်မာကြလော့။ သင် တို့ရဲ့ အတွေးအခေါ်တွေ သေနေလို့ မဖြစ်တော့ဘူး။ သင်တို့ရဲ့ နာကျည်မှုတွေဟာ ဘယ်ချိန်ထိဆက်လက် မျိုသိပ်နေကြဦးမှာလဲ။ ဘ၀တွေသေနေကြပြီ။ လူသားတစ်ယောက် ရပိုင်ခွင့်အခွင့်ရေးတွေ ဆုံးရှုံးနစ်နာနေကြတာ ဘယ်ချိန်ရှိပြီလဲ။ နှစ်ပေါင်းများစွာ သေနေတဲ့ ဘ၀တွေကို ဆွဲထုတ်လိုက်ကြတော့။ သင်တို့ဟာ လူသားမျိုးနွယ်စု တစ်ခုလုံးကို ကိုးစားပြုတယ်ဆိုရင် သင်တို့ရဲ့ စွမ်းဆောင်ချက်တွေနဲ့ ဒီလက်တစ်ဆုပ်စာ စစ်အာဏာရှင်တစ်စုကို တွန်းလှန်တိုက်ခိုက်ဖို့ ရဲရင့်ကြလော့။ ထကြလော့။ အိပ်နေလို့မဖြစ်တော့ဘူး။

ဇင်ဘာဘွေဟာ မကြာခင် ဒီမိုကရေစီနိုင်ငံသစ်ကြီးကို ထူထောင်နိုင်တော့မယ်။ ဆူဒန်သမ္မတဟာလည်း သူ့ရဲ့ပြုမူလုပ်ဆောင်
ချက်တွေကို ပေးဆပ်ရတော့မယ်။ ဒါကြောင့် ဆူဒန်ဟာလည်း ယုတ်မာတဲ့ ခေါင်းဆောင်လက်ထဲ ကနေ ရုန်းထွက်နိုင်ရင်း ခေတ်မှီဖွင့်ဖြိုးတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို မကြာခင်တည်ထောင်နိုင်တော့မယ်။

သူတို့ဟာ အလင်းရောင်တွေ သန်းနေပြီ။ ဒါကြောင့် အာဏာရှင်အစိုးရဆိုတာ တစ်ကမ္ဘာလုံးက ရွံ့မုန်းနေကြ တယ်။ ရွှေမြန်မာတွေ ရောင်ခြည်သန်းနေတဲ့ ဒီမိုကရေစီကို မကြာခင်ရရှိတော့မယ်။ ဒီတော့ တစ်ယောက်တည်းနဲ့ တော့ မဖြစ်ဘူး။ အားလုံးတက်ညီလက်ညီ လက်တွဲဖို့လိုတယ်။ အတ္တကိုရှေ့တန်းတင်ပြီး ငါ့အကျိုးအတွက် လောက်နဲ့တော့ အလကားရရှိတဲ့ အချိန်တိုလေးတွေကို အကျိုးရှိရှိအသုံးချတတ်ဖို့ မလုပ်ဘဲ ထင်ရာစိုင်းတဲ့ဝါဒကို စွန့်လွှတ်လိုက်တော့။လုပ်နိုင်တဲ့
ဘက်က လုပ်ပါ။ မလုပ်ဘဲနဲ့ မနေပါနဲ့။ ယူဂျီလုပ်နိုင်ရင်လုပ်ပါ။ အိုဂျီအဖြစ်ပြောင်းလဲနိုင်အောင် ထပ်မံကြိုးစားဖို့ လမ်းစကောင်းဖြစ်ပါလိမ့်မယ်။ အန်ဒါဂရောင်းကနေ အိုဗာဂရောင်းကို ကူပြောင်းတဲ့အခါမှာ မိမိလုပ်ထားတဲ့ အန်ဒါဂရောင်းလုပ်ရှားမှု ဆဲလ်တွေများနေရင် အိုဗာရောက်ရင် အသုံးဝင်နိုင်ပါလိမ့်မယ်။ ကျုပ်တို့ဟာ တရားမျှတမှုကို ရှေ့တန်းတင်ရမှာဖြစ်ပြီး၊ တရားမျှတတဲ့ နည်းလမ်းတွေကို အသုံးချပြီး တိုက်ပွဲ ၀င်ကြမယ်။ သင်တို့ဟာ အမိမြေကိုချစ်တယ်။ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူလူထုကို မကြည့်ရက်ဘူး ဆိုရုံနဲ့ တော့ အရာမထင်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ လှုပ်ရှားမှုတွေကို ဖန်းတီးလုပ်ဆောင်ဖို့ အရမ်းကိုအရေးကြီး နေပါပြီ။

လူမှုရေး၊စီးပွားရေး၊ပညာရေးစတဲ့ အရေးမှန်သမျှ ချွတ်ခြုံကျနေတဲ့ အမိမြေဟာ ဆာလောင်သံတွေနဲ့ ဟစ် အော် နေကြရင်း မွမ်းကျပ်နေခဲ့တယ်။ အသိဥာဏ်မဲ့တဲ့ လူတွေရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေလည်း ထောင် ပေါင်း
များစွာ အသက်ပေးခဲ့ရပြီးပြီ။ လက်ရှိအချိန်ထိ ဆင်းရဲတွင်းနစ်နေတဲ့ ကူညီမဲ့ရင်း ဆာလောင်နေတဲ့ ဧရာဝတီ သားတွေကို ကြည့်ကြပါ။ တကယ်တန်းကြည့်တတ်ရင် မြင်မှာပါ။ ထောင်ပေါင်းများစွာကို စစ်အစိုးရက သတ်လိုက် တာပါ။

နာဂစ်ကိုပဲ မြင်နေကြတဲ့ လူတွေကို စစ်အစိုးရရဲ့ သတ်လိုက်ပုံအကြောင်းကို ရှင်းပြတာဟာလည်း ယူဂျီ လုပ်ရှား မူဘဲပေါ့။ စဉ်းစားကြည့်ပါ တကယ်တန်းဆိုရင် နာဂစ်ဟာ တစ်သောင်းထက်ပိုသေသင့်တဲ့ ကိစ္စရပ်မဟုတ်ပါဘူး။ အခုသိန်းနဲ့ချီပြီ သေကျေရတယ်ဆိုတာ ဘာကြောင့်လဲ။ န.အ.ဖ ရဲ့ညံ့ဖျင်းတဲ့ လုပ်ရပ်။ လူမဆန်တဲ့ အမြင် အသေ တွေကြောင့်ပေါ့။ လွတ်ရာကျွတ်ရာကို ပြေးဖို့ကြိုတင်သတိပေးနိုင်ပါလျှက် မလုပ်ဆောင်ခြင်းစတာတွေအ တွက် ကြောင့် အခုလိုသေကျေပျက်စီးခဲ့ရတာပါ။ အမိန့်နဲ့ နှစ်ရက်လောက်ကြိုတင်သိနေတဲ့ ဒီမုန်တိုင်းဘေးကို လွတ်မြောက်စေရန် ထုတ်ဆောင်နိုင်ရမယ်။ ဒါပေမဲ့ ဒါမျိုးတွေမလုပ်ဆောင်ခဲ့ဘူး။ နောက်တစ်ခုက လူသားမဆန် တဲ့ လူတွေလုပ်ရပ်ကို ထပ်မံလုပ်လိုက်ပြန်တယ်။ ဒါကဘာလည်းဆိုတော့ ပြည်ပက အကူအညီတွေကို ငြင်းဆန်ခဲ့ တဲ့လုပ်ရပ်ပေါ့။

အမှန်တကယ် အကူအညီတွေ ချက်ခြင်းရပါလျှက် ငြင်းဆန်ခဲ့တာကြောင့် အစာရေစာ ပြတ်လပ်ပြီး လူတွေ မသေ သင့်ဘဲ သေခဲ့ရပြန်တယ်။ ဆိုလိုတာက ဒါမျိုးတွေကို ပြည်သူလူထုသိအောင် အန်ဒါဂရောင်းလှုပ်ရှား မှုဖြစ်တဲ့ စာရွတ်စာတမ်းဖြန့်တာမျိုး၊ကိုယ်စွမ်းဆောင်နိုင်တဲ့ အ၀န်းဝိုင်းမှာ အသိပညာပေးတဲ့အနေနဲ့ စုဝေးပြီးဟော ပြောတာမျိုးစတာတွေကို လုပ်ကြဖို့ပါ။ ဘာမှမလုပ်ဘဲနဲ့တော့ မနေကြပါနဲ့။ သင်တို့သင်ယူနေတဲ့ ပညာရပ်တွေဟာ ကိုယ့်အကျိုးအတွက်ပဲလား။ ပြည်သူလူထုကို ကိုယ်စားမပြုရင်တော့ ပြည်သူလူထုက သင်တို့ရဲ့အသိပညာဆိုတာ တွေကို အသိအမှတ် မပြုဘူးဆိုတာ သိစေချင်တယ်။ မဝေးတော့တဲ့ အချိန်တိုလေးအတွင်းမှာ ကျုပ်တို့အားလုံး
လက်တွဲညီညီနဲ့ ဒီစစ်အာဏာရှင် လက်တစ်ဆုပ်စာလေးကို ဖြုတ်ချနိုင်အောင် စွမ်းဆောင်ကြရလိမ့်မယ်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ။ ကမ္ဘာ့ ခေါင်းဆောင်မှု့ယုတ်မာဆုံးနိုင်ငံ။ ကမ္ဘာ့လာဘ်စားမှု အများဆုံးနိုင်ငံ။ စတဲ့ စာရင်း တွေက ဆွဲနုတ်နိုင်အောင်ဆိုရင်တော့ သင်တို့အားလုံး လက်ပိုက်ကြည့်နေရုံနဲ့ ပပျောက်မှာ မဟုတ်ဘူးဆို တာ ဘဲ။ လူတွေဟာ လူနဲ့မတူတော့ဘူး။ အရမ်းကို ဖိနှိပ်ခံနေရတယ်။ ဒါဟာ ကိုယ့်လူမျိုးအချင်းချင်း ယုတ်မာပက် စက်မှုကိုပြန်လည်ခံစား
နေကြရခြင်းဖြစ်တယ်။ ကိုလိုနီခေတ် ပြန်ရောက်ရင်တောင် ဒီလောက်ယုတ်မာ ပက်စက် ရိုင်းစိုင်း ခံရလိမ့်မယ်မထင်ဘူး။ လူပေါင်းများစွာရဲ့သွေးတွေ အခုချိန်ထိ လမ်းပေါ်တွေမှာ မခမ်းခြောက်သေးဘူး။ မကြာခင်အချိန်မှာဆိုရင်တော့ ဘယ်လိုမှမေ့မဖျောက်နိုင်သေးတဲ့ စက်တင်ဘာ ရွှေဝါရောင်လှုပ်ရှားမှု သံဃာတော် များစွာရဲ့ သွေးများဘုရား
ခြေရင်းတွေမှာ ဖြာကျခဲ့ရတဲ့ အရှင်လတ်လတ် သတ်ဖြတ်မှု တစ်နှစ်ပြည့်တော့မယ်။ ဒါ တွေဟာ မေ့ဖျောက်လို့ မရတဲ့ န.အ.ဖရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေဘဲ မဟုတ်လား။

ကျုပ်တို့အားလုံး ထကြဖို့လိုပြီ။ န.အ.ဖ ရဲ့ ညံ့ဖျင်းတဲ့ စစ်အုပ်ချုပ်ရေးကြီးကို တွန်းလှန်နိုင်ဖို့လိုပြီ။ ဆက်လက် အိပ်စက်နေဦး
မယ်ဆိုရင်တော့ သူတို့ဟာ တရားဝင်အစိုးရပုံစံမျိုး ဖြစ်အောင်လုပ်ပြီး ဆက်လက်အတုယောက်အုပ် ချုပ်မှုနဲ့ ကျုပ်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်များ အကြောက်တရားရဲ့ ဖိနှိပ်မှုအောက် ပြားပြားမှောက်ရင်း အလူး အလဲခံစားရရင် စစ်ဖိနပ်အောက်မှာပဲ ဘ၀တွေပြားပိနေကြရဦးမယ်။ ဒီတော့ တတ်နိုင်တဲ့လုပ်ဆောင်ချက်များကို လုပ်ဆောင်ရင်း ကိုယ့်စွမ်းကိုယ်စတွေကို အသုံးချတတ်ဖို့လိုနေပြီ။

သင်ဟာ နိုင်ငံကိုချစ်တယ်ဆိုရင်တော့။ သင်ဟာ နိုင်ငံနဲ့လူမျိုး ဂုဏ်ကိုမြှင့်တင်ချင်တယ်ဆိုရင်တော့။ သင်ဟာအပြစ်မဲ့
ပြည်သူများစွာကို ဆင်းရဲတွင်းဆက်လက် မထားချင်ဘူးဆိုရင်တော့၊။သင်ဟာ ဆာလောင်သံများကို တစာစာအော်နေတဲ့ ပြည်သူလူထုရဲ့ အသံတွေမကြား ချင်ဘူးဆိုရင်တော့။ သင်ဟာ ကမ္ဘာ့အလည်မှာ အထီး ကျန်နေတဲ့ နိုင်ငံကြီးကို မားမား
မတ်မတ် ရပ်တည်ချင်တယ် ဆိုရင်တော့ သင်ဒီအတိုင်းနေလို့ မဖြစ်တော့ဘူး။ အိပ်နေလို့ မဖြစ်တော့ဘူး။ သင်ဟာကိုယ်
ကျိုးအတွက်ပဲ ကြည့် နေလို့၊လုပ်နေလို့ မဖြစ်တော့ဘူး။

ဒီအစိုးရဆိုတာ သိတယ်မဟုတ်လား ။ မကောင်းတဲ့ အပြုအမူဆိုရင်တော့ ဗြောင်ကျကျ လိမ်ရမလား။ လက်ရဲ ဇက်ရဲ သတ်ဖြတ်လိုက်ရမလား။ သူ့တို့ အာဏာတည်မြဲမယ်ဆိုရင်တော့ ဘုရားခေါင်းဖြတ်သင့်ရင်ဖြတ်မှာပဲ။သံဃာ ခေါင်း ဖြတ်ခိုင်းဖြတ်မှာဘဲ။ ဘာမှစဉ်းစားနေမဲ့ ကောင်တွေမဟုတ်ဘူး။ ဒီတော့ ဒီလိုအကြောက်တရားတွေနဲ့ ဖိနှိပ် မှု၊ချုပ်ခြယ်မှုတွေနဲ့ ဆက်လက်သွားနေမယ်ဆိုရင်တော့ ဒါကိုလည်း ဆက်လက်လက်ခံနေမယ်၊ ကြောက်နေဦးမယ်
ဆိုရင်တော့ အနာဂတ်မြန်မာနိုင်ငံတော်ကြီးဟာ အမှောင်တွေနဲ့ ဆက်လက်မည်းနေဦးမှာပဲ။

ဒီအချိန်ဟာ ကမ္ဘာက မြန်မာကို တော်တော်ဂရုစိုက်နေပြီ။ အလင်းရောင်လေးတွေ သန်းလာနေပြီ။ ကျုပ်တို့ အားလုံး ဒီအလင်းတန်းလေး တွေကို မကွယ်ပျောက်သွားစေရန် ဆက်လက်ညှိထွန်းရင်း တိုက်ပွဲဝင်နေဖို့လိုတယ်။ ဒီလိုမဟုတ်ဘဲ အကြောက် တရားအောက် ဆက်လက်ကြောက်နေရင်း အိပ်ပျော်နေဦးမယ်ဆိုရင်တော့ ရင်းလေး စရာ ဖြစ်နေလိမ့်ဦးမယ်။

အို မြင့်မြတ်သောအရှင်
ဒီစစ်အာဏာရှင် လက်အောက် ပြည်သူတွေ
ဖိနှိပ်မှုမျိုးစုံနဲ့ ဒုက္ခအတွင်း သက်ဆင်းနေကြရပေါ့
သွေးတွေ စီးဆင်းခဲ့ရတယ်
အသက်တွေ စတေးခဲ့ရတယ်
လူသားအခွင့်ရေးတွေ ဆုံးရှုံးခဲ့ရတယ်
ဝဋ်ကျွေးဆိုတာ ရှိရင် ကျေပါစေတော့ဘုရား။

လမ်းဘေးမှာ သူတောင်းစားမျိုးစုံ၊ ဈေးသည်မျိုးစုံ၊ ၀န်းထမ်ပေါင်းများစွာ။ ကျောင်းသူ ကျောင်းသူတွေများစွာ၊ ရ ဟန်းသံဃာတော်များ ပြည်သူလူထု လူတန်းပေါင်းစုံများစွာရဲ့ အသံတွေဟာ ငြိမ်းချမ်းရေးကို ဆာလောင်နေကြ တယ်။ ဆင်းရဲတွင်းက တက်လာချင်ကြပြီ။ လူမဆန်တဲ့ ကောင်တွေရဲ့ လက်ထဲကနေ လွတ်မြောက်ချင်ကြပြီ။ လူ ဆန်တဲ့ အပြုအမှု၊ အတွေးခေါ်တွေနဲ့ ဆက်လက်ချီတက်နေချင်ကြပြီ။ သင်တို့အားလုံး ကျုပ်တို့အားလုံးဟါ ဒါတွေကို ကြားရောင်ပါ။ တွန်းလှန်တော့ပါ။

ဆက်လက်ငြိမ်နေဦးမယ်ဆိုရင်တော့ ပြည်သူလူထု အစာမကြေတိုင်း ထထအော်ရင်း အသက်တွေဆက်လက် စတေးနေကြရဦးမယ်။ အမှန်တရားဆိုတာ ဘယ်တော့မှ ကွယ်ပျောက် သွားတယ်ဆိုတာမရှိပါဘူး။ အမှန်တရား က အရှုံးပေးသွားရတယ်ဆိုတာ ဘယ်တော့မှရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမှန်တရားကို ဆက်လက် ကိုင်စွဲပါ။ အမှန်တရားကြောင့် အသက်စတေးလိုက်ရခြင်းဟာ မြင့်မြတ်ပါတယ်။ အနာဂတ်ကလည်း သမိုင်းမှာ အဲဒီလူတွေကို ဘယ်တော့မှ မေ့ဖျောက်ကြမှာ မဟုတ်ပါဘူး။ အမှတ်တရားကို ချစ် မြတ်နိုးသူတိုင်း အမှန်တရား က ပြန်လည်စောင့်ရှောက်ပါလိမ့်မယ်။

ဓမ္မနိယာမ-အရ လွတ်လပ်မှုကို ချုပ်ခြယ်သူမှန်သမျှကို လွတ်လပ်မှုက သူတို့ကိုပြန်လည် ချုပ်ခြယ်ခံရပါလိမ့် မယ်၊ လွတ်လပ်မှုကြောင့် ရရှိခံစားရမဲ့ အခွင့်ရေးတွေကို သူတို့ပြန်လည် ပေးဆပ်ရပါလိမ့်မယ်။ ဒါကြောင့် အမှန်တ ရားဆိုတဲ့ ဓမ္မက ရှုံးနိမ့်သွားတဲ့ ကိစ္စဆိုတာ မရှိပါဘူး။ တစ်နေ့တော့ လုံးဝအနိုင်ရပါလိမ့်မယ်။ ဒီဘ၀မရရင် နောက် ဘ၀မှာ ပြန်လည်အနိုင်ရပါလိမ့်မယ်။ ဖြစ်သင့်တာ လုပ်ရမှာကတော့ အိပ်မနေကြပါနဲ့တော့ ထကြပါတော့ ရွှေ ရောင်မျှော်လင့်ချက် ရောင်ခြည်တွေသန်းနေပါပြီ။


အကယ်၍

မင်းရဲ့စိတ်ကူးယဉ် အိမ်မက်တွေဟာ
မင့်အပေါ် မလွှမ်းမိုးနိုင်စေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင်
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင်

မဝေးတော့ပါဘူး။ အိပ်မနေကြပါနဲ့တော့၊ ထကြလော ရွှေမြန်မာတွေ။ ဒီမိုကရေစီ
ရောင်ခြည်တွေ သန်းလာနေပါပြီ။

သင်တို့အားလုံး ညီညွတ်ကြပါ၊တိုက်ပွဲဝင်ကြပါ
ရဲရင့်ကြပါ၊စိတ်ကူးရင် သက်သက်တော့ မဖြစ်စေပါနဲ့
မနက်ဖန်မှာ စစ်အစိုးရဟာ တိုင်းပြည်နဲ့လူမျိုးရဲ့
နာကျင်မှု အရောင်တွေပြန်လည် ခံစားရတော့မယ်
သင်တို့ရဲရင့်ကြရင်း သင်တို့အတွေးအခေါ်တွေ မသေကြပါနဲ့
သင်တို့ဟာ လက်တစ်ကမ်းသာလိုတော့တယ်
ရောင်ခြည်တွေ ဖြာကျနေပြီ။


ရာဇာစိုး၊ရန်ကုန်
၃၀၊ ၀၇၊ ၂၀၀၈

အပြည့်အစုံဖတ်ရန်...

Sunday, July 27, 2008

သာသနာနာနှင့်နိုင်ငံရေး (၄) သို့မဟုတ် ယာယီနိဂုံး

(စာဖတ်သူများအတွက် ဆောင်းပါးရှင် ပြည်ချစ်ဘုန်းဘုန်းရဲ့ သာသနာနဲ့နိုင်ငံရေး အပိုင်း (၄)ကို တင်ဆက်ပေးလိုက်ပါတယ်။ အခြေအနေအရပ်ရပ်က အေးဆေးနေတဲ့အချိန်မှာ ကျွန်တော်တို့ဟာ နားလည်သင့်တာတွေကို နားလည်အောင် ကြိုးစားရင်း၊ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေအတွက် နားလည်မှုနဲ့ ညီညွတ်ရေး၊ လုပ်သင့်တာနဲ့ လုပ်နေတာတွေကို လက်တွေ့ကျကျ တွေးတောဖို့ အချိန်ယူကြရမယ်။ ဒါကြောင့် ပြည်ချစ်ဘုန်းဘုန်းရဲ့ စကားတွေက ကျွန်တော်တို့ တွေးနေတဲ့ ကျွန်တော်တို့ သိသင့်တဲ့ အခြေအနေတွေကို အထိုက်အလျောက် မီးမောင်းထိုးပြနေပါလိမ့်မယ်။)

သာသနာနဲ့နိုင်ငံရေးအကြောင်းကို တင်ပြလာတာ အခုဆိုရင်အပိုင်း(၄)တောင်ရောက်လာခဲ့ပြီ။ အရင် တစ်ပတ်က K Sri.Dhammananda ရဲ့ Buddhism and Politics ဆိုတဲ့ ဆောင်းပါးကို အခြေခံပြီး မြတ်စွာ ဘုရားကိုယ်တော်တိုင် နိုင်ငံ့အရေး၊ တိုင်းရေးပြည်ရေးနဲ့ ပတ်သတ်ပြီး မိန့်ကြားခဲ့တာတွေ ကို တင်ပြခဲ့ပါတယ်။ အခုလဲ အဲဒါကိုပဲ ဆက်ပါမယ်။

မိလိန္ဒပဥှာမှာလဲ “အုပ်ချုပ်သူအဖြစ် မသင့်တော်တဲ့၊ ကျွမ်းကျင်မှုမရှိတဲ့၊ ကိုယ်ကျင့်တရား မကောင်းတဲ့၊ မလျော် ကန်တဲ့၊ စွမ်းရည်မပြည့်စုံတဲ့၊ မထိုက်တန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကြီးကျယ် တဲ့ အာဏာချုပ်ကိုင်မှုတွေနဲ့ သူ့ ကိုယ်သူ ဘုရင်အဖြစ် (သို့မဟုတ်) အုပ်ချုပ်သူအဖြစ် တင်မြှောက်ခဲ့ မယ်ဆိုရင် (ပြည်သူက မဘောမတူဘဲ မတရားဖိနှိပ်ချုပ်ချယ်တဲ့ ပုဂ္ဂိုလ်အစိုးရဖြစ်ခဲ့ရင်) သူဟာ ထိခိုက်နာကျင်ဖို့ အလားအလာတွေ ရှိနေပါပြီ၊ ပြည်သူ ပြည်သားတွေရဲ့ အမျိုးမျိုးသော ဒဏ်ခတ်မှုတွေ ကို ခံရဖို့ အလားအလာတွေ ရှိနေပါပြီ၊ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ကို ဦးဆောင်ဖို့ မသင့်လျော်၊ မထိုက်တန်တဲ့ပုဂ္ဂိုလ်ဟာ အုပ်စိုးသူဆိုတဲ့ ထိုင်ခုံပေါ်မှာ မလျော်ကန်တဲ့ နည်းတွေနဲ့ သူ့ကိုယ်သူ နေရာ ပေးထားလို့ပါပဲ။ ကိုယ်ကျင့်တရားနဲ့ လူသားတွေရဲ့ အခြေခံ လူမှုကျင့်ဝတ်စည်း မျဉ်းတွေကို ချိုးဖောက် တဲ့၊ အကြမ်းဖက်တဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ အပြစ်ပေးခံကြရပါလိမ့်မယ်၊

ထိုပုဂ္ဂိုလ်များနဲ့ အလားတူပဲ မမှန်ကန်တဲ့နည်းတွေနဲ့ အကြမ်းဖက်တဲ့အစိုးရဟာ ပြည်သူတွေရဲ့ ပြစ်ဒဏ်ခတ်မှုကို မလွဲမသွေ ခံရပါလိမ့်မယ်၊ ဒါ့အပြင် သူ့ကိုယ်သူ ပြည်သူတွေရဲ့ ဓားပြတစ်ယောက် လို ပြုမူတဲ့ အုပ်ချုပ်သူကို ပြည်သူတွေက အပြစ်တင်ကြပါလိမ့်မယ်၊ သူတို့ရဲ့ သဘောတူ လက်ခံမှုကို လဲ ဘယ်သောအခါမှ ရလိမ့်မှာ မဟုတ်ဘူး။ ..စသဖြင့် မိန့်ကြားခဲ့ပါတယ်။

အထက်ပါ တရားတော်အလိုအရဆိုလျှင် န.အ.ဖ လဲ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို ခံရမှာ အသေအချာပါပဲ။ ကိုယ်ကျင့်တရားဆိုတာ ဝေလာဝေး၊ ကိုယ်ကိုးကွယ်တဲ့ သံဃာကိုတောင် အာဏာတည်မြဲရေးအတွက် သတ်ရဲ တဲ့ အစိုးရ။ စွမ်းရည်ဆိုတာကလဲ ဘာမှ မရှိ။ ကလိမ်ကကျစ်။ အာဏာတည်မြဲဖို့အတွက် ညာဏ်နီညာဏ်နက် တွေပဲ ရှိတယ်။ တကယ်တော့ န.အ.ဖ ဟာ ဓားပြအကြီးစားကြီးပါပဲ။ န.အ.ဖ ဘယ်လိုပဲ ပြောပြော၊ ဘာတွေပဲ လုပ်လုပ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကို ဘယ်တော့မှ ရလိမ့်မှာ မဟုတ်ဘူး။

ဇာတ်တော်တစ်ခုမှာလဲ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နှိပ်စက်တဲ့ အစိုးရ၊ အပြစ်တွေ များစွာ ကျူးလွန်ထားသူကို အပြစ်မပေးတဲ့အပြင် ချီးမြှောက်ထားတဲ့ အစိုးရဟာ တိုင်းပြည်ကို အုပ်ချုပ် ဖို့ မသင့်လျော်ကြောင်း ဟောကြားထားပါတယ်။

မဇ္ဈိမနိကာယ်မှာလဲပဲ အောက်ပါ သဘောတရားတွေကို ဟောကြားထားပါသေးတယ်။ တိုင်း ပြည်အုပ်ချုပ်သူ တွေဟာ ကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင် ကြံစည်အားထုတ်သင့်ပါတယ်။ မိမိရဲ့ ကိုယ်ပိုင် အပြုအမူ၊ အပြော အဆို၊ အတွေးအခေါ်တွေကို ဂရုတစိုက် စုံစမ်းစစ်ဆေးမှု ပြုနေရပါတယ်။ မိမိ တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ မှားယွင်းမှုတွေ၊ အပြစ်အနာအဆာတွေ လုပ်မိသလား၊ မလုပ်မိ ဘူးလားဆိုတာနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ အကြံညာဏ်နဲ့ဆန္ဒကို နားထောင်ပေးဖို့၊ သိမြင်ဖို့ အမြဲတမ်း ကြိုးစားနေရပါတယ်။

ဗုဒ္ဓတရားတော်အလိုအရ တိုင်းပြည်ကို အုပ်ချုပ်သူတွေဟာ ကိုယ့်ကိုယ်ကို တိုးတက်အောင်၊ ကောင်းမွန်သထက် ကောင်းမွန်အောင် ကြိုးစားရပါတယ်။ ဒါပေမယ့် န.အ.ဖ ဟာ စက္ကန့်မခြား ပိုပိုပြီးတောင် ဆိုးဝါးလာတယ်။ ပိုပိုပြီး ညစ်ပတ်လာတယ်။ ကောက်ကျစ်လာတယ်။ ကိုယ့်ရဲ့ ချို့ယွင်းမှု၊ အားနည်းချက်တွေကိုတော့ ဘယ်တော့မှ ပြန်ကြည့်လေ့မရှိဘဲ သူ့ကို မကြိုက်တဲ့ ပြည်သူတွေကို သတ်ဖြတ်တယ်။

နောက်ပြီး ဆက်ပြောထားတာက……မိမိဟာ မတရားဖိနှိပ်ချုပ်ချယ်ပြီး အုပ်ချုပ်နေတာကို ပြည်သူတွေက သိမြင် သွားခဲ့ပြီဆိုရင် ပြည်သူတွေဟာ သူ့ကို အပြစ်တင် ပြောဆိုကြပါတော့မယ်။ တရားမမျှတတဲ့ ကိုင်တွယ်မှု၊ အပြစ် ပေးမှု၊ အခွန်ကောက်ခံမှု၊ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ အုပ်ချုပ်နေတဲ့ ယုတ်မာကောက်ကျစ်တဲ့ အစိုးရ ဟာ “တိုင်းပြည်နဲ့ပြည်သူပြည်သားတွေကို ပျက်စီး အောင် လုပ်နေပါပြီ”လို့ ပြည်သူတွေက ပြောလာကြပါလိမ့် မယ်။ ဒါတင်မကပါဘူး၊ ပြည်သူတွေဟာ တစ်နည်းမဟုတ် တစ်နည်းအားဖြင့် အစိုးရကို ဆန့်ကျင်ပြီး တန်ပြန်လှုပ် ရှားမှုတွေ ပြုလာကြပါ လိမ့်မယ်။

အဲဒီသဘောတရားတွေနဲ့ ဆန့်ကျင်ဘက်အနေအားဖြင့် ပြောရင်လဲ ရပါတယ်။ အစိုးရဟာ မှန်ကန်ပြီး တရားမျှ တစွာ အုပ်ချုပ်နေမယ်ဆိုရင် “အရှင်မင်းမြတ် (သမ္မတကြီး၊ ၀န်ကြီးချုပ်ကြီး) သက် တော်ရာကျော် ရှည်ပါစေ”လို့ ကြွေးကြော် ဂုဏ်ပြုကြပါလိမ့်မယ်။ …………….။ တော်တော် မှတ်သား စရာ ကောင်းတဲ့ စကားပါ။

အခု စာရေးသူတို့ ပညာသင်ကြားနေရတဲ့ သီရိလင်္ကာနိုင်ငံမှာဆိုရင် ပြည်သူ (၁၀)ယောက်ကို သူတို့အစိုးရ မကောင်းကြောင်း သွားပြောကြည့်၊ အနည်းဆုံး (၇) ယောက်က ငြင်းဆန်ကြပါလိမ့်မယ်။ သူတို့ ပြည်သူတွေဟာ သူတို့ ခေါင်းဆောင်ကို ထိရင် မကြိုက်ကြဘူး။ စာရေးသူတို့ဟာလဲ ကိုယ့်နိုင်ငံမှာ အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ်။ ကိုယ့်ခေါင်းဆောင်ကို လေးစားချင်ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး (ဘာမှ မသိနားမလည်တဲ့ န.အ.ဖ နောက် လိုက်တွေက လွဲရင်) က ကိုယ့်အစိုးရအကြောင်းပြောကြရင် `ထွီ..ထွီ´ဖြစ်နေကြတယ်။ ဒီလို နိုင်ငံမျိုးက ဘယ်လိုလုပ် တိုးတက်နိုင်ပါတော့မလဲ။ စာရေးသူတို့ ဖြစ်စေချင်တာက မြင်ချင်တာက အစိုးရဆိုတာ ၀န်ထမ်းပဲ၊ ပြည်သူက ခိုင်းတာကို လုပ်ရတဲ့ သူတွေပဲ။ ပြည်သူတွေကို ရှေ့ကနေ ဦးဆောင်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာတိုးတက်ရာ တိုးတက်ကြောင်းတွေကို ပြုလုပ်ဖို့ တာဝန်ပေးထားခံရသူပဲ။

ခုတော့….အဲ့လို မဟုတ်။ ကိုယ့်ကို ထမင်းကြွေးတဲ့ ပြည်သူတွေကို ဆုတ်ယုတ်အောင်၊ ပျက်စီးအောင် ပိုပိုပြီး လုပ်ဆောင်နေတယ်။ ပြည်သူက ကြိုက်တာမကြိုက်တာ အပထား၊ အာဏာတည်မြဲရေးအတွက် ဘာမဆို အကုန်လုပ်မယ်ဆိုတဲ့ အစိုးရဖြစ်နေတယ်။ ဗုဒ္ဓဘာသာလို့ အမည်ခံထားကြပေမယ့် ဗုဒ္ဓဘာသာနဲ့တူတဲ့ အပြု အမူမျိုး၊ အပြောအဆိုမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ကိုယ့်ပြည်သူကို သတ်တာ၊ ဖြတ်တာ၊ နှိပ်စက်တာဟာ ဗုဒ္ဓမြတ်စွာရဲ့နိုင်ငံရေးအမြင်နဲ့ ဆန့်ကျင်နေသလို တိုးတက်တဲ့ ဒီနေ့လိုခေတ်မှာ တောင် ယဉ်ကျေးတဲ့နိုင်ငံတွေမှာ မရှိတော့ပါဘူး။

န.အ.ဖ အနေနဲ့က ဘုရားသွား၊ ကျောင်းတက်တာ၊ ဘုရားတည်တာတွေကို လုပ်တာနဲ့ ဗုဒ္ဓဘာသာတစ်ယောက် ရဲ့ တာဝန်တွေကို ကျေပြွန်ပြီလို့ မှတ်ယူနေကြတယ်။ တစ်ချို့ နောက်လိုက်တွေကလဲ သူတို့ ပဉ္ဇင်းတက်တာ၊ ကျောင်းသွားပြီး အလှူလုပ်တာလေးတွေကို မရိုးနိုင်အောင်ပြောပြီး `ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ´လို့ အော်အော်နေကြတယ်။ တကယ်တော့ ဒီလို ပြောနေကြ၊ ရေးနေကြ၊ အော်နေကြတာတွေဟာ ဘာသာတရား ရှုထောင့်အရ အတော်သနားစဖွယ်ဖြစ်နေသလို၊ လူတစ်ယောက်ရဲ့ ရှုထောင့်အရ တော်တော်ကို ရွံစရာကောင်း လှပါတယ်။ ဘာကြောင့်လဲဆိုတော့ န.အ.ဖ ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေပါလို့ ဘယ်လိုပင်အော်အော် လုပ်နေတာတွေက ဗုဒ္ဓဘာသာနဲ့မတူ ယုတ်မာရိုင်းစိုင်းလွန်းနေတယ်။ `န.အ.ဖ တွေက ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာအစစ်တွေပါ´လို့ အော်သံကြားရတိုင်း စာရေးသူဟာ အတော်ကို ရှက်မိပါတယ်။

မြတ်ဗုဒ္ဓဟာ တခါတရံမှာ လူမှုပြုပြင်ရေးဝါဒီအဖြစ် သူ့ကိုယ်သူ မိန့်ကြားလေ့ရှိပါတယ်။ အခြေ အနေအရပ်ရပ်ထဲ က ဇာတ်စနစ်ကိုတော့ အတိအလင်း ဆန့်ကျင်ကြောင်း ဟောကြားပါတယ်။ မြတ်ဗုဒ္ဓ ဟာ လူသားအရင်းအမြစ်၊ လူသားစွမ်းအင်ကို အသိအမှတ်ပြုလေးစားတယ်။ တိုင်းပြည်တိုင်းဟာ လူမှုစီးပွားရေးအခြေအနေ တိုးတက်ဖို့ လိုအပ်ကြောင်းကိုလဲ မိန့်ကြားတော်မူပါတယ်။ ချမ်းသာတဲ့ လူတန်းစား၊ ဆင်းရဲတဲ့ လူတန်းစားဆိုတဲ့ လူတန်းစား နှစ်ရပ်အနက် သင့်တော်မျှတတဲ့ စည်းစိမ်ခွဲဝေမှု ရဲ့ အရေးပါမှုကိုလဲ သတိပေးထောက်ပြတော်မူပါတယ်။

နိုင်ငံရေး၊ စီးပွားရေးအကြောင်းတွေကို မြတ်ဗုဒ္ဓက ဟောကြားထားလေတော့ ဒါတွေဟာ ဗုဒ္ဓဘာသာရဲ့ အန္တိမ ရည်မှန်းချက်တွေလားလို့ မေးစရာ ရှိလာပါတယ်။ ဓမ္မပဒမှာ “လောကီအကျိုး စီးပွားတွေ ရစေနိုင်တဲ့လမ်းက တစ်လမ်း၊ နိဗ္ဗာန်ရစေနိုင်တဲ့လမ်းက တစ်လမ်းဖြစ်တယ်”လို့ မြတ်ဗုဒ္ဓက မိန့်တော်မူပါတယ်။ လမ်းက နှစ်လမ်း ဖြစ်ပါတယ်။ အဲဒီလို ကွဲပြားနေရဲ့နဲ့ မြတ်ဗုဒ္ဓဟာ လူမှုရေး၊ စီးပွာရေး၊ နိုင်ငံရေးတွေကို ဘာကြောင့် ဟောကြား နေရလဲ။

ဒီအတွက်ကတော့ ရှင်းပါတယ်။ လောကမှ ထွက်မြောက်ရာ၊ ထွက်မြောက်ကြောင်း၊ နိဗ္ဗာန်ရ စေနိုင်တဲ့ မဂ္ဂင် အကျင့်ဟာ လူ့ပြည်လူ့ လောကမှာ ကျင့်ရမယ့်အကျင့် ဖြစ်လို့ပါပဲ။ လူ့ပြည် လူ့ လောကကြီးပေါ်မှာ မဂ္ဂင်လမ်းစဉ် ကို (သို့မဟုတ်) လူသားကျင့်ဝတ်တွေကို (သို့မဟုတ်) လူ့အခြေခံ လွတ်လပ်မှုတွေကို ထိန်းသိမ်းထားဖို့ လိုပါ တယ်။ အခြေခံလွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး များ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စားဝတ်နေရေး ပြည့်စုံမှု များ မရှိတဲ့နေရာမှာ နိဗ္ဗာန်ဆိုတဲ့ ဘ၀လွတ်မြောက် မှုကို ရရှိဖို့အရေးဟာ အခက်အခဲများ ရှိနေအုံးမှာ ဖြစ်တယ်။

ဒေါက်တာဓမ္မာနန္ဒ(K.sri Dhammananda)ကလဲ “ဗုဒ္ဓဘာသာဟာ လူမှုရေးအမှန် တရား ဖြစ်တဲ့ နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ လုံးဝဆက်နွယ်မှု မရှိဘူး၊ ပါဝင်ပတ်သက်မှုမရှိဘူး”လို့ အထက်ပါ ဓမ္မပဒ စကားက မဆိုလိုကြောင်း မိန့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ လူ့အဖွဲ့အစည်းဆိုတာ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ စီးပွားရေးစီမံကိန်းတွေနဲ့ ပုံဖော်ထားရတာ ဖြစ်လို့ပါပဲ။ အဲဒီမှာ အရေးအကြီး ဆုံးက နိုင်ငံရေးစီမံကိန်းပါပဲ။ နိုင်ငံရေးစီမံကိန်းမကောင်းရင် ဘ၀လွတ်မြောက်ကြောင်း နိဗ္ဗာန်အတွက် မဆိုထားနဲ့ လောကီချမ်းသာကိုတောင် ရရှိဖို့ မလွယ်ပါဘူး။

ဒီလောက်နဲ့တင် သာသနာနဲ့နိုင်ငံရေးကို ရပ်တန့်ပါတော့မယ်။ တစ်ချို့က ပြောလာကြတယ်။ မြှောက်ပြောတာ လားတော့ မသိဘူးပေါ့။ “ဦးဇင်း ရေးထားတာတွေ အရမ်းကောင်းတယ်ဘုရား။ ဒါတွေ ဖတ်ရတော့ ဗုဒ္ဓမြတ်စွာ အပေါ် ပိုပြီး ကြည်ညိုမိတယ်ဘုရား၊ တပည့်တော်တို့ မြတ်စွာဘုရားက လောကီကောင်းစားရေးတွေကို ဒီလောက် အလေးအနက် ပြောဟောလိမ့်မယ်လို့ တပည့်တော် မထင်ထားဘူးဘုရား”စသဖြင့် ပြောလာကြ တယ်။

အဲ….တစ်ချို့ကလဲ အမှန်တွေ ပြောလို့ဆိုပြီး ဆဲကြတယ်ပေါ့ဗျာ။

ပြောမယ့်သာ ပြောရတာ စာရေးသူ ရေးသားတင်ပြခဲ့သမျှ ဗုဒ္ဓဘာသာက ပြောတဲ့ နိုင်ငံရေး၊ လောကီရေးကိစ္စ တွေဟာ တကယ့်ကို အမြွက်မျှ၊ နိဒါန်းမျှကလေးပဲ ရှိပါသေးတယ်။ စာရေးသူဟာလဲ ကျောင်းတစ်ဖက်နဲ့ဆိုတော့ သေသေချာချာ သုတေသနပြု မလေ့လာနိုင်လို့ ဒီလောက်လေးပဲ တင်ပြလိုက်ရတာပါ။ နောက်ပြီး ပိဋကတ် စာပေတွေ ဖတ်ရင်းနဲ့ ကောင်းနိုးရာရာလေးတွေ တွေ့ရင်လဲ ဒီအခန်းဆက် ဆောင်းပါးလေးတွေကို ဆက်ပါအုံး မယ်။ ဒါကြောင့် “ယာယီနိဂုံး”လို့ ခေါင်းစီးမှာ တင်လိုက်တာပါ။

ဒီစာကို ဖတ်ပြီး “ဗုဒ္ဓဘာသာဟာ လောကီအရေး၊ တိုင်းရေးပြည်ရေးကိစ္စတွေနဲ့ ဘာမှ မဆက် စပ်ပါဘူး၊ ဗုဒ္ဓ ဘာသာရဟန်းတော်တွေဟာ နိုင်ငံရေးကိစ္စတွေမှာ ရေငုံနှုတ်ပိတ် မဆိုင်သလို နေသင့် တယ်” လို့ ထင်မြင် ယူဆသူတွေ အထိုက်အလျောက် နားလည်သွားတယ်ဆိုရင် စာရေးသူ ဒီစာကို ရေးရကျိုး နပ်ပါတယ်။ ဒီဆောင်းပါး အစက စကားအနည်းငယ်နဲ့ နိဂုံးသတ်ပါမယ်။

“ဒီပြည်သူတွေ ဒုက္ခရောက်နေတာကို စာရေးသူတို့ဟာ လက်ပိုက်ပြီး ကြည့်နေတယ်ဆိုရင် လောကကြီးမှာ စာရေးသူတို့ ဗုဒ္ဓဘာသာရဟန်းတော်တွေလောက် အသိတရားမရှိတာ ဘာရှိတော့ မှာလဲ။ စာရေးသူတို့ လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ လက်ပိုက်ကြည့်မနေပါဘူး။ နောင်ကိုလဲ လက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး”

ပြည်ချစ်ဘုန်းဘုန်း
Ref: Buddhism and Politics
By Dr. K Sri Dhammananda

အပြည့်အစုံဖတ်ရန်...

Wednesday, July 23, 2008

အခြေအနေပေးလျှင်ဖြင့် ရေးစမ်းပါဘိ ထိုစာလွှာ (၄) သို့မဟုတ် ရဟန်းတော်များနှင့် အာဝါသမစ္ဆရိယ

(ကျွန်တော့်၏ စာဖတ်ပရိသတ်များအတွက် ရာဇာစိုး၊ ရန်ကုန် ရဲ့ အခြေအနေပေးလျှင်ဖြင့် ရေးစမ်းပါဘိ ထိုစာလွှာ အပိုင်း (၄)ကို တင်ဆက်ပေးလိုက်ပါတယ်။ အရင့်အရင် အပိုင်းတွေကို နောက် အလျဉ်းသင့်လျှင် ဖော်ပြပေးသွားပါမယ်။ ဒီအပိုင်း (၄)ကတော့ အားလုံးအတွက် ဖတ်သင့်ဖတ်ထိုက်တယ်လို့ ကျွန်တော် ယူဆမိလို့ပါ။)
`တိတ်ဆိတ်မှုသည် တစ်ခါတရံ ကြောက်စရာ အကောင်းဆုံးဖြစ်သည်´ထိုစကားကို ကြားဖူးနေတာ တော်တော်ကြာပြီ။ ဘာစကားလဲ၊ ဘာအဓိပ္ပါယ်လဲ အကောင်အထည်ဖော်လို့မရခဲ့ဘူး။ အခုမှ ရေးရေးလေး မြင်ယောာင်မိတယ်။ ဟုတ်တယ် လှုပ်မရလို့ လောလော ဆယ်ငြိမ်နေတာ၊ အကောင်းလို့ မထင်လိုက်လေနဲ့ လှုပ်လေမြှပ်လေဆိုပေမဲ့ ငြိမ်ငြိမ်နေလို့မရတော့ ဆက်လှုပ်နေရမှာပဲ။ ဒါကြောင့် ဒါဟာ ကြောက်စရာ အကောင်းဆုံး တိတ်ဆိတ်မှုပဲ။ ရှိစေတော့ ကျုပ်လဲ စာလေးဆက် တိုက်ရေးမယ် ကြံကာရှိသေး၊ မအားတာရယ်၊ အားသော်ငြား မီးကပုံမှန်မလာတာရယ်၊ နောက် ကွန်ပျူတာ အစုတ်လေးနဲ့ ရေးနေရင်း မော်နီတာက ရေခိုးရိုက်လို့ ဒေါင်းသွားတာရယ်၊ တော်တော်နဲ့ပြန်မပြင်ဖြစ်တာရယ် - စတာတွေကြောင့် အရေးကျဲသွားတယ်။


စာဖတ်ပရိတ်သတ်ဟာ အမိမြေမှာ နေထိုင်သွားဖူးသူတွေဖြစ်တာကြောင့် ကောင်းကောင်းသဘောပေါက်ပြီး နားလည်ခွင့် လွှတ်ပေးနိုင် လိမ့်မယ်လို့ ထင်ပါတယ်။ ဒီတစ်ခါတော့ အထူးအထွေးတော့ မဟုတ်ဘူး လမ်းပျောက်နေကြတဲ့ ရဟန်း သံဃာတော်များကို တွေ့နေသိ နေ၊ ကြားနေရတာကြောင့် ဒီအကြောင်းလေး ခေါင်းထဲရောက်လာတာနဲ့ ရေးလိုက်မိပါတယ်။

ကိုယ်ကလဲ ငြိမ်ငြိမ်မနေတတ်တော့ ရဟန်းတော်များနှင့် အသိမိတ်ဆွေလုပ်တော့ သူတို့အကြောင်းတွေ သိရတာပေါ့လေ။ ပြီးခဲ့တဲ့ စက်တင်ဘာပြီးချိန်ကစပြီး အခုချိန်ထိ ရန်ကုန်မြိုနဲ့အခြားမြို့ကြီးတော်တော်များများမှာ စာသင်တိုက်ကြီးတွေဟာ ဟိုယခင်ကလို စာအံသံ၊ စာချသံတွေက ကောင်းကောင်းမကြားရတော့ဘူးလေ။ တိတ်ဆိတ်ငြိမ်သက်နေတာတော့ အခုထိဘဲ ပေါ့။

လမ်းလျှောက်ရင်း လမ်းပျောက်သွားကြတဲ့ ရဟန်းသံဃာတော်များအဆိုအရကတော့ စက်တင်ဘာမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ ရဟန်းသံဃာတော်တွေကို တော်တော်များများမှာ မိမိတို့ လက်ရှိသီတင်းသုံး၊ စာသင်နေတဲ့ကျောင်းတွေမှာ နေလို့ မရဘူးတဲ့။ ကျောင်းထိုင်ဆရာတော်များဟာလဲ နိုင်ငံရေးလုပ်သူကို ပါရာဇိကကျတဲ့ ကိုယ်တော်လောက်တောင် အပြစ်ကျူးလွန်တယ် မှတ်ရ လောက်အောင် ဖိနှိပ်တာတို့၊ ချုပ်ခြယ်တာတို့၊ နှင်ထုတ်တာတို့ စတဲ့ပြစ်မှုတွေနဲ့ အရေးယူခဲ့ကြတယ်တဲ့။

အခုဆိုရင် စာသင်သား မရှိတဲ့ အခြားကျောင်းတိုက်ကလေးတွေကို သွားလျှောက်ပြီးနေတာတောင် တော်တော်များများက လက်မခံဘူး တဲ့လေ။ ရှိနေတဲ့ ကိုယ်တော်တွေကတော့ သူတို့ကတော့ မလုပ်ချင်ဘဲ လုပ်နေတဲ့သံဃာတော်တွေကို နားလည်မပေးနိုင်ဘဲ မစ္ဆရိယ တရားတွေ လွန်ကဲပြီး ငါ့ကျောင်းကိုများ လုမလား။ နိုင်ငံရေးလုပ်တဲ့ ကိုယ်တော်ကို လက်ခံလိုက်ရင်တော့ ရှိနေတဲ့ ကျောင်းလေးတောင် စွန့်ခွါသွားရတော့မှာဘဲ စသော အကြောက်အတွေး၊ (ဒီလို မကြောက်သင့်တာ ကြောက်နေကြလို့ နိုင်ငံတော်ကြီး လှုပ်လေမြုပ်လေ ဖြစ်နေတာလဲ ကြာပြီ)။ အယူအဆများဖြင့် စက်တင်ဘာမှာ ချီတက်ခဲ့ကြတဲ့ ကိုယ်တော်များများဟာ လမ်းလျှောက်ခဲ့လို့ လမ်းတွေ ပျောက်နေကြရတယ်ပေါ့။

နောက်တစ်ခုက စာသင်တိုက်များဟာ စာချတန်းပြီးတဲ့ ဓမ္မာစရိယဘွဲ့ရ သံဃာတော်များကို ဆက်လက်မထားချင်ကြဘူး။ ဘယ်နှစ်နှစ်နေပြီးရင် ထွက်သွားဆိုတဲ့အမိန့်တွေ၊ စည်းကမ်းတွေထုတ်ထားတာဟာ ဘုရားဟော သို့မဟုတ် ဘုရားလမ်းစဉ်နဲ့ ညီညွတ်ပါသလား။ ဒါတွေကိုတော့ နာမည်ကျော် ဆရာတော်ကြီးတွေနဲ့ တွေ့မှဘဲ လျှောက်ထားကြည့်လိုက်ဦးမယ်ပေါ့လေ။

စာချတန်းပြီးတဲ့ ကိုယ်တော်လေးတစ်ပါးပြောတာ သူလဲ စာချတန်းပြီးတာ တော်တော်ကြာပြီတဲ့၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဖြစ်နေတယ်တဲ့၊ အခြား ကိုယ်တော်တွေလို နိုင်ငံခြားထွက် ပညာတော်သင်သွားချင်တာတောင် ဒကာ၊ ဒကာမ မတောင့်လေတော့ မသွားနိုင်ဘူးတဲ့၊ အခုလက်ရှိကျောင်းကလည်း ထွက်ရမလိုလို ဘာမလိုလိုဖြစ်နေတာတဲ့၊ အခြားကျောင်း တွေသွားလျှောက်တော့ လည်း တူးတူးခါးခါး ငြင်းပယ်ကြတယ်တဲ့။ ခက်တာက ကျမ်းပြီးလို့နေရာ အတည်တကျ မရှိရင်တော့ အဲဒီကိုယ်တော်လေး အတွက် ကတော့ ကိုယ့်ရပ်ရွာ ပြန်ချင်ပြန် ဒါမှမဟုတ် ပြည်ပထွက် ပညာတော်သင်သွားနိုင်အောင် ကြိုးစား။ အဲဒီလိုမှ မဟုတ်ရင်တော့ ဘယ် ကျောင်းကမှ ကြည်ကြည်ဖြူဖြူ လက်မခံဘူးတဲ့လေ။

နောက်တစ်ခုက စာချတန်းလေး ပြီးသွားရင် လမ်းပျောက်သွားကြတဲ့ ကိုယ်တော်များဟာ မြန်မာနိုင်ငံမှာက အခြားသော နိုင်ငံတွေလို အဆင့်မြင့်ပညာတွေ ဆက်လက်သင်ကြားနိုင်တဲ့ နေရာဌာနက မရှိပြန်ဘူးတဲ့လေ။ ရှိတဲ့နေရာတွေကလဲ ရုပ်ရည်ကြည့်ရတာနဲ့၊ ဆယ်ဝါ ထက်လွန်လို့ လက်မခံနိုင်တာနဲ့ ဒီလိုနဲ့ သာသနာတော်ကနေ ရွေ့လျောပြီးတော့ လူဝတ်ချွတ်လိုက်ရတဲ့ ကိုယ်တော်တွေလည်း ဒုနဲ့ဒေး ရှိခဲ့ကြရပြန်တယ်တဲ့။

ဒါတွေကတော့ ရဟန်းတော်များသာ သိနိုင်တဲ့ ကိစ္စတွေပါဆိုလို့ ဒီလောက်ဘဲ သိခဲ့ရတော့တယ်။ အခု အဲဒီလို လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့၊ လမ်းပျောက်သွားကြတဲ့ ကိုယ်တော်တွေ အတွက်ဘယ်လို စဉ်းစားကြမလဲ။

ဒီလိုဆိုရင် စာချတန်းပြီးရင် ပြည်ပထွက် ပညာတော်သင်သွားရမှာလား၊ အကယ်၍ ပြည်ပကို မထွက်ခွါနိုင်ရင် လူဝတ်လဲရမှာ လား။ ဘာတွေက သူ့ကိုအာမခံနိုင်ပေးနိုင်မှာလဲ၊ သေချာတာ တစ်ခုကတော့ စာချတန်းပြီးရင်တော့ ကျောင်းတိုက်တော်တော် များများကတော့ လက်မခံချင်ကြဘူး ဆိုတာပဲ။ ထပ်လောင်ပြောရရင် ပြည်သူလူထု ကိုယ့်ဒကာ၊ ဒကာမတွေ ဆင်းရဲတွင်း နစ်နေတာကို လက်မခံနိုင်လို့ ကြိုးစားပြီး လုပ်တာကို နိုင်ငံရေးဆိုတဲ့ ပုဒ်မကြီးတွေနဲ့ တပ်ပြီး ပြစ်ဒဏ်ချမှတ်ခံရတာတွေဟာ ဒီနိုင်ငံမှာ တော်တော်များများ ရှိနေခဲ့တယ် မဟုတ်လား။

နောက်တစ်ခုက ဒီနိုင်ငံရဲ့ အုပ်ချုပ်တဲ့မင်းတွေရဲ့ ဥပဒေဆိုတာကလဲ လူတိုင်းသိတဲ့အတိုင်း နိုင်ငံရေးလောက် ပြစ်မှုကြီးတဲ့ အခြားပြစ်မှု မရှိနိုင်လောက်အောင်ကို နိုင်ငံရေးသမားတွေကို ဖိနှိပ်ချုပ်ခြယ်တယ်မဟုတ်လား။ ရဟန်းသံဃာတော်များ ဆိုလျှင် သာသနာညစ်နွမ်းမှု ပုဒ်မဆိုတာတွေတောင် ထပ်တပ်လိုက်ပြန်တော့ မခက်ချေဘူးလား။
အဲဒီလိုနဲ့ ၀ပ်ကျင်းထဲက မလွတ်မြောက်နိုင်ကြတဲ့ ရဟန်းသံဃာတော်တွေကို မေ့ပစ်ကြတော့မှာလား။ ဦးဂမ္ဘီရကို အခု တော်တော် မေ့နေကြပြန်ပြီ မဟုတ်လား။
ခက်တာက နိုင်ငံခြားသားတစ်ယောက် အပြောအရဆိုရလျှင် ခင်ဗျားတို့ နိုင်ငံဟာ ဒီမိုကရေစီနဲ့ မထိုက်တန်ပါဘူးဗျာတဲ့၊ တကယ်ပဲ ဒီမိုကရေစီနဲ့ မထိုက်တော့ဘူးလား၊ ရယူချင်လျှင်တော့ ပေးဆပ်ရမှာ ဓမ္မတာပဲပေါ့၊ ဒီတောဉာဏ်ကြီးရှင်များ အနေနဲ့ဆက်လက် တိုက်ပွဲဝင်ရင်း လမ်းပျောက်နေကြတဲ့ လူတွေကို သူ့ထိုက်နဲ့သူ့ကံခံပေါ့ ဆိုပြီး လျစ့်လျူရှုထားတော့မှာလား။

ဒါဆိုရင်တော့ ရွှေမြန်မာတွေဟာ တကယ့်ကို ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး ဖြစ်နေပြီပေါ့။ သေချာတာကို ထပ်ပြောရရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းတိုက်တော်တော်များများကတော့ စာချတန်းပြီးတဲ့ ကိုယ်တော်တွေကို လက်မခံချင်ကြဘူး ဆိုတာပဲ။

အဓိက ပစ်မှတ်ကတော့ လက်ရှိကျောင်းလေး စွန့်ခဲ့ရမှာရယ်၊ ကျောင်းလေးများ လုသွားမလားဆိုတာရယ်၊ နိုင်ငံရေးဆိုတာ ဘာသာရေးနဲ့မဆိုင်ဘူးဆိုတဲ့ အတွေးအခေါ်အသေတွေနဲ့ စဉ်းစားရင်း ကိုယ့်ကျောင်းက ရဟန်းတစ်ပါး ဒါမျိုးလုပ်နေရင် ငါလဲဘယ်နေ့အဖမ်းခံရမှာလဲ ဆိုတာတွေနဲ့ လေးလံပြီးတော့ လက်မခံချင်ကြတာတွေပေါ့။
သတ္တိရှိပါတယ်ဆိုတဲ့ ရွှေမြန်မာတွေဟာ `ငကြောက်မြန်မာတွေ´ ဖြစ်သွားကြပြီလား။
အဲဒီတော့ နိုင်ငံရေးဆိုတာ ဘာသာရေးနဲ့ဘာမှမဆိုင်ဘူး၊ ရဟန်းဆိုတာ ရဟန်းကိစ္စလုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဆက်လက်သွားနေဦးမယ်ဆိုရင်တော့ သာသနာတော်ဟာ သေသွားတော့မယ်။ ပျောက်ကွယ်တော့မယ်။ တကယ်မလုပ်သင့် ဘူးလား၊ မဆိုင်ဘူးလား ဆိုတာတွေကို ဆက်လက်စဉ်းစားကြည့်ကြရအောင်၊ ဘုရားပွင့်တယ်ဆိုတာ ဘာအတွက် ပွင့်ခဲ့တာလဲ၊ ဘုရားသာသနာ ဆိုတာကော ဘာအတွက် တည်ထောင်ခဲ့တာလဲ၊ ဘာကြောင့်၊ ဘယ်လို စည်းကမ်းတွေ ချမှတ်ထားခဲ့တာလဲ ဆိုတာတွေကို စဉ်းစားကြည့် ဖို့လိုတယ်ပေါ့။

အဲဒီတော့ လောကတ္ထစရိယံ၊ ဥာတတ္ထစရိယံ၊ ဗုဒ္ဓတ္ထစရိယံ-ဆိုပြီး စရိယသုံးပါးကို ဟောခဲ့တယ်။ ရတန သုတ်ပါဠိတော်မှာ ပါတယ်။ အဲဒီမှာ စဉ်းစားကြည့်….ပထမဆုံး လူမှုရေးလုပ်ငန်းအတွက် ဘုရားပွင့်တော်မူခဲ့တာ၊ နောက်တစ်ခု ဒုတိယအနေနဲ့လဲ လူမူရေး လုပ်ငန်းအတွက်ဘုရားပွင့်ခဲ့တာ၊ နောက်ဆုံး တတိယအနေနဲ့မှ ကိုယ်ကျိုးအတွက် ပွင့်ခဲ့တာ၊။

ခက်တာက ဒုန်းဝေးတဲ့ လူတွေကတော့ နိဗ္ဗာန်ကိုရအောင်လုပ်ဖို့ဆိုတာကြီးကိုဘဲ ကြည့်ပြီး လူမှုရေးလုပ်ငန်းဆိုတာကလဲ လောကုတ္တရာ နဲ့ဆိုင်တာတွေပဲ လုပ်ရမယ်လို့ ထင်နေကြတယ်။ ဒါဆိုရင် ဘုရားရှင်ဟာ အဘယ့်ကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး နောက်ဆုံးကုန်ကုန်ပြောရရင် အိမ်ထောင်ရေးအတွက် လုပ်ဆောင်ချက်တွေ ဘာဖြစ်လို့ ဟောခဲ့တာလဲ၊ ချမှတ်ခဲ့တာလဲ၊ စဉ်းစား ကြည့်ဖို့ကို ပြောတာပါ။

နောက်တစ်ခုစဉ်းစားကြည့်မယ်၊ ဘုရားရှင်ဟာ ဘာကြောင့် ဘယ်လိုစည်းကမ်းတွေ ချမှတ်ခဲ့တာလဲ စဉ်းစားကြည့်ပါ၊ အဓိကကတော့ ရဟန်းသံဃာတော်တွေအနေနဲ့ လိုက်နာရမဲ့ ၀ိနည်း ဥပဒေသတွေကို ဘာကြောင့် ဘယ်လို ပညတ်ခဲ့ရတာလဲ။ (၀ိနည်း ဥပဒေသထဲမှာ နိုင်ငံရေးမလုပ်နဲ့လို့ ပညတ်ထားခဲ့တဲ့ သိက္ခာပုဒ်ရှိသလား)

ထားလိုက်၊ မြက်ပင်လေးနင်းမိတာ အခုလက်ရှိ လောကီလူသားတွေ မျက်စေ့နဲ့ကြည့်လိုက်ပါ။ အပြစ်ရှိသလား။ မြေလေးတူးမိတာကော အပြစ်ရှိသလားလို့ စဉ်းစားမိလိုက်စမ်းပါ။ ဒါပေမဲ့ ဘုရားရှင်ဟာ အဲဒီသိက္ခာပုဒ်တွေ ပညတ်ခဲ့တယ်။ ကျုးလွန်မိရင် ပါစိတ်အာပါတ် သင့်စေ- ဆိုတာမျိုးတွေပေါ့။ အဲဒီတော့ လောက၀ဇ္ဇ(လောကအပြစ်)အနေနဲ့ အပြစ်မကြီးကျယ်ဘူးဆိုတာ လူတိုင်းလက်ခံနိုင်လိမ့်မယ်လို့ ယုံကြည့်မိပါတယ်။ ဒါဆိုရင် ဘာကြောင့် ပညတ်ခဲ့ရတာလဲ။

အဓိကကတော့ လူသားတွေအတွက် ပညတ်ခဲ့တာပါပဲ။ လူသားတွေက ရဟန်းသံဃာတွေဟာ ဒါမျိုးတွေလုပ်တာ မသင့်တော်ဘူး ၊ ဘာညာစသဖြင့် ရှုတ်ချမယ်၊ ကဲ့ရဲ့မယ်။ အပြစ်တင်မယ်။ (အဲဒီခေတ်လူတွေက သစ်ပင်မှာ အသက်ရှိတယ်။ မသတ်သင့်ဘူးလို့ ယူဆကြတယ်)။ ဝေဖန်မယ်ဆိုရင် ဝေဖန်တဲ့ လူတွေမှာ နေရင်းထိုင်ရင်း အပြစ်တွေ ဖြစ်မယ်။ ပြစ်မှားခံရသူ ရဟန်းတော်က ရဟန္တာစသည့် အရိယာတွေဖြစ်နေရင် ပြစ်မှားသူဟာ ငရဲတောင် ကျသွားနိုင်တယ်။ ဘုရားရှင်က ဒီလို အနေအထားတွေကို မြင်တော်မူတဲ့အတွက် လူတွေ ငရဲမကျရအောင်၊ အပြစ်မဖြစ်အောင် ဒီလို အသေးအဖွဲလေးတွေကို ပညတ်ပေးခဲ့တာ။ ဘုရားရှင်က သူ့တပည့်သားတွေကို လူတွေကို ငဲ့ညှာစေသောအားဖြင့် မလုပ်ကြဖို့ ပညတ်ခဲ့တာပေါ့။

အဲဒီတော့ စဉ်းစားကြည့် အကယ်၍ သက်ရှိထင်ရှား ဘုရားရှင်ရှိခဲ့မယ်ဆိုရင် နောက်တစ်ခုကလည်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့လူက အခုလို ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ခြယ်မယ်ဆိုရင် နောက်တစ်ခုကလဲ နိုင်ငံကလည်း အခုလို ဆင်းရဲမွဲတေနေမယ်ဆိုရင်၊ နောက်တစ်ခုကလည်း ရဟန်းသံဃာတော်များအနေနဲ့ကလဲ ပြည်သူလူထုကိုမှီတင်းပြီး အခုလို ဆွမ်းကွမ်းစတာတွေကို မှီခိုနေရမယ် ဆိုရင်၊ ပြည်သူလူထုအနေနဲ့ တိုင်းပြည် အုပ်ချုပ်မင်းလုပ်တဲ့လူကလဲ သူတို့အပေါ်အခုလို မကောင်းဘဲ ဖိနှိပ်ချုပ်ခြယ်ပြီး နိုင်လိုမင်းထက် လုပ်သူတွေကို မလိုလားဘူးဆိုပြီ ဆူပူနေမယ်၊ လမ်းပေါ်ထွက်အော်နေမယ်ဆိုရင် အဲဒါကိုလည်း ရဟန်းသံဃာတော်များက ကိုယ်နဲ့မဆိုင်သလို ကိုယ့်စာကိုကျက်နေမယ်၊ ကိုယ့်တရားသာအားထုတ်နေမယ်၊ သို့မဟုတ် ပြည်သူလူထု အခုလို လမ်းပေါ်ထွက်တာကို လက်ပိုက်ကြည့်နေမယ်ဆိုရင်၊
အဲဒါကို မကျေနပ်တဲ့ ပြည်သူလူထုအနေနဲ့ကလဲ ဒီရဟန်းတွေဖြင့် သူ့တို့အတွက် ဦးဦးဖျားဖျား ဟိုဟာလေး လှူလိုက်ရ၊ ဒီဟာလေး လှူလိုက်ရ သူတို့ကတော့ ဒါမျိုးကို ကိုယ်နဲ့မဆိုင်သလို ကြည့်နေနိုင်ရက်တယ် စသဖြင့် ကဲ့ရဲ့ဝေဖန်သံတွေ ကြားခဲ့ရမယ်ဆိုရင်၊ ဘုရားရှင်ဟာလည်း ထိုအသံကိုကြားနေခဲ့ပြီး ဘာမှဆက်မလုပ်ဘူးလို့ ထင်နေပါသလား။
မိမိတို့ကတော့ ဘုရားရှင်ကို ယုံကြည်သူပီပီ ထိုကဲ့သို့ကြုံတွေ့ခဲ့မည်ဆိုလျှင် ပြည်သူလူထုတွေအတွက် လမ်းပေါ်ထွက် ပရိတ်ရွတ်စေ၊ အကယ်၍ မရွတ်လျှင် အာပါတ်သင့်စေလို့ ၀ိနည်း ဥပဒေသကို ပညတ်ခဲ့လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ဆောင်ရွက်စေမှာ အသေအချာ ယုံကြည်တယ်။

နောက်ဆုံးပြောချင်တာကတော့ ပရိတ်ရွတ်လို့ ခြေရာလည်းပျောက်၊ ရေလည်းနောက် ဖြစ်နေကြရတဲ့ ပရိတ်ရွတ်တာလောက်နဲ့ ကျောင်း တိုက်ကနှင်ထုတ်ခြင်းဟာ ဘုရားလမ်းစဉ်နဲ့ ညီညွတ်ပါသလား၊ နောက်တစ်ခုက စာချတန်းပြီးရင် ဘယ်နှစ်နှစ်ပဲ ပြီးရင်ကျောင်းကထွက် သွားစသော စည်းကမ်းဥပေဒသများသည် ဘုရားရှင်ချမှတ်ခဲ့သော ၀ိနည်းနဲ့ ညီညွတ်ပါသလား၊ သို့မဟုတ်ရင် ဘုရားရှင် လျှောက်သွားခဲ့ သော လမ်းစဉ်များနဲ့ ညီညွတ်ပါသလား စဉ်းစားကြည့်စေချင်ပါတယ်။ အကယ်၍ မညီညွတ်ဘူးဆိုလျှင် ဘုရားသာသနာတော်မှာ ဘုရားကို မှီခိုပြီးတော့ ကြီးပွားနေတာဟာ တစ်ဦင်္းတစ်ယောက်ကောင်းဖို့ လောက်ကိုပဲ အားထုတ်နေတော့မှာလား ။

ဒီလို ဆိုရင်တော့ လမ်လျှောက်ခဲ့လို့ လမ်းပျောက်နေကြရတဲ့ ကိုယ်တော်လေးတွေဟာ သူထိုက်နဲ့သူကံ ခံကြရုံပဲ ဥပေက္ခာပြု ကျဉ် ထားခဲ့ဦးမှာလား။
မြန်မာနိုင်ငံမှာ သာသနာကြီးပွားစေချင်ရင်တော့ လုပ်နိုင်တဲ့ကိုယ်တော်လေးတွေ များစွာရှိပါတယ်။ သူတို့ကိုဘယ်လိုနေရာပေးနိုင်ကြမ လဲ၊ နောက်တစ်ခုက လုပ်နိုင်တဲ့ကိုယ်တော်လေးများအနေနဲ့ ပြည်ပကိုထွက်ခွါနေရတာဟာ မြန်မာနိုင်ငံအတွက်၊ သို့မဟုတ် သာသနာ တော်အတွက် ဘယ်လောက် နစ်နာနေပါသလဲ ၀ိုင်းဝန်းပြီး အဖြေရှာစေချင်ပါတယ်။

ကျွန်တော်ဟာ ဒီစာကို ရေးရတာဟာ အမိမြန်မာနိုင်ငံကို ချစ်လို့၊ ကိုယ် ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာသာသနာကို ချစ်လို့ရေးတယ်ဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်နေထိုင်နေရတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီလို အခြေအနေတွေမှာ ကျွန်တော်ဟာ တစ်ရက်ကလေးမှ စိတ်မချမ်းသာပါဘူး။

ဒီစာကို န.အ.ဖ နောက်လိုက်တွေလဲ သိစေချင်တယ်။ ဘာမှ နားမလည်ပဲ ရဟန်းတော်တွေကို တောထဲပို့ပေးနေတဲ့ န.အ.ဖ နောက်လိုက် နလပိန်းတုံးလေးတွေကိုလဲ သိစေချင်တယ်။ ကိုယ်နဲ့မဆိုင်သလို ဘေးထိုင်ဘုပြောနေတဲ့ လူတွေကိုလဲ သိစေချင်တယ်။ လူတွေကိုရော၊ ကျွန်တော်တို့ ကိုးကွယ်နေတဲ့ ရဟန်းတော်တွေကိုလဲ သိစေချင်တယ်။ ရင်ထဲမှာ နာကျင်လွန်းလို့၊ ခံစားရလွန်းလို့ ရေးလိုက်တာ။

ရာဇာစိုး၊ ရန်ကုန်။
၂၄၊ ၀၇၊ ၂၀၀၈

အပြည့်အစုံဖတ်ရန်...

Saturday, July 19, 2008

အာဇာနည်နေ့ အမှတ်တရ

သူငယ်ချင်းတွေက မေးလာတယ်။ `ဇူလိုင် ၁၉´အတွက် စာမရေးတော့ဘူးလား´တဲ့။ စိတ်ကူးထဲမှာ ဘာရေးရယ်ဆိုတဲ့ အကောင်အထည်က မရှိဘူး။ ရေးချင်တဲ့စိတ်နဲ့ ကွန်ပြူတာရှေ့ထိုင်လိုက်တာနဲ့ အာရုံတွေက ၀ါးသွားတယ်။ အာဇာနည်တွေရဲ့အကြောင်းက တွေးရုံနဲ့ ရင်ထဲမှာ ဆို့နင့်လာတယ်။ အာဇာနည်တွေ အကြောင်း ကို ကျွန်တော့်ရင်ဘက်က အတွေးမခံဘူး။ မျက်ရည်တွေပဲ ဝေ့ဝေ့လာတယ်။ ၁၉၄၇-ခုနှစ်၊ ၇-လပိုင်း၊ ၁၉-ရက်နေ့၊ ၁၀-နာရီ ၄၇-မိနစ်က စပြီး ပြည်သူတွေ ငိုကြွေးလာခဲ့ကြရတာ။ ယနေ့အချိန်ထိ အာဇာနည်တွေ ဖောက်ခဲ့တဲ့လမ်းကနေ ငါတို့တွေ မလျှောက်လှမ်းကြရသေးဘူး။ ပြည်သူတွေ လျှောက်လှမ်းခွင့် မကြုံသေးဘူး။ အဲဒါတွေပါ ထည့်တွက်လိုက်တော့ အာဇာနည်နေ့မှာ မျက်ရည်တွေ တိုးလာခဲ့ရတယ်။


အာဇာနည်နေ့။ ဒီနေ့ဟာ တစ်တိုင်းပြည်လုံး ငိုကြွေးခဲ့ရတဲ့နေ့။ ကြေကွဲခဲ့ရတဲ့နေ့။ အိမ်မက်တွေ ပျောက် ဆုံးခဲ့ရတဲ့နေ့။ လက်ထဲရောက်လာတဲ့ ကောင်းကင်ဘုံကို ပုတ်ချခံခဲ့ရတဲ့နေ့။ ……နေ့။ ဒီနေ့ကို စာဖွဲ့ဖို့ စဉ်းစား ကြည့်တော့ သေနတ်ဒဏ်ရာတွေ ဗရဗွနဲ့ သွေးအိုင်ထဲ လဲနေတဲ့ အာဇာနည်များကို မြင်ယောင်တယ်။ လူယုတ် မာသေနတ်သမားကို လက်ကလေး ကာနေတဲ့ ငါတို့ရဲ့နိုင်ငံရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို မြင်ယောင် လာတယ်။

အာဏာရူး ငစောဟာ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို သတ်ရင် သူဘုရင်ဖြစ်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ယုတ်မာစွာ အပြတ်ရှင်းခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အာဇာနည်တွေဟာ သတ်ရုံနဲ့သေမယ့်သူတွေ မဟုတ်ဘူးဆိုတာ ငစော ညာဏ်မမီခဲ့ဘူး။ ဗိုလ်ချုပ်မသေသေးပါဘူး။ ယနေ့အချိန်မှာတောင် သူ့စကားတွေက ရှင်သန်ခန့်ခန့် တည်နေသေးတယ်။



လာပြန်ပြီ။ အာဏာရူးတွေ။ ကလိမ်ကကျစ်ညာဏ်တွေနဲ့ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို သတ်ဖို့ ကြိုးစား နေပြန်ပြီ။ ဗိုလ်ချုပ်နဲ့အာဇာနည်တွေဟာ သတ်ရုံနဲ့သေမယ့်သူတွေ မဟုတ်ဘူးဆိုတာ ငသန်းရွှေတို့၊ ငမောင် အေးတို့လဲ သိကြပုံမပေါ်ဘူး။ သူတို့လဲ ငစောလမ်းစဉ်အတိုင်း နိဂုံးချုပ်ချင်ကြပြီနဲ့ တူပါတယ်။

`ကျွန်တော့်အမြင်အရတော့ မြန်မာတွေ ဗိုလ်ချုပ်ကို လေးစားတာဟာ လေးစားမှုအဆင့်ထက်ပိုပြီး ကိုးကွယ်မှုအဆင့်တောင် ရောက်နေပြီလား အောက်မေ့ရတယ်´။ နိုင်ငံခြားက ဆရာကြီးတစ်ယောက် သုံးသပ် ပြခဲ့တာပါ။ ဘယ်လောက်ထိတောင် သူဟာ လေးစားဖွယ်ကောင်းခဲ့သလဲ။ ကြည်ညိုဖွယ်ကောင်းခဲ့သလဲ။ ဗိုလ် ချုပ် ပြောသွားတဲ့စကားလေးအနည်းငယ်ကို ဖတ်ရုံမျှနဲ့ သိနိုင်ပါတယ်။ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန် တော့်မှတ်စုထဲက ဗိုလ်ချုပ်စကားလေးတွေကို ဝေငှလိုက်ပါတယ်။

“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”

“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။”

ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။”

နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”

တင်ပြသူ

လွင်ပြင်ရိုင်း

19, 07, 2008

အပြည့်အစုံဖတ်ရန်...

Friday, July 18, 2008

စာဖတ်သူများအား အသိပေးခြင်း သို့မဟုတ် ဆန္ဒမပါသော ဘ၀ခရီး

ကျွန်တော်ဟာ ကျွန်တော့်ဘလော့လေးကို အရမ်းတန်ဖိုးထားပြီး လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော့် ရင်ထဲရှိတဲ့အတိုင်း ပြောရရင် “အမှန်တရားအတွက်” ကျွန်တော် တိုက်ပွဲဝင်နေတာပါ။ ကျွန်တော် လုပ်ခဲ့တဲ့အရာတွေဟာ၊ ကျွန်တော်ပေးခဲ့တဲ့ မက်ဆေ့တွေဟာ စာဖတ်သူအတွက် အကျိုးရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော်ကတော့ အမိတိုင်းပြည်လွတ်မြောက်ရေးအတွက် ကြီးကြီးမားမား မဟုတ်ခဲ့ရင်တောင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ထမ်းဆောင်နေရပါလားဆိုတဲ့ အသိနဲ့ ပီတိတွေ စားခဲ့ရပါတယ်။
တစ်ခါတစ်လေ ဘ၀ဆိုတာ (အားလုံးသိကြတဲ့အတိုင်းပါပဲ) ဆန္ဒများနဲ့ မောင်းနှင်နေရပေမယ့် ဆန္ဒအားလုံးအတွက်တော့ အဆင်သင့် မဖြစ်နိုင်ခဲ့လေဘူး။ ကျွန်တော်ပြောချင်တာက ဆန္ဒနဲ့ဘ၀ ထပ်တူမကျလို့ ခံစားရတဲ့ ဝေဒနာသည်(သယ်)တွေထဲမှာ ကျွန်တော်လဲ ပါသွားခဲ့ပါပြီ။


စာဖတ်သူများ ဒီစာကို ဖတ်နေရတဲ့အချိန်မှာ ကျွန်တော်ဟာ ကျွန်တော်ချစ်တဲ့ အမိတိုင်းပြည်နဲ့ ကမ္ဘာခြားတဲ့ တိုင်းပြည်တစ်ခုကို ရောက်လို့နေခဲ့ပါပြီ။ အမေရိကကို ကျွန်တော်က အလည်အဖြစ် လောက်သာ သွားချင်ခဲ့တာ။ အခုလို အလုပ်တွေ ဘာတွေ မလုပ်ချင်ဘူး။ ကျွန်တော်လုပ်ချင်တာက အမိတိုင်းပြည်အတွက် တိုက်ရိုက်အကျိုးသက်ရောက်စေမယ့် အလုပ်တွေပါ။ အခုတော့ မိသားစု အတွက် ကျွန်တော် အလုပ်လုပ်ရတော့မယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ဟာ တိုင်းပြည်အတွက် အကျိုးရှိနိုင်မယ့် တစ်ထောင့်တစ်နေရာကနေ အချိန်ပြည့် ပေးဆပ်ချင်ပါတယ်။ ဒါပေမယ့် အိပ်မက် တွေက တကယ်ဖြစ်မလာခဲ့ပါဘူး။
မြန်မာကနေ မလေးရှားကို ရောက်တုန်းက အချိန်ကို ပြန်အမှတ်ရမိတယ်။ တောသားမြို့ရောက်သလို မမြင်စဖူးအထူးအဆန်း တွေချည်းပဲ။ အခု အမေရိကန်ကိုရောက်တော့ လေဆိပ်ကြီးမှာတင် ကျွန်တော် အံ့သြမင်သက်နေခဲ့တယ်။ တိုးတက်တဲ့တိုင်း ပြည်ကြီးကို ရောက်နေတော့ “အမိတိုင်းပြည်”ကို အမှတ်ရမိတာပေါ့။ လွမ်းဆွတ်မိတာပေါ့။ “ဒီလို တိုးတက်တဲ့အခြေအနေတွေကို ငါတို့တွေ မမျှော်မှန်းနိုင်တော့ဘူးလား”။ ရင်ထဲမှာ မေးခွန်းလေးတစ်ခု က ပဲ့တင်ထပ်လာခဲ့တယ်။ ဒါပေမယ့် မိသားစုအတွက် အချိန်ပေးနှစ်မြှုပ်ရတော့မယ့် ကျွန်တော့် အတွက် ရလဒ်က “သက်ပြင်း”တွေပဲ။
ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်တဲ့ စာဖတ်သူများ၊ ဘော်ဒါများအားလုံးကို ကျွန် တော်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ တိုင်းပြည်အတွက် ဒီလိုအရေးကြီးနေတဲ့ အချိန်မှာ မိသားစုအရေးနဲ့ ရှောင်ခွါထွက်ပြေးသူလို့ ကင်ပွန်းတပ်ခဲ့ရင်လဲ ကျွန်တော် ကျေနပ်စွာ ခံယူပါ့မယ်။ ဘ၀ပေးအခြေအနေကြောင့် အခုလို ထွက်သွားရပေမယ့် အမေရိက,ကနေ တတ်နိုင်သ လောက် တိုင်းပြည်အတွက် အခွင့်သင့်တိုင်း ပါဝင်ဆောင်ရွက်နေမယ်ဆိုတာတော့ ကျွန်တော်အာမခံရဲ ပါတယ်။
အခုလိုတွေ ပြောနေတော့ ဒီဘလော့ကို လုံးဝရပ်ဆိုင်းပစ်တော့မှာလို့ မေးချင်သူတွေ ရှိပါ လိမ့်မယ်။ ဘလော့ကတော့ ရပ်မပစ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေ ဆက်လက်ရေးသားကြပါအုံး မယ်။ ကျွန်တော်လဲ အလုပ်အားတဲ့အချိန် အခွင့်သင့်ရင် ပို့စ်အသစ်လေးတွေ တင်ပါမယ်။ ဆက်လက် ပြီးလဲ အားပေးကြပါအုံးလို့ ပြောချင်ပါတယ်။ အလုပ်အကိုင်အဆင်မပြေဖြစ်ခဲ့ရင်လဲ ပြန်လာခဲ့တာ ပေါ့ဗျာ။ ဒါမှမဟုတ် အမိတိုင်းပြည် လွတ်လပ်လို့ တရားမျှတတဲ့ခေါင်းဆောင်တွေ တက်လာရင်တော့ ကျွန်တော်ဘာပဲဖြစ်ဖြစ် အမေ့ဆီကို ပြန်ပြေးမိပါလိမ့်မယ်။
သံယောဇဉ်အနှောင်အဖွဲ့တွေကို ဖြတ်တောက်၊ ငွေကြေးကို မခင်တွယ်၊ ရာထူးကို မမက်မော၊ ဘ၀တစ်ခုလုံးကို အမိမြေအတွက် ထာဝရအပ်နှံထားတဲ့ တိုက်ပွဲဝင်ပုဂ္ဂိုလ်အားလုံးကို ကျွန်တော် လေးစားဦးညွှတ်လျှက်ပါ။ ကျွန်တော်လဲ အမေရိကကိုရောက်လို့ အလုပ်တွေလုပ်နေရပေမယ့် တတ် စွမ်းသရွေ့တော့ တိုက်ပွဲဝင်နေအုံးမှာပါ။
နံနက်ခင်းက နှင်းတွေ ဖွေးဖွေးလှုပ်လို့။ သစ်ပင်သစ်ရွက်တွေမှာ နှင်းစက်တွေက တွဲရရွဲ ကျနေတယ်။ အမှတ်တမဲ့ စိတ်ကို ပြန်ငဲ့ကြည့်တော့ ကျွန်တော့်ရင်ဘက်မှာ အမိတိုင်းပြည်က ငိုလို့။ နှင်းစက်လေးတွေ တွဲနေသလို ကျွန်တော့်မျက်လုံးမှာ မျက်ရည်တွေ။ ဆန္ဒမပါတဲ့ ဘ၀ခရီးမှာ ပန်းတွေက မဝေဆာနိုင်ခဲ့လေဘူး။ ။

အားလုံးကို လေးစားလျှက်
မျိုးမြင့်အောင်
6, 06, 2008

အပြည့်အစုံဖတ်ရန်...

Monday, July 7, 2008

အထိန်းသိမ်းခံ ဘလော့ဂါ နေဘုန်းလတ် ပုဒ်မ ၅ ည ပြောင်းခံရ၊ စုစုနွေး တိုက်ပိတ်ခံရ

VOA သတင်းဌါန

မြန်မာနိုင်ငံက အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကို
ဗွီဒီယိုအက်ဥပဒေနဲ့ ပုဒ်မတပ် ဖမ်းဆီးစွဲဆိုထားရာက နိုင်ငံရေးပုဒ်မ ၅(ည) နဲ့ ပုဒ်မ
ပြောင်းလိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်း
ပြီး တင်ပြပေးထားပါတယ်။

အင်းစိန်ထောင်မှာ ဒီနေ့မနက် ကိုနေဘုန်းလတ်မိခင်က ထောင်ဝင်စာသွားတွေ့တဲ့အခါ
အရင်စွဲဆိုထားတဲ့ ပုဒ်မ ၃၂(ခ) လို့ခေါ်တဲ့ ဗွီဒီယိုအက်ဥပဒေကနေ နိုင်ငံရေးပုဒ်မဖြစ်တဲ့
၅(ည) နဲ့ ပုဒ်မပြောင်းလိုက်တယ်ဆိုတာ ကိုနေဘုန်းလတ်က ပြောပြခဲ့တယ်လို့ မိခင်
ဒေါ်အေးသန်းက ပြောပြပါတယ်။

"ဒီနေ့ အန်တီတို့ ထောင်ဝင်စာသွားတွေ့တော့ သူက ၂ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က အရေး
ပေါ်စီမံချက်ပုဒ်မ ၅(ည) နဲ့ ပုဒ်မပြောင်းလိုက်တယ်လို့ပြောတယ်။ အရင်က ပုဒ်မ ၃၂(ခ)
ပေါ့။ အဲဒါ အမေတို့ သိပြီးပြီလားဆိုတော့ မသိရသေးဘူးလို့ ပြောလိုက်တော့ အဲဒါဆို
သူ့ရှေ့နေကို ပြောပေးပါလို့ ပြောတယ်။"

ပြီးခဲ့တဲ့အပတ်တွေကတည်းက ကိုနေဘုန်းလတ်မှာ မျက်စိဝေဒနာ ခံစားနေရပြီး ဒီနေ့
တွေ့တဲ့အခါ သူ့ရဲ့ မျက်စိအခြေအနေက ပိုဆိုးနေတာကို တွေ့ရတယ်၊ ဒါပေမယ့် အခု
အချိန်အထိ ဆေးဝါးကုသခွင့် မရသေးတဲ့အတွက် မိခင်ရဲ့သောကကိုလည်း အခုလို
ပြောပြပါတယ်။

"သူက လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက မျက်စိမကောင်းဘူးပေါ့။ နဂိုကတည်းက
မျက်မှန်တပ်ထားရတာ။ အခု မျက်စိက ပုတ်ခတ်ပုတ်ခတ်ဖြစ်ပြီး ညဘက်ဆိုရင်
ဘယ်ဘက်မျက်လုံးက မျက်ရည်ကျတယ်တဲ့။ စာလည်း အဖတ်များတာကိုး။ ဆရာဝန်ကို
တွေ့ဖို့၊ ကုသဖို့ပြောတော့လည်း အထူးကုတွေက မလာဘူးပေါ့။ အဲဒီကတည်းက အန်တီ
တို့ ဆရာဝန်နဲ့ ကုသခွင့်ပေးဖို့ သက်ဆိုင်ရာကိုတော့ နည်းနည်းပါးပါး ပြောထားတာပေါ့၊
အောက်ခြေ၀န်ထမ်းတွေကိုပေါ့။ လူတကိုယ်မှာ မျက်လုံးက အရေးအကြီးဆုံးပဲဆိုတော့
မျက်လုံးထိခိုက်မှာတော့ အန်တီက စိုးရိမ်တယ်။

"ပြီးတော့ ထောင်ရာဇ၀င် သမိုင်းမှာလည်း ရှိခဲ့ဖူးပါတယ်။ မျက်လုံးနဲ့ပတ်သက်ပြီး
ထောင်ထဲမှာ မျက်ကြောသေသွားတာတို့၊ မျက်စိအမြင်အာရုံ မကြည်လင်တော့တာတို့
အဲဒါမျိုးတွေ ရှိခဲ့ဖူးတော့ အန်တီ့သားကိုတော့ အဲဒီလိုဖြစ်မှာ စိုးရိမ်တယ်။ သူတို့
ခေါ်သွားတဲ့အချိန်တုန်းက တကယ့် ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်းနဲ့ ခေါ်သွားတာ။
အဓိက မျက်စိဝေဒနာ ခံစားနေရပြီဆိုတော့ အန်တီ့အနေနဲ့တော့ စိုးရိမ်တာပေါ့။"

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီ ၂၉ ရက်နေ့ကတည်းက သူ့ရဲ့ ဘလော့ဂါ
စာမျက်နှာတွေအတွက် မေးမြန်းစရာရှိတယ်ဆိုပြီး အာဏာပိုင်တွေက ခေါ်သွားခဲ့တာပါ။
ဖမ်းပြီး နှစ်ပတ်အကြာ အင်းစိန်ထောင်မှာ မိသားစုတွေနဲ့ အပတ်စဉ် တနင်္လာနေ့တိုင်း
ထောင်ဝင်စာတွေ့ခွင့်ရတယ် ဆိုပေမယ့် သူ့အတွက်ငှားထားတဲ့ ရှေ့နေနဲ့ တွေ့ခွင့်ပေး
တာမျိုး၊ ရုံးထုတ်စစ်ဆေးတာမျိုးကိုလည်း တခါမှ မလုပ်သေးဘဲ အခုတော့ စွဲဆိုထား
တဲ့ပုဒ်မ ပြောင်းလိုက်တာဖြစ်တယ်လို့ ကိုနေဘုန်းလတ်မိခင် ဒေါ်အေးသန်းက
ဆက်ပြောပြပါတယ်။

"သူတို့သိချင်တာတွေ၊ ဘလော့ကိစ္စတွေ ဒီကြားထဲမှာ ထပ်ပြီး မေးတာမြန်းတာတွေ
ရှိတယ်၊ လွန်ခဲ့တဲ့တလလောက်က။ အခု ငါးလလည်းကျော်လာပြီ။ အဲဒီကျော်လာတဲ့
အချိန်ကျတော့မှ ဒီလို ပုဒ်မပြောင်းတပ်လိုက်တယ်ဆိုတော့ သူတို့ အပြစ်လိုက်ရှာပြီး
ပုဒ်မတခုပြီးတခု ပြောင်းတပ်တဲ့သဘောမျိုး ဖြစ်နေတာပေါ့။ မိဘအနေနဲ့တော့ စိုးရိမ်
တာပေါ့။

"ဘာဖြစ်လို့လဲဆိုတော့ လူတယောက်ကို ဒီပုဒ်မနဲ့ပဲသွားတယ်ဆိုလည်း တမျိုး။ အခု
တော့ ပုဒ်မက တမျိုးပြီးတမျိုး။ ဒါပေမယ့် သူတယောက်တည်းတော့ မဟုတ်ဘူးပေါ့။
ကျန်တဲ့လူတွေလည်း အကုန်လုံး ဒီလိုပဲ ပုဒ်မပြောင်းတယ်ဆိုတာတော့ ရှိတာပေါ့။
ဒါပေမယ့် သူတို့ပြောတော့ ပထမ နိုင်ငံရေးနဲ့ဖမ်းထားတာ ၅(ည) တွေဘာတွေ မရှိဘူး
ဆိုပြီး အခုတော့ ၅(ည) ကို တပ်လိုက်တယ်ဆိုတော့ ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ
အန်တီတို့လည်း စဉ်းစားလို့မရဘူး ဖြစ်နေတာပေါ့။"
ကိုနေဘုန်းလတ်မိခင် ဒေါ်အေးသန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားတဲ့ အမျိုးသမီးတဦးအဖြစ် လူသိများတဲ့ မစုစုနွေးကို ပြီးခဲ့တဲ့
စနေနေ့ ဇူလိုင်လ ၅ ရက်နေ့ကတည်းက နောက်နှစ်ပတ်တိတိ တိုက်ပိတ်ထားမယ်လို့
သိရတယ်လို့ ဒီနေ့ ထောင်ဝင်စာသွားတွေ့တဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အခု မစုစုနွေးကို ထောင်ဝင်စာပိတ်ထားသလို ဒီနေ့ရုံးချိန်းမှာ မစုစုနွေးကို သူ့မိသား
စုဝင်တွေက တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုနဲ့နီးစပ်တဲ့ အန်န်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်
တဦးက ပြောပါတယ်။

"မစုစုနွေးနေတဲ့ထောင်မှာ တလတကြိမ် ရှာဖွေသိမ်းဆည်းတဲ့အလုပ် လုပ်တယ်။
ထောင်ဝန်ထမ်းတွေက လုပ်ရတာပေါ့။ အဲလိုလုပ်တဲ့အချိန်မှာ ထောင်ဝန်ထမ်းတွေက
မစုစုနွေးအခန်းကို ရှင်းပြီးတော့ စည်းကမ်းမရှိဘူး၊ စနစ်မရှိဘူး၊ ပွတယ်ဆိုပြီးပြော
တယ်။ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောတယ်။ အဲတော့ မစုစုနွေးကလည်း ရင်ထဲမှာ ခံစား
ချက်ရှိတဲ့အခါကျတော့ သူကလည်း ပြန်ပြောတယ်။ အဲလိုပြန်ပြောတဲ့အတွက်
၅-၇-၂၀၀၈ နေ့ကတည်းက တိုက်ပိတ်ခံလိုက်ရတယ်။ အဲဒီအတွက် ထောင်ဝင်စာပို့ခွင့်
ရော၊ မိသားစုနဲ့တွေ့ခွင့်ရော မရဘူး။ ဒီနေ့ ၇-၇-၂၀၀၈ ရုံးချိန်းမှာလည်း မစုစုနွေးမိသား
စုက သွားတွေ့တော့လည်း မတွေ့ခဲ့ရဘူး။"

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကပဲ အကျဉ်းထောင်ထဲမှာ အာဏာပိုင်တွေကို အကျဉ်း
တံခါးဖွင့်ပေးဖို့ကိစ္စ တောင်းဆိုရင်း မစုစုနွေးနဲ့ အာဏာပိုင်တွေနဲ့ အချင်းများခဲ့ရာက
မစုစုနွေးက တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး ဆန္ဒပြခဲ့ပါတယ်။ ၁၅ မိနစ်ကြာလောက် မူးမေ့
လဲခဲ့ပြီး ခေါင်းမှာလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မစုစုနွေးကို ၂၀၀၇ ခုနှစ် သြဂုတ်လကတည်းက ဖမ်းသွားတာဖြစ်ပြီး သူဟာ သွေးအား
နည်းတဲ့ရောဂါနဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် မိသားစုအနေနဲ့ အခုလို တိုက်ပိတ်
ခံထားရတဲ့အပေါ်မှာ စိုးရိမ်မိကြောင်းလည်း ဆက်ပြောပြပါတယ်။

“ကြော်ငြာသင်ပုန်းမှာ မစုစုနွေးကို ၁၄ ရက် တိုက်ပိတ်ထားတယ်ဆိုပြီးတော့ စာချိတ်
ထားတယ်။ မိသားစုတွေက ထောင်ဝန်ထမ်းတွေကို သွားမေးတော့ သူတို့က စာထွက်
ပြီးမှ တိုက်ပိတ်တဲ့အကြောင်း ပြောတယ်။ မိသားစုကတော့ မစုစုနွေးရဲ့ ကျန်းမာရေးကို
စိုးရိမ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သွေးအားနည်းရောဂါကြောင့် ခဏခဏ
မူးလဲတယ်။ အဲလို မူးလဲတဲ့အခါ အပြင်ကမသိဘူးဆိုရင် သူ့ရဲ့ကျန်းမာရေးကို စိုးရိမ်
ပူပန်မှုရှိတာပေါ့။”

မစုစုနွေးရဲ့ ထောင်တွင်းနောက်ဆုံးအခြေအနေကို မိသားစုနဲ့နီးစပ်သူတဦး ပြောပြ
သွားတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်...

Tuesday, July 1, 2008

ရွှေပြည်သာ ကြံ့ဖွံ့ရုံးတွင် ဗုံး ပေါက်ကွဲ

မဇ္ဈိမသတင်း
သန်းထိုက်ဦး
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 16:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော အဖွဲ့အစည်း တခုဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးတရုံးရှေ့တွင် ယနေ့ နံနက်ပိုင်းက အသေးစား ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ရွှေပြည်သာမြို့နယ် စစ်တောင်းလမ်းရှိ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံး၏ အနောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသော ရပ်ကွက် အေးချမ်းသာယာရေးနှင့် တွဲလျက် တည်ရှိသော ကြံ့ဖွံ့ရုံးခန်း ရှေ့တွင် အင်္ဂါနေ့ နံနက်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“မနက် ၆ နာရီ ၁ဝ မိနစ်လောက်မှာ သူတို့ ရုံးအရှေ့မှာ ကားတိုက်မှု ဖြစ်တယ်။ ကားတိုက်မှုဖြစ်တော့ အဲဒီရုံးထဲက ကြံ့ခိုင်ရေးတွေ ထွက်ကြည့် ကြတယ်။ ထွက်ကြည့်နေကြရင်း အဲဒီအချိန်မှာ ပေါက်တာဖြစ်တယ်” ဟု ရွှေပြည်သာနေ အခင်းဖြစ်ပွားပြီးနောက် သွားရောက်ကြည့်ရှုခဲ့သူ တဦးက ပြောသည်။ သို့သော် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိဟု သူက ဆက်ပြောသည်။

ဗုံးပေါက်ကွဲ ပြီးပြီးချင်း အခင်းဖြစ်ရာမှ ကိုက် ၅ဝ အကွာခန့်တွင် စစ်ဘက်၊ ရဲဘက် လုံခြုံရေးများ ချထားလိုက်ပြီး လူအများ ဖြတ်သန်း သွားလာခွင့်ကို တားမြစ်လိုက်သည်။

ယခု ဗုံးပေါက်ကွဲမှုသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံ မြို့ကြီး ၃ မြို့တွင် ၅ ကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပွားတိုင်း မြောက်များလှစွာသော စစ်အစိုးရ အတိုက်အခံ အဖွဲ့အစည်းများကို လက်ညိုးထိုးလေ့ ရှိသော်လည်း တရားခံမမိခဲ့သည့် ထုံးစံအတိုင်းပင် ယခု ပေါက်ကွဲမှုနှင့် ပတ်သက်၍ လက်သည်တရားခံကို ဖမ်းဆီးနိုင်လိမ့်မည်ဟု အများက ယုံကြည်ထားခြင်း မရှိပေ။

လွန်ခဲ့သည့် ဇန်နဝါရီလကလည်း နေပြည်တော် ပျဉ်းမနားဘူတာအနီး ဗုံးပေါက်ကွဲသဖြင့် အမျိုးသမီးတဦး သေဆုံးခဲ့သလို၊ ရန်ကုန် ဘူတာကြီး အနီးတွင်လည်း အနည်းဆုံး လူတဦး ဒဏ်ရာရှိသည့် ဗုံးပွဲမှု ဖြစ်ခဲ့သေးသည်။ ထို့အပြင် ပဲခူးတိုင်း ဖြူးမြို့အနီးတွင် ဘတ်စ်ကားပေါ် ဗုံးပွဲရာတွင် ကားစပယ်ယာ ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်အတွင်း ဗုံးနှစ်လုံး ပေါက်ကွဲမှု တွင် ထိခိုက်သေဆုံးမှု မရှိခဲ့ပါ။

အပြည့်အစုံဖတ်ရန်...

 
/* EOT ----------------------------------------- */