Tuesday, October 7, 2008

Strategic Doctrine နှင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး

ခင်မမမျိုး
(www.khinmamamyo.blogspot.com မှ ကူးယူဖော်ပြပါသည်)

အခုတလော တီဗွီသတင်းတွေမှာပဲဖြစ်ဖြစ်၊ ရေဒီယိုမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကော်ရီဒါတွေမှာပဲဖြစ်ဖြစ် ကြားနေ ရတတ်တဲ့ စကားလုံးလေးတခုရှိပါတယ်။ မြူးနစ်စာချုပ် ဆိုတာပါပဲ။ ဒါနဲ့အတူ တွဲပြီးနာမည်ကြီးနေတာက တော့ တချိန်က ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ချန်ဘာလိန်အကြောင်းပါပဲ။ ချန်ဘာလိန် မှားတယ်၊ မှန်တယ်နဲ့ ငြင်းခုန်နေကြတဲ့ အသံတွေက နေရာအနှံ့ပါပဲ။ ဒီဖြစ်ရပ်တွေနဲ့ အဓိက ဆက်စပ်နေတဲ့ strategic doctrine အ ကြောင်း ရေးသားတင်ပြချင်ပါတယ်။

မြူးနစ်နှင့် ချန်ဘာလိန်

ချန်ဘာလိန်အကြောင်း မပြောခင် ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်ဆယ်တိတိက ယခုလို အပတ်ထဲ၊ အတိအကျဆို ရရင်တော့ ၁၉၃၈ ခု၊ စက်တင်ဘာ ၂၉ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ မြူးနစ်စာချုပ်လေးအကြောင်း အရင်ကြည့်ကြရ အောင်ပါ။ ၁၉၃၈ ခု၊ စက်တင်ဘာလက ဗြိတိသျှဝန်ကြီးချုပ် ချန်ဘာလိန်နဲ့ ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာ တို့ Berchtesgaden မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ဟစ်တလာက ဂျာမနီရဲ့ Sudetenland ကို သိမ်းပိုက်ဖို့ အစီ အစဉ်ကို ဗြိတိန်က မထောက်ခံရင် ချက်ကိုစလိုဗက်ကီးယားကို ကျူးကျော်မယ်လို့ ချန်ဘာလိန်ကို ခြိမ်း ခြောက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ချန်ဘာလိန်က ပြင်သစ်၊ ချက်ကိုစလိုဗက်ကီးယားနဲ့ ဆွေးနွေးပြီးတဲ့အခါ ဒီကိစ္စဟာ လက်ခံနိုင်ဖွယ် ရာ မရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီအခါမှာ ခေါင်းဆောင်ကြီး ဟစ်တလာအတွက် အကျပ်ရိုက်သွားပါ လေရော။ ဗြိတိန်နဲ့ ပြင်သစ်ဟာ စစ်မဖြစ်ချင်ဘူးဆိုတာကိုလည်း သူက သိထားပြန်လေတယ်။ ပြီးတော့ သူ တွက်ဆထားလိုက်တာက ဒီနှစ်နိုင်ငံကတော့ ဆိုဗီယက်ယူနီယံနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးပေါ့။

ဒီလိုအခြေအနေမှာ ၀င်ပြီး အကြံပေးလုပ်သူကတော့ အီတလီ ဖက်ဆစ်ခေါင်းဆောင်ကြီး မူဆိုလိုနီပါပဲ။ သူက ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နိုင်ငံတွေအနေနဲ့ ကွန် ဖရင့်တခု ကျင်းပဖို့ပဲဆိုပြီး အကြံပေးတယ်။ ဟစ်တလာက မူဆိုလိုနီစကားကို နေရာတော်တော်များများ နား ထောင်တာ တွေ့ရတယ်။ အခု ဒီကိစ္စမှာလည်း သူက နားထောင်တာပဲ။

ဒီလိုနဲ့ ၁၉၃၈၊ စက်တင်ဘာလ ၂၉ ရက်မှာ မြူးနစ်စာချုပ်ကြီး ပေါ်ပေါက်လာတော့တယ်။ စာချုပ်အရ ချန်ဘာ လိန်နဲ့ ပြင်သစ် Daladier တို့က ဂျာမနီဟာ Sudetenland ကို သိမ်းပိုက်နိုင်ကြောင်း သဘောတူညီခဲ့ကြတယ်။ အပြန်အလှန်အနေနဲ့ ဥရောပထဲမှာ နောက်ထပ် နယ်မြေတောင်းဆိုမှုတွေ မလုပ်ဖိုဟစ်တလာကလည်း ကတိပေးခဲ့တယ်။ ချက်ကိုစလိုဗက်ကီးယားက ထကန့်ကွက်တော့ ချန်ဘာလိန်က ဗြိတိန်ဟာ Sudetenland အတွက်နဲ့ စစ်အဖြစ်ခံမှာ မဟုတ်ဘူးလို့ ဆိုခဲ့တယ်။ အဲဒီအထိတုန်းကတော့ အကောင်းပဲ။ သူ့ကိုလည်း စစ်ကို ရှောင်နိုင်တယ်ဆိုပြီး တချို့ ကောင်းချီးသြဘာတွေပေးလို့။

အဲ … သိပ်မကြာပါဘူး။ ၁၉၃၉၊ မတ်လလည်း ရောက်ရော၊ ဂျာမန်စစ်တပ်ကြီးက ချက်ကိုစလိုဗက်ကီးယားကို သိမ်းလိုက်ပါလေရော။ နောက်များမကြာမီ ဒုတိယကမ္ဘာစစ်ကြီးလည်း ဖြစ်လာပါရော။ ဒီတော့မှ ချန်ဘာလိန် ဟာ ဟစ်တလာက မယုံရဘူးဆိုတာ သိသွားပြီး၊ သူ့ရဲ့ appeasement ပေါ်လစီ မှားသွားတယ်ဆိုတာ သိပါ လေရောတဲ့။ လူအများက ချန်ဘာလိန်ကို ၀ိုင်းအပြစ်တင်ကြပါလေရော။

ဟိုတချိန်တုန်းကတော့ ဒီဖြစ်ရပ်အကြောင်းးပြောကြတိုင်း ကျွန်မလည်း အပြစ်တင်တာပဲ။ ဗြိတိသျှဝန်ကြီးချုပ် ကြီးဖြစ်ပြီး ဒီလောက်တောင်ပဲ အယုံလွယ်ရလားလို့။ အဲ … စစ်မဟာဗျူဟာလေ့လာရေးနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ကျောင်းသူဖြစ်လာပြီး strategic doctrine ကို လေ့လာပြီးတဲ့အခါကျတော့ ကျွန်မ ချန်ဘာလိန်ကို နားလည်မှု ရှိသွားတယ်။ သူမှန်တယ်၊ မှားတယ်ဆိုတာကို မပြောချင်တော့ပေမယ့် သူဒီလို ဆုံးဖြတ်ချက်ချရတဲ့ အကြောင်းဟာ ဘာကြောင့်ဆိုတာကို သတိထားမိသွားတာကြောင့်ပါ။

အဲဒီအချိန် ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးမူဝါဒတွေအပေါ်မှာ သက်ရောက်မှုရှိနေတဲ့ strategic doctrine က offensive strategy မဟုတ်ပဲ defensive strategy ဖြစ်နေတာကြောင့်ပါပဲ။ အဲဒီလို အချိန်မှာ ဟစ်တလာကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် အားနည်းချက်တွေ ရှိနေသေးတာကို တွက်ဆပြီး ဒီဆုံး ဖြတ်ချက်ကို သူချခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံတခုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုမှာပဲဖြစ်ဖြစ် strategic doctrine ရှိရပါတယ်။ ဒီလိုရှိမှလည်း မှန်ကန်တဲ့ နည်းဗျူဟာတွေကို ဆက်လက်ချမှတ်နိုင်မှာပါ။ စစ်အေးကာလအတွင်း က နေတိုးရဲ့ strategic doctrine ကို ဆက်ပြီး ကြည့်ကြရအောင်ပါ။

နေတိုးနှင့် 'flexible response' strategic doctrine

နေတိုးလို့ လူအများ အတိုကောက်ခေါ်လေ့ရှိတဲ့ North Atlantic Treaty Organizations (NATO) ဆိုတာ ဟာ ၁၉၄၉ခု၊ ဧပြီလ (၄)ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ North Atlantic Treaty ပါ ရည်မှန်းချက်တွေကို အကောင်အ ထည်ဖော်နေတဲ့ alliance organization တရပ်ပါ။ စစ်အေးကာလအတွင်းမှာ နေတိုးရဲ့ အခန်းကဏ္ဍက တော် တော်ကြီးမားခဲ့ပါတယ်။ ဒီအချိန်တုန်းက နေတိုးကျင့်သုံးခဲ့တဲ့ strategic doctrine က flexible response ဖြစ် ပါတယ်။

ဒီ doctrine ကို အဆင့်သုံးဆင့်နဲ့ ရေးဆွဲထားပါတယ်။ နယူးကလီးယားလက်နက်တွေ ရှိတာနဲ့တင် ချက်ချင်း ကာရော စစ်ဖြစ်တာနဲ့ နယူးကလီးယားလက်နက် သုံးစွဲမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သုံးသင့်တဲ့ အဆင့် ရောက်မှ သုံးမှာဖြစ်ပါတယ်။ အဲဒီမှာ ပထမအဆင့်က direct defense ပါ။ ဆိုဗီယက်က နယူးကလီးယားလက် နက်မသုံးဘဲ conventional forces တွေပဲ သုံးပြီး တိုက်ခိုက်လာခဲ့ရင် ဒီလိုအလားတူ တပ်တွေနဲ့ပဲ ပြန်လည် တိုက်ခိုက်တာပါ။ ဥပမာ- ဆိုဗီယက်တပ်တွေ အနောက်ဂျာမနီကို ကျူးကျော်လာခဲ့ရင် နေတိုးတပ်တွေမှ ပြန် လည်ခုခံတိုက်ခိုက်ခြင်းပါ။

ဒီအဆင့်မှာမှ မရတော့ဘူးဆိုရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ Deliberate Escalation အဆင့်ကို ရောက်ပါ မယ်။ ဒီအဆင့်ကတော့ အကယ်၍များ ဆိုဗီယက်တပ်များက နေတိုးတပ်များကို ချေမှုန်းနိုင်တဲ့ သွင်ပြင်ရှိနေ မယ်ဆိုရင် နယူးကလီးယားလက်နက် အနည်းငယ်ကို အကန့်အသတ်နဲ့ သုံးတဲ့အဆင့်မျိုးပါ။ တတိယအဆင့် ကတော့ ကြောက်စရာ အကောင်းဆုံးပါပဲ။ General nuclear response ပါ။ အလုံးစုံသော ချေမှုန်းရေးပါပဲ။ mutual assured destruction scenario နဲ့ အနည်းနဲ့အများ ဆက်စပ်နေပါတယ်။

ဒီနေရာမှာ စစ်အေးကာလမှာ အမေရိကန်ပြည်တောင်စု ကျင့်သုံးခဲ့တဲ့ containment ဆိုတဲ့ ပေါ်လစီအ ကြောင်း အနည်းငယ် တင်ပြချင်ပါတယ်။ ဒီပေါ်လစီက ဒုတိယကမ္ဘာစစ်ကာလအပြီးမှာ ဆိုဗီယက်ရဲ့ နိုင်ငံရေး ထိန်းချုပ်မှုအောက်ကို ကျရောက်သွားတဲ့ နိုင်ငံများရဲ့ ဒိုမီနိုသက်ရောက်မှုကို ရပ်တန့်ဖို့ ပေါ်ပေါက်လာခဲ့တဲ့ ပေါ်လစီဖြစ်ပါတယ်။ ဒီပေါ်လစီရဲ့ အခြေခံကို George Cannan ဆိုတဲ့ အမေရိကန် သံတမန်တယောက်က စတင်ခဲ့တာဖြစ်ပါတယ်။ ဒီပေါ်လစီက Negotiation နဲ့ compromise ကို အခြေခံတဲ့ appeasement ပေါ်လစီ နဲ့ အမြစ်လှန်ချေမှုန်းရေးကို အခြေခံတဲ့ rollback ပေါ်လစီကြားမှာရှိတဲ့ ပေါ်လစီဖြစ်ပါတယ်။ အလုံးစုံချေမှုန်း ရေးအထိ ဆက်မသွားဘဲ နေရာတခုမှာပင် ရပ်နေလိုက်ခြင်းမျိုး ဖြစ်ပါတယ်။

၁၉၆၄ တုန်းက အမေရိကန်ပြည်ထောင်စုမှာ republican candidate, Barry Goldwater က ဘာကြောင့် အ နိုင်မတိုက်တာလဲလို့ containment ပေါ်လစီကို challenge လုပ်တော့ ဒီမိုကရက်တစ် candidate, President Johnston က အနိုင်တိုက်ဖို့ လုပ်လိုက်ရင် နယူးကလီးယားစစ်ပွဲကို risk လုပ်လိုက်သလို ဖြစ်မှာပေါ့လို့ ဖြေ ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ်စစ်ပွဲကာလမှာ လာအိုအထိ ၀င်ရောက်ပြီး ထောက်ပံ့ရေးလမ်း ကြောင်းဖြတ်ဖို့ ဗိုလ်ချုပ်တယောက်ရဲ့ ပရိုပိုဆာကို အမေရိကန်သမ္မတက ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီပေါ်လစီ က နိုင်ငံခြားရေးပေါ်လစီဆိုပေမယ့် နိုင်ငံတွင်းပဋိပက္ခများမှာလည်း အသုံးပြုတတ်ကြပါတယ်။

စစ်အေးကာလတလျှောက်မှာ နေတိုးက flexible response doctrine ကို ကျင့်သုံးပြီး၊ defensive အနေနဲ့ပဲ နေခဲ့ပါတယ်။ အဲ … စစ်အေးကာလပြီး နောက်ပိုင်းမှာတော့ နေတိုးလည်း offensive strategy ကို ကျင့်သုံး လာပါတယ်။ ဥပမာ- ၁၉၉၅ မှာဖြစ်ခဲ့တဲ့ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား ဗုံးကြဲမှု (code name - Operation Deliberate Force) ၊ ၁၉၉၉ မှာ ဖြစ်ခဲ့တဲ့ ယူဂိုဆလားဗီးယား ဗုံးကြဲမှု (code name - Operation Allied Force) စတာတွေပါ။ ဒီအပိုင်းတွေနဲ့ကတော့ Humanitarian Intervention နဲ့ ပတ်သက်တာမို့ အသေးစိတ် ကို နောက်ဆောင်းပါးများမှာ ဖော်ပြပေးပါမယ်။ ဘာပဲဖြစ်ဖြစ် စစ်အေးကာလပြီးနောက်ပိုင်းမှာ အနောက်နိုင်ငံ များ (အထူးသဖြင့် အမေရိကန်နိုင်ငံ) ရဲ့ strategic doctrine က Preemptive strategy ကို ဦးစားပေးလာပါ တယ်။

အမေရိကန်ပြည်ထောင်စုနှင့် Preemptive Strategic Doctrine

Preemptive doctrine ဆိုတာက ရန်သူက ကိုယ့်ကိုလာမတိုက်မီ ကိုယ်က ရန်သူကို ဦးအောင် ချေမှုန်းရမယ် ဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံထားပါတယ်။ ဒါပေမယ့် မည်းမည်းမြင်တိုင်း ရန်သူဆိုပြီး တိုက်ချင် တိုင်း လိုက်တိုက်နေလို့တော့ မရပါဘူး။ တဘက်ကနေ လုံလောက်တဲ့ ခြိမ်းခြောက်မှု အတိုင်းအတာ ရှိနေမှ တိုက်လို့ ရတာမျိုးဖြစ်ပါတယ်။ ဥပမာ - ခြောက်ရက်ကြာစစ်ပွဲလို့ နာမည်ကြီးခဲ့တဲ့ ၁၉၆၇ခုနှစ်၊ အာရပ်-အစ္စရေး စစ်ပွဲဟာ Preemptive စစ်ပွဲဖြစ်ပါတယ်။ ဒီတုန်းက အီဂျစ်သမ္မတ နာဆာဟာ ကုလသမဂ္ဂ အရေးပေါ်တပ်တွေ ကို ဖယ်ရှားပြီး၊ ထောင်ပေါင်းချီတဲ့ တင့်ကားတွေ၊ သိန်းချီနေတဲ့ စစ်သားတွေကို အစ္စရေးနယ်စပ်အနီးကို စေ လွှတ်ခဲ့ပါ တယ်။ ဒါကြောင့် အစ္စရေးက သူ့နိုင်ငံတော် လုံခြုံရေးအတွက် Preemptive war ကို စတင်ဆင်နွှဲခဲ့ပါ တယ်။

ဒါပေမယ့် Preemptive strategic doctrine ကို တချို့က Preventive strategic doctrine နဲ့ မှားတတ်ကြပါ တယ်။ Preventive strategic doctrine ကကျတော့ ရန်သူဘက်က ခြိမ်းခြောက်မှုအတိုင်းအတာ မပေါ်လွင် သေးဘဲ ရန်သူကို စတင်တိုက်ခိုက်တာ ဖြစ်ပါတယ်။ Future threat လို့ ဆိုပေမယ့် နိုင်ငံတကာဥပဒေများနဲ့ ကမ္ဘာ့လူထုက ဒါကို လက်မခံကြပါဘူး။ အမေရိကန်နဲ့ မဟာမိတ်တပ်များ အာဖဂန်နစ္စတန်နိုင်ငံကို တိုက်ခိုက်မှု အပေါ်မှာ ကန့်ကွက်သံများ မကြားရပေမယ့် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ၂၀၀၃ ခုနှစ် အီရတ်နိုင်ငံ တိုက် ခိုက်မှုမှာကျတော့ ကန့်ကွက်သံများ ထွက်လာကြပါတယ်။

အာဖဂန်နစ္စတန်ကိစ္စမှာ Preemptive strategic doctrine ကို သုံးထားပေမယ့် အီရတ်ကိစ္စမှာကျတော့ ဘွတ်ခ်ျအုပ်ချုပ်ရေးက Preemptive လို့ဆိုပေမယ့် Preventive လို့ ယူဆသူများက အများအပြား ပေါ်ထွက် နေပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲတခုကို justified လုပ်ရတာဟာ အခက်ခဲဆုံး ကိစ္စတခုပဲ ဖြစ်ပါတယ်။ ပညာရှင် များကတော့ debate တွေ ဆက်လုပ်နေကြဆဲပါပဲ။

အဓိကပြောလိုတဲ့ အကြောင်းအရာကတော့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးဆိုင်ရာများကို အဓိက လွှမ်းမိုး သက်ရောက်နေတဲ့ strategic doctrine ရဲ့ အရေးပါမှုကိုပဲ ဖြစ်ပါတယ်။ strategic doctrine ဟာ နိုင်ငံတကာ ရေးရာများနဲ့ နိုင်ငံတရပ်အတွက်သာမက အဖွဲ့အစည်းများအတွက်ပါ အရေးကြီးပါတယ်။ အဖွဲ့အစည်းတခုအ နေနဲ့ ကိုယ်ရင်ဆိုင်ဆင်နွှဲနေတဲ့ စစ်မျက်နှာအသီးသီးအတွက် strategic doctrine လိုအပ်ပါတယ်။ ကိုယ်နဲ့ ရင် ဆိုင်ရမယ့် ရန်သူနဲ့ ကိုယ့်ကို မဟာမိတ်ပြုနေတဲ့ တိုင်းပြည်အဖွဲ့အစည်းများရဲ့ strategic doctrine ကို သေချာ သိရှိနားလည်ဖို့ လိုအပ်လှပါတယ်။

လက်ရှိမြန်မာအရေးနှင့် strategic doctrine

ကျွန်မအမြင်ကို ပြောရရင် ကျွန်မတို့ မြန်မာ့နိုင်ငံရေးရဲ့ ဦးဆောင်ပါတီတရပ်ဖြစ်တဲ့ အန်အင်ဒီပါတီရဲ့ Strategic Doctrine က defensive ဖြစ်ပြီး၊ နအဖရဲ့ အန်အယ်ဒီအပေါ်မှာ တောက်လျှောက် ကျင့်သုံး လာခဲ့တာကတော့ containment ဖြစ်ပါတယ်။ အန်အယ်ဒီကို မတရားအသင်းကြေငြာပြီး အပြီးသတ် roll back လုပ်လိုက်တဲ့အခါမှာ မြေအောက်ဆင်းသွားပြီး လူထုတော်လှန်ရေးကို trigger လုပ်လိုက်သလို ဖြစ်သွားမှာ စိုးတာရယ်၊ အန်အယ်ဒီ ရှိနေခြင်းအားဖြင့် စစ်ခေါင်းဆောင်အချင်းချင်း ကွဲပြားမှုအပေါ်မှာ အန်အယ်ဒီကို ဘုံ ရန်သူထားရှိပြီး မကွဲ အောင် ထိန်းထားဖို့ရယ်၊ နိုင်ငံတကာက လက်ခံလာနိုင်မယ့် ရွေးကောက်ပွဲတခု အခြေအ နေအကြောင်းကြောင်း ကြောင့် မလုပ်နိုင်သေးခဲ့တာအတွက်ရယ်ကြောင့် အန်အယ်ဒီအပေါ်မှာ containment strategic doctrine ကို အသုံးပြုနေခဲ့တာဖြစ်တယ်။

နောက်ပြန်ပြီး compromise strategy ကိုသွားဖို့ နအဖမှာ အစီအစဉ်မရှိနိုင်ဘဲ ရှေ့ဆက်တက်တဲ့ rollback strategy အလုံးစုံချေမှုန်းရေးကိုသာ အစီအစဉ် ရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် အန်အယ်ဒီအနေနဲ့ compromise ထိုင်ပြီး တောင်းဆိုနေခြင်းဟာ ဖြစ်လာနိုင်ဖွယ်မရှိကြောင်း အမှန်တရားကို လက်ခံဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ငြိမ်းချမ်းစွာနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းရေးဟာ မြန်မာပြည်အတွက် အကောင်းမွန်ဆုံးသော solution ပါပဲ။ ဒါ ပေမယ့် Frederick the Great ဆိုခဲ့ဖူးတဲ့ "Negotiations without arms are like music without instrument” ဆိုတာလိုပဲ ငြိမ်းချမ်းစွာနဲ့ ထိပ်တိုက်ရင်ဆိုင်မတွေ့ဘဲ ဒီမိုကရေစီတောင်းနေတာကို နအဖက အ မှုတောင်ထားမှာ မဟုတ်ပါဘူး။

အခြားသော အတိုက်အခံများအပေါ်မှာတော့ နအဖက rollback strategy ကို တောက်လျှောက် ကျင့်သုံးလာ ခဲ့တာ ဖြစ်ပါတယ်။ ဆင်ပြောင်ကြီးသွားတဲ့ လမ်းကို ဒီလောက်ရှင်းနေရဲ့နဲ့ ဒိုင်ယာလော့ခ်ပဲ ထိုင်အော်နေလို့က တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အော်သူများပဲ အချိန်ကုန်ပါလိမ့်မယ်။ compromise လုပ်ရမယ်လို့ တ ချို့ဆိုတတ်ကြပါတယ်။ compromise ဆိုတာက လက်ခုပ်နှစ်ဘက်တီးမှ မြည်လာမယ့် ကိစ္စပါ။ လက်ခုပ်မတီး ချင်တဲ့ နအဖလက်ကို အတင်းသွားဆွဲပြီး တီးနေလို့ကတော့ compromise မဖြစ်လာဘဲ ခေါင်းပုတ်နှစ်သိမ့်ခံ လိုက်ရတာပဲ ဖြစ်လာပါလိမ့်မယ်။

တပ်ဦးပါတီက defensive strategy ကို သုံးလာတာ ရာစုနှစ်တွေ ချီနေပြီဖြစ်ပါတယ်။ ဒီ doctrine က ကြာ ကြာသုံးတာများရင် offensive မလုပ်ရဲတော့ဘဲ ဖြစ်တတ်ပါတယ်။ ဒါကိုနားလည်ပြီး အပြစ်တင်မှုမဟုတ်ဘဲ confrontation အတွက် ၀န်းရံပေးခြင်း (သို့) ၀န်းရံရင်လည်း မထနိုင်ဖြစ်လာတဲ့အခါ ခဏနောက်ချန်ထားပြီး၊ လုပ်သင့်တာကို ဆက်လက်လုပ်ကိုင်သွားခြင်းများ လုပ်ကြဖို့ တပ်ဦးပါတီမဟုတ်တဲ့ အခြားသော အဖွဲ့အစည်း များမှာ တာဝန်ရှိပါတယ်။

နိုင်ငံတကာအကူအညီ ဆိုတာမှာလည်း collective security ဆိုတဲ့ strategic doctrine အပေါ်မှာ အခြေခံ ထားတဲ့ ယူအင်မှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ တနိုင်ငံချင်းစီကနေဆိုရာမှာလည်း သူတို့ရဲ့ strategic doctrine တွေမှာ offensive strategy နည်းပါတယ်။ နိုင်ငံတကာဥပဒေများအရ Humanitarian Intervention ဆိုတာဖြစ်လာဖို့ကလည်း အတော်ကို ခဲယဉ်းလှပါတယ်။ ဒီတော့ ကျွန်မတို့အနေနဲ့ ကိုယ်ပိုင် strategic doctrine တခု ပိုင်ပိုင်နိုင်နိုင် ရှိနေဖို့လိုအပ်နေပါပြီ။

ပြည်တွင်းလူထုတိုက်ပွဲကိုပြပြီး၊ နိုင်ငံတကာ ၀င်ပေးပါဆိုပြီး တောင်းဆိုမယ့် doctrine လား၊ ယူအင်နဲ့ ပြည်ပ က ၀င်ရောက်စွက်ဖက်ပေးပါလို့ ထိုင်အော်နေမယ့် doctrine လား၊ နအဖကို compromise လုပ်ရမယ်ဆိုပြီး ခေါင်းပုတ်ကျောသပ်သွားခံမယ့် doctrine လား၊ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေး တွဲစပ်ပြီး တော် လှန်ရေးအရှိန်ရောက်လာချိန်မှာ ခွဲထွက်ပူးပေါင်းလာမယ့် တပ်က လူတချို့နဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းပြီး ဒီမို ကရေစီလမ်းကြောင်းပေါ်သွားမယ့် doctrine လား ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ဆုံးဖြတ်ကြဖို့ လိုပြီဖြစ်ပါတယ်။ ရန် သူ့အခြေအနေကြည့်ပြီး flexible response သုံးမည်ဆိုလျှင်လည်း လိုအပ်သည့် အဆင့်များကို ဖော်ထုတ်သင့် ကြပြီဖြစ်ပါတယ်။

နိဂုံးချုပ်ဆိုရရင် strategic doctrine ဟာ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးရာကိစ္စများမှာ အရေးပါလှသော ကျော ရိုးမဏ္ဍိုင်တရပ်ဖြစ်တာမို့ ရေရာတိကျသော strategic doctrine မရှိရင် တိုက်ပွဲဖော်ဆောင်မှုနဲ့နည်းဗျူဟာ များဟာ ပြန့်ကျဲနေပြီး၊ ပစ်မှတ်ကို မထိရောက်နိုင်ဘဲ ဖြစ်တတ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

တော်လှန်ရေးသစ္စာဖြင့် …
ခင်မမမျိုး (၁၊ ၁၀၊ ၂၀၀၈)

အပြည့်အစုံဖတ်ရန်...

Friday, September 26, 2008

အလှဓမ္မ၊ စက်တင်ဘာနှင့် နောက်ဆက်တွဲများ

လူရယ်လို့ ဖြစ်လာရင် လူ့တန်ဖိုးဆိုတာကလဲ ကျွဲကူးရေပါဆိုသလို ပါလာရတယ်။ မြက်ခင်းပြင်များဟာ စိမ်းလန်းမှုရှိမနေရင် ရင်အေးစရာမရှိဘူး။ မြစ်တွေဟာ ပုံမှန်စီးဆင်းမှုမရှိရင် မလှဘူး။ ငှက်တွေမှာ အတောင်ပံမဲ့နေရင် အဓိပ္ပာယ်မရှိဘူး။ လူမှာ လူ့တန်ဖိုးမဲ့နေရင် လူရယ်လို့ ခေါ်ဖို့မလွယ်။ တန်ဖိုးက ဘာလဲ။ ဓမ္မ…။ ဟုတ်တယ်။ ဓမ္မ။

ဘာလဲ ဓမ္မဆိုတာ။ နက်နဲတဲ့ ဓမ္မတွေအကြောင်း ပြောဖို့ မဟုတ်ဘူး။ ပြောလဲ မပြောတတ်ဘူး။ ဒီနေရာမှာ ပြောချင်တဲ့ ဓမ္မက လူတွေမှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မ။ ဒေသတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မ။ ဒီဓမ္မတွေ ဆိတ်သုဉ်းနေရင် အဲဒီအရပ်ဒေသဟာ အလှတရားတွေ ဆိတ်သုဉ်းတဲ့ ဒေသတစ်ခု ဖြစ်လာလိမ့်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ဘ၀ဟာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာသာ မရှိဘူးဆိုရင် ဘာအလှတရားမှ မရှိတဲ့ဒေသကြီးတစ်ခု ဖြစ်နေလိမ့်မယ်။ သဘာဝမြေပြင်က အလှတရားတွေ ဆိတ်သုဉ်းနေတော့ ဘေးနိုင်ငံတွေအမြင်မှာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာအတွက်လဲ မေးခွန်းတွေ ထုတ်လာကြတော့တယ်။ ဗုဒ္ဓသာသနာက ကောင်းတယ်ဆိုရင် ဗုဒ္ဓသာသနာထွန်းကားတဲ့ နိုင်ငံတွေမှာ ဘာကြောင့် လူသားရဲ့တန်ဖိုးတွေ ဆုတ်ယုတ်နေရသလဲ။

မြန်မာ…။ ကျွန်တော်တို့ မြန်မာ။ ခင်ဗျားတို့ မြန်မာ။ အလှတရားတွေ ဆိတ်သုဉ်းနေတာ ကြာခဲ့ပြီ။ အလှတရားအတွက် တိုက်ပွဲဝင်ခဲ့ကြတာတွေလဲ ကြာခဲ့ပြီ။ အလှတရားအတွက် တိုက်ပွဲဝင်နေသူ သူရဲကောင်းများ မကောင်းဆိုးဝါးတွေရဲ့ လက်ထဲမှာ ရေတိမ်နစ်ခဲ့ကြတာလဲ များခဲ့ပြီ။ ယခု အချိန်အထိ လှနေသူတွေဟာ အယုတ်တမာတွေရဲ့လက်ထဲမှာ ပြုသမျှ နုခံနေကြရတယ်။ မကောင်းဆိုးဝါးတွေ အမိမြန်မာမှာ ရမ်းရမ်းကားကား ကျင်လည်နေခဲ့တာ ကြာလှပြီ။ ဗုဒ္ဓသာသနာရဲ့ အနိစ္စတရားကလဲ သူတို့နဲ့ကျမှ ကြာလွန်းတယ်။ ဟုတ်တယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အရှုံးမပေးခဲ့ဘူး။ တိုက်ခိုက်နေဆဲ။ အသက်တွေ သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့တယ်။ ပေးဆပ်နေဆဲ။ ပေးအပ်နေဆဲ။ ဒီထဲမှာ စက်တင်ဘာဆိုတာ အာဏာရှုးတွေ (အာဏာရှင်လို့တောင် မသုံးချင်ပါ)ကို တော်လှန်ခဲ့တဲ့ နေ့ပဲ။ ဒီစက်တင်ဘာမှာပဲ နိုင်ငံတော်ရဲ့ရတနာ ကျောင်းသားတွေ အာဏာရူးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုမှာ အသက်ဇီဝိန်ကြွေခဲ့ရတယ်။ ဒီစက်တင်ဘာမှာပဲ တစ်နိုင်ငံလုံးက ကိုးကွယ်တဲ့ သာသနာ့ဝန်ထမ်းရဟန်းတော်တွေ ရက်စက်စွာ နှိမ်နင်းခံခဲ့ရတယ်။ သူပုန်စခန်းဝင်စီးသလို ကျောင်းတိုက်တွေကို ၀င်စီးနင်းခံခဲ့ရတယ်။
ကိုယ်အမြတ်တနိုးထားတဲ့အရာကို ဖျက်ဆီးခံရသူတွေဟာ နာကျင်ခံခက်သလိုမျိုး ကိုယ်ကိုးကွယ်တဲ့ ရဟန်းတော်တွေကို ခေါင်းကိုရိုက်၊ ဖိနပ်နဲ့ကန်၊ သေနတ်နဲ့ပစ်လုပ်တာကို မြင်ရတဲ့ ပြည်သူတွေဟာ ရင်နာနာနဲ့ ကြည့်နေခဲ့ရတာ။ အာဏာရှင်တွေရဲ့ လူမဆန်စွာ ရက်စက်မှုတွေနဲ့ ရင်ထဲမှာတော့ နာလို့ပေါ့။ ကျင်လို့ပေါ့။ ဗလောင်ဆူလို့ပေါ့။ ကမ္ဘာပျက်ခဲ့တဲ့ `လ´လေ။

ဇာတ်လမ်းက ဒီလိုနဲ့ ပြီးသွားရော့လားဗျာ။ မထင်နဲ့။ လုံးဝမထင်လိုက်နဲ့။ ဘယ်တော့မှ မပြီးဘူး။ ရွှေတိဂုံပေါ်ကို ဖိနပ်စီးပြီးတက်ခဲ့တဲ့ အနောက်တိုင်းသားတွေကို ပြည်သူတွေ အမျက်ထွက်ခဲ့သလိုမျိုး၊ ဘုန်းကြီးခေါင်းကို ဂျပန်တွေ ဖိနပ်နဲ့ကန်တာကို တွေ့လိုက်ရတဲ့ ပြည်သူတွေ အမျက်ထွက်ခဲ့သလိုမျိုး၊ ဆရာတော်ဦးဥတ္တမကို အင်္ဂလိပ်တွေ ဖမ်းလို့ ပြည်သူတွေ ဒေါသထွက်ခဲ့သလိုမျိုး၊ ဆရာတော်ဦးဝိစာရ ထောင်ထဲမှာ အစာအငတ်ခံ ပျံလွန်တော်မူတုန်းက ပြည်သူတွေ နာကျင်ခဲ့သလိုမျိုး၊ ……..မျိုး၊ …….မျိုး၊ ကမ္ဘာကြေပေမယ့် ဥဒါန်းကြေနိုင်ရိုးလား။ ခံစားခဲ့ရတဲ့ ပြည်သူတွေ၊ နာကျင်ခံခက်ဖြစ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ရင်ဘက်တွေဟာ ဟောင်းလောင်းကြီး ပွင့်နေဆဲ။ ကမ္ဘာမကြေ ဥဒါန်းတွေဟာ စစ်အာဏာရူးတွေဆီ မုန်တိုင်းတွေလို တိုးဝင်တိုက်ဖျက်ကြတော့မယ်။ ဒါကြောင့် ပြောလိုက်မယ်။ ဇာတ်လမ်းက ဒီလိုနဲ့ ပြီးရော့လားလို့။ စက်တင်ဘာက ဇာတ်ရှိန်မြင့်လာတယ်။

စက်တင်ဘာက ဘာအကျိုးအမြတ်ရခဲ့သလဲတဲ့။ စက်တင်ဘာဆိုတာ အလှဓမ္မတွေ ဆိတ်သုဉ်းခဲ့လို့ ပေါ်ပေါက်ခဲ့တာ။ စက်တင်ဘာကြောင့်ရလာတဲ့ အကျိုးတရားတွေထဲမှာ `ပန်းတိုင်´ဆိုတာ မပါသေးလို့ အကျိုးတရားမှာ တောင်ပံတွေ မစုံသေးဘူး။ ဒါပေမယ့် ပြောနိုင်တာက အာဏာရူးတွေဟာ စက်ဆုပ်ရွံရှာဖွယ် သရဲသဘက်တွေနဲ့မခြား အော့ကြောလန်စရာကောင်းခဲ့တယ်ဆိုတာ လူတိုင်း သိသွားခဲ့တယ်။ အာဏာရူးတွေရဲ့ ခွေးခေါင်းကြီး ရုပ်လုံးပေါ်ထွက်လာခဲ့တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြိး ကိုယ့်ကိုယ်ကို ဘာသာသာသနာကို နှစ်နှစ်ကာကာ သက်ဝင်သူတွေပါလို့ဆိုနေတဲ့ အာဏာရူးကြီးတွေဟာ သူတို့ရဲ့ အာဏာကို ထိပါးလာရင် ကျွန်တော်တို့ ကိုးကွယ်တဲ့ ဂေါတမမြတ်ဗုဒ္ဓကိုတောင် ချနင်းဖို့ ၀န်မလေးတဲ့ စိတ်ဓာတ်ရှိသူများဆိုတာ ထင်ရှားသိသာခဲ့တယ်။ ဒါတွေကို အကျိုးအမြတ်တွေလို့ ဆိုမလား။ ပန်းတိုင်မပါသေးတဲ့ ဒီအကျိုးအမြတ်တွေကို ကျွန်တော် စိတ်မ၀င်စားနိုင်သေးဘူး။

ဘာပဲဖြစ်ဖြစ် ၈၈-က ပြီးသွားခဲ့ပြီဖြစ်သလို စက်တင်ဘာကလဲ ပြီးသွားခဲ့ပြီ။ ဒါပေမယ့် တိုက်ပွဲကတော့ မပြီးသေးဘူး မဟုတ်လား။ မပြီးသေးတဲ့ တိုက်ပွဲတွေထဲမှာ အောက်မေ့အမှတ်ရခြင်းအခမ်းအနားတွေနဲ့ တာဝန်ကျေပြီလို့ မထင်လိုက်ကြဖို့လဲ လိုတယ်လေ။ ယူစရာရှိတာတွေကို ယူ၊ ထားခဲ့စရာတွေကို ထားခဲ့၊ ရှေ့ဆက်ရမှာတွေကို စဉ်းစား။ `လမ်းကား အများကြီးရှိ၏၊ သို့သော် ပန်းတိုင်ကား တစ်ခုသာတည်း´ဆိုတဲ့ တာအိုဝါဒရဲ့ နာမည်ကြီးစာသားလေးလို လမ်းအများကြီးထဲက ကျွန်တော်တို့ဟာ အသက်ဇီဝန်မကြွေသရွေ့ အာဏာရှင်များ ကျဆုံးစေနိုင်မယ့် တိုက်ပွဲတွေ တိုက်နေကြရပါလိမ့်မယ်။

စက်တင်ဘာက ထိုးပြလိုက်တဲ့ ဆလိုက်တွေထဲမှာ အာဏာရူးတွေရဲ့ မကောင်းဆိုးဝါး ပုံရိပ်တွေကို ကျွန်တော်တို့ သိမြင်တယ်လို့ဆိုရင် ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်အတွက် ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ရမယ်လေ။ မဟုတ်ဘူးလား။ ။


လွင်ပြင်ရိုင်း
{MSMA}

အပြည့်အစုံဖတ်ရန်...

ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်၊ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ ဆန္ဒပြ

ယနေ့ စက်တင်ဘာ ၂၆-ရက်နေ့တွင် သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များသည် စီစဉ်ထားသည့်အတိုင်း သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ မြန်မာသံရုံးရှေ့သို့ သွားရောက်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြရန် မထွက်ခွါမီ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမမြန်မာကျောင်းတိုက်တွင် မြန်မာသံဃာတော်များနှင့် ကြွရောက်လာကြသော သီရိလင်္ကာရဟန်းတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထု ကပ်လှူခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆွမ်းစားအပြီး၊ ၁-နာရီ ၁၅-မိနစ်တွင် သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ၊ သီရိလင်္ကာရဟန်းတော်များနှင့် NGO အဖွဲ့အစည်းမှ သတင်းသမားအားလုံး စုစည်းကာ မြန်မာသံရုံးသို့ စတင်ထွက်ခွါခဲ့ကြသည်။ မြန်မာသံရုံးရှေ့တွင် မေတ္တသုတ်၊ မောရသုတ် စသော မြတ်ဗုဒ္ဓ၏ ပရိတ်ဒေသနာတော်များကို ရွတ်ဖတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း သိရသည်။





အပြည့်အစုံဖတ်ရန်...

Tuesday, September 23, 2008

သွေးမုန်တိုင်း တိုက်ခတ်ဖို့များတဲ့ မြန်မာ့ဒီမိုကရေစီပွဲသိမ်း

ဒေါက်တာလွဏ်းဆွေ
(ရွှေဝါရောင်တော်လှန်ရေး မစတင်မီ ၃၀-၈-၂၀၀၇ နေ့က ခေတ်ပြိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

မြန်မာ့နိုင်ငံရေး အခြေအနေကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အရေး တိုင်းပြည်ကို နောက်တကြိမ် သွေးနဲ့ဆေးချဦးမှ ရမယ့်အနေအထားပါပဲ။ ၈၈-ခုနှစ်တုန်းကတော့ တပြည်လုံးအတိုင်းအတာနဲ့ ပထမအကြိမ် ဆေးချခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီကနေ့အထိ ဒီမိုကရေစီသစ်ပင် ပေါက်မလာခဲ့ဘူး။ ကျနော်တို့ အတိုက်အခံ အင် အားစုတွေဘက်က ခေါင်းဆောင်မှုအပိုင်းမှာ ချွတ်ယွင်းအားနည်းတာတွေရှိခဲ့လို့ ရတဲ့အခွင့်အရေးတွေ လက် လွတ်ဆုံးရှုံးကုန်ပြီး စစ်အာဏာရှင်စနစ်အောက်မှာ ဆက်ပြီးပြားပြားမှောက်ခဲ့ရတယ်။ ပြည်သူတွေရဲ့ဘ၀တွေ ဆက်လက်ကျိုးကြေခဲ့ရတယ်။ အဆိုးဝါးဆုံး၊ အနိမ့်ကျဆုံး အခြေအနေကို ရောက်ခဲ့ရတယ်။ အချိန်ကြာလာ တာနဲ့အမျှ ဖြေရှင်းရမယ့် ပြဿနာတွေ ပိုမိုများပြားလာခဲ့တယ်။ အဲသလို ‘ကျနော်တို့ အတိုက်အခံတွေဘက် က ခေါင်းဆောင်မှုအပိုင်းမှာ ချွတ်ယွင်းအားနည်းတာတွေရှိခဲ့လို့’ဆိုတဲ့ သုံးသပ်ချက်အပေါ် ၀ိဝါဒကွဲချင်လည်း ကွဲမယ်။ စိတ်ဆိုးဒေါသထွက်သူတွေလည်း ရှိချင်ရှိမယ်။ ကွဲကွဲ၊ ထွက်ထွက် မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ရင် တော့ ဒီအဖြေပဲ ထွက်လာမယ်လို့ ထင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုအနေနဲ့က မဆလတပါတီအာဏာရှင်စနစ်ကို ဖြိုချခဲ့တဲ့အရေးမှာ သွေးမြေ လည်း ကျပေးခဲ့ပြီးပါပြီ။ ဒီမိုကရေစီစနစ် ထူထောင်နိုင်ဖို့အတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ ၀င် အတိုက်အခံအင်အားစုတွေဘက်ကို အပြတ်အသတ် ပုံအောမဲပေးခဲ့ကြပြီးပါပြီ။ ကျန်တဲ့ပွဲသိမ်းပိုင်းက န၀တ၊ နအဖ စစ်ဏာရှင်တွေနဲ့ လူထုပါဝါတွေ တင်းပြည့်ကျပ်ပြည့် ရရှိထားတဲ့ အတိုက်အခံခေါင်းဆောင်တွေ စီးချင်းထိုးရမယ့် အပိုင်း။ နိုင်ငံရေးဦးနှောက်ကစားရမယ့်အပိုင်း ဖြစ်လို့ပါပဲ။ န၀တ၊ နအဖ စစ်အုပ်စုဝင်တွေ ကတော့ အာဏာကို လုံးဝလက်မလွှတ်ချင်လို့ တလျှောက်လုံး မျက်နှာပြောင်ပြောင်နဲ့ ကမ်းကုန်အောင် ညစ် ပတ်ခဲ့တာ ကမ္ဘာသိပါ။ အဲဒါကြောင့် နအဖရဲ့ညစ်ပတ်မှုတွေကို အထူးအထွေ ဋီကာချဲ့ရင်း အချိန်ကုန်ခံနေတာ ထက်စာရင် ကျနော်တို့ အတိုက်အခံတွေဘက်က အားနည်းချက်ရှိခဲ့တဲ့ အပိုင်းကို ပြန်လှန်သုံးသပ်ပြီး ဆက် လက်တိုက်ပွဲဝင်ခြင်းက ပိုပြီးအကျိုးများမယ်လို့ ယူဆပါတယ်။

ဘောလုံးစကားနဲ့ပြောရရင် နအဖက ပွဲအစကတည်းက ဂိုးမပေးချင်လို့ တဖက်က အန်အယ်လ်ဒီဦးဆောင်တဲ့ အတိုက်အခံအသင်းကို လူချ။ နည်းမျိုးစုံညစ်ပြီး ပိတ်ဆို့ကစားနေခဲ့တာပါ။ အဲဒါကို ‘ကျနော်တို့ကို လူချနေပါ တယ်။ အမျိုးမျိုး ညစ်ပတ်နေပါတယ်။ ဂိုးရှေ့မှာ တချိန်လုံး ပိတ်ကစားနေပါတယ်’လို့ အော်ဟစ်တိုင်တန်းနေရုံ နဲ့ မရပါဘူး။ ဘယ်လောက်ပဲအော်အော် ဂိုးသွင်းနိုင်မှ အောင်ပွဲရတယ်လို့ သတ်မှတ်ခံရမှာပါ။ နောက်ပြီး ၈၈-အရေးအခင်း ပြီးကာစ။ ၉၀-ရွေးကောက်ပွဲ နိုင်ကာစမှာ အတိုက်အခံအသင်းဘက်က တိုက်စစ်နဲ့ ကစားခွင့် ရခဲ့တာပါ။ အဲသလို တိုက်စစ်နဲ့ ဖိကစားခွင့်ရတုန်း ပိတ်ဆို့ပြီး လူချကစားနေတဲ့ နအဖအသင်းဘက်ကို ဂိုးမြန်မြန်သွင်းနိုင်အောင် ခပ်သွက်သွက် ထိုးဖောက်လိုက်ရမှာပါ။ ကွင်းဘေးက ပရိသတ်အားလုံးကလည်း အတိုက်အခံအသင်းဘက်ကို အင်တိုက်အားတိုက် အားပေးတဲ့ အနေအထားမျိုး ရှိခဲ့တာမဟုတ်လား။ အဲသလို အသာစီးရတဲ့ အနေအထားမှာ အတိုက်အခံအသင်းအနေနဲ့ ဂိုးမြန်မြန်သွင်းဖို့ မကြိုးစားဘဲ နအဖအသင်းကို လူချမကစားဖို့။ မညစ်ပတ်ဖို့။ ဂိုးရှေ့မှာ ပိတ်မကစားဖို့ဘဲ တချိန်လုံးတောင်းဆိုရင်း ခြေကုန်လက်ပန်းကျပြီး ဂိုးမသွင်းနိုင်ဘဲ အောင်ပွဲနဲ့ဝေးရတဲ့ အနေအထားမျိုးကို ရောက်ခဲ့ရတယ်။ ကြာတော့ တခဲနက် အော်ဟစ်အား ပေးလာတဲ့ ပရိသတ်ပါ စိတ်ပျက်လက်မှိုင်ချရတဲ့ အခြေအနေကို ဆိုက်တော့တာပါပဲ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရှစ်လေးလုံးနှစ်ပတ်လည်တုန်းကတော့ ခေါင်းဆောင်မှုအပိုင်း အားနည်းတာတွေကို အတိ အလင်း ၀န်ခံပြောကြားဖော်ရတဲ့ အတိုက်အခံခေါင်းဆောင်တဦးကို တွေ့ခဲ့ရပါတယ်။ သူကတော့ ချင်းတိုင်း ရင်းသားခေါင်းဆောင် ဦးထောင်ကိုထန်းပဲ ဖြစ်ပါတယ်။ ဒီဗွီဘီက ထုတ်လွှင့်တဲ့ သြဂုတ်လ (၇)ရက်နေ့ အစီ အစဉ်မှာ သူက အခုလို ပြောကြားခဲ့ပါတယ်။

“ကနေ့ ၁၉နှစ်ကြာတဲ့အခါမှာ ဘယ်လိုအခြေအနေ ရောက်သွားသလဲလို့ မေးခွန်းထုတ်မယ်ဆိုရင်တော့ ကျ နော့်အမြင်ပြောရရင်တော့ ကျောင်းသားတွေက တာဝန်ကျေတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေး တယ်။ ပြည်သူလူထု အခုလည်း တာဝန်ကျေတယ်။ ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုကို မဲပေးပြီးတော့ အပြတ်အသတ် အနိုင်ရရှိအောင် လုပ်ပေးတယ်။ အဲဒီမှာ ကျနော်တို့အားနည်းတာက ကျနော်ကအစပေါ့လေ။ အားနည်းတာက လွှတ်တော်ကိုယ်စားလှယ်တော်တွေရယ်။ ၉၀ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ပါတီတွေရဲ့ အားနည်းချက်၊ ညံ့ ဖျင်းချက်ကြောင့် ဖြစ်တယ်။ အဲလို ကျနော် ဒီလိုပဲ တည့်တည့်ပြောချင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ၉၀ရွေးကောက်ပွဲကို စစ်အစိုးရက မူပြောင်းလဲပြီးတော့ လမ်းတခုကို နိုင်ငံရေးလမ်းစဉ်တခုကို သူကပြောင်းလဲသွားတယ်။ အဲဒီအခါကျတော့ နအဖနဲ့ ဘယ်လိုပုံစံနဲ့ ဆက်ဆံမလဲဆိုတာ နည်းလမ်းတခုကို ရှာဖွေပြီးတော့ လုပ်ရမယ်။ ဒါ ကျနော်တို့ အနိုင်ရနိုင်ငံရေးပါတီအုပ်စုတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လွှတ် တော်ကိုယ်စားလှယ်တွေ ဒါတွေကို ကျနော်တို့ မဆောင်ရွက်နိုင်ခဲ့ဘူး။ အဲဒီတော့ ၁၉နှစ်အထိ ကြာပေမယ့် အခုထက်အထိ ဘာမှ မြန်မာပြည်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အကောင်အထည်ပေါ်တာ မတွေ့သေး ဘူး။ အထူးသဖြင့် ပြည်သူလူထုဆိုတဲ့နေရာမှာ ပြည်သူက မန်းဒိတ်ပေးထားတာ နိုင်ငံရေးပါတီတွေ အထူး သဖြင့် လွှတ်တော်ကိုယ်စားလှယ်တော်တွေမှာ မန်းဒိတ်ပါဝါပေးထားတယ်။ ပြည်သူပေးတဲ့ တာဝန်ကိုတော့ ကျေပွန်အောင်ထမ်းဆောင်ဖို့ လိုတယ်လေ။”

ဦးထောင်ကိုထန်းပြောခဲ့တဲ့အတိုင်း ကျနော်တို့ အတိုက်အခံအင်အားစုတွေဘက်က ခေါင်းဆောင်မှုအပိုင်းကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် ...

စစ်အုပ်စုအနေနဲ့ အာဏာသိမ်းပြီးပြီးချင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက တတ်သိပညာရှင်အုပ်စုဝင် တွေကို အစီအစဉ်တကျ စတင်ဖြိုခွင်းခဲ့တယ်။ အဲဒီနောက် ၁၉၈၉ခုနှစ် ဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းပြီးတဲ့ အချိန်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော် မတီမှာ မျိုးချစ်ရဲဘော်ဟောင်းအုပ်စုဝင်တွေပဲ အများစုကျန်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီကနေ့အချိန်အထိ လျှောက်လှမ်းခဲ့တဲ့ ကာလအများစုမှာ ဗဟိုကော်မတီကို မျိုးချစ်ရဲဘော်ဟောင်းတွေကပဲ အဓိကဦးဆောင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ် (ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့က အဖမ်းဆီးအထိန်းသိမ်းခံဘ၀ နဲ့ နေရတဲ့အချိန်က အများစုဖြစ်နေလို့ပါ)။

အဲဒီတော့ ဒီကနေ့ဖြစ်တည်နေတဲ့ တော်လှန်ရေးရဲ့အနေအထားဟာ ဦးဆောင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီကို တလျှောက်လုံးနီးပါး အုပ်စီးခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ ခေါင်းဆောင်မှုအပိုင်းနဲ့ အများကြီး သက် ဆိုင်နေတယ်လို့ ယူဆပါတယ်။ အဲဒါကြောင့်လည်း မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ နိုင်ငံရေးလုပ်ဆောင်ချက် တွေကို မှတ်မိသလောက် ပြန်လည်ငဲ့စောင်း ကြည့်မိပါတယ်။ ဒါပေမယ့် ကျနော်က အန်အယ်လ်ဒီပါတီဝင် မ ဟုတ်ဘဲ ပြင်ပလေ့လာသုံးသပ်သူတဦးအနေနဲ့သာ ဖြစ်စဉ်တွေကို ပြန်လည်ဆက်စပ်ကြည့်ခြင်းဖြစ်တဲ့အတွက် ပါတီတွင်းကိစ္စ အသေးစိတ်တွေကိုတော့ ဗဟိုကော်မတီတွေနဲ့ နီးနီးကပ်ကပ်ရှိတဲ့ အန်အယ်ဒီပါတီဝင်တွေက ပိုသိနိုင်မှာဖြစ်ပါတယ်။

နိုင်ငံရေးဖြစ်စဉ်တွေကို ပြန်လည်ငဲ့စောင်းကြည့်တဲ့အခါမှာ ၁၉၈၉ခုနှစ် ဇူလိုင်(၁၉)ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့ချီတက်ပွဲ ကိစ္စအကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ ဆွေးနွေးပြော ဆိုကြတဲ့ အသံဖမ်းတိတ်ခွေ နားထောင်ခဲ့ရတာကို ပြန်အမှတ်ရမိပါတယ်။ ကျနော်က ၁၉၉၀ ပြည့်ရွေး ကောက် ပွဲမတိုင်ခင် အပြင်ကိုပေါက်ထွက်လာတဲ့ အဲဒီအသံဖမ်းတိတ်ခွေကို နားထောင်ခဲ့ရတာပါ။ အဲဒီအထဲမှာ အာဇာ နည်နေ့ချီတက်မယ့် ကိစ္စကို ဆွေးနွေးရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ သဘောထား အကြီးအကျယ် ကွဲနေကြတာကို ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ချီတက်မယ့်ဘက်က အပြင်းအ ထန်ဆွေးနွေးပြီး မျိုးချစ်ရဲဘော်ဟောင်းတွေကတော့ ချီတက်မှာကို ကန့်ကွက်တဲ့ဘက်ကနေ ပြောဆိုဆွေးနွေး နေကြတာ ဖြစ်ပါတယ်။ အဲဒီတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မျိုးချစ်ရဲဘော်ဟောင်းတွေကို သူရဲ ဘောကြောင်သူတွေအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတာကိုကြားရပြီး မျိုးချစ်ရဲဘော်ဟောင်းတွေက တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီတက်မယ့်လုပ်ရပ်ကို မိုက်ရူးရဲဆန်တဲ့သဘောမျိုး ရှုမြင်ပြောဆိုပြီး ဟား တိုက်ရယ်မောနေကြတာကို ကြားခဲ့ရပါတယ်။

အဲဒီအာဇာနည်နေ့ကိစ္စမှာ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဆိုတဲ့အတိုင်း မျိုးချစ်ရဲဘော် ဟောင်းတွေအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နောက်မှာ တညီတညွတ်တည်းရှိနေခဲ့ရင် ပြည်သူလူထုကလည်း တခဲနက် လိုက်ပါချီတက်ကြမှာ ဖြစ်တဲ့အတွက် တိုက်ပွဲအရှိန်အဟုန်က တမျိုးတမည် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတဖက် မျိုးချစ်ရဲဘော်ဟောင်းတွေကတဖက် ဖြစ်နေ တာကို စစ်အုပ်စုက အခွင့်ကောင်းယူပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အတွက် တိုက်ပွဲအရှိန် လျော့ကျသွားခဲ့ရပါတယ်။

ရွေးကောက်ပွဲအပြီး ဇူလိုင်လမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဂန္ဓီခန်းမမှာ စုဝေးခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာဦးဝင်းတင်တို့ အဖမ်းခံနေရချိန်ဖြစ်တဲ့အ တွက် ဂန္ဓီခန်းမအစည်းအဝေးကို မျိုးချစ်ရဲဘော်ဟောင်းတွေကပဲ အဓိက ဦးဆောင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ ခန်းမအပြင်မှာ စောင့်မျှော်နေကြတဲ့ ပြည်သူလူထုကြီးက အစိုးရအဖွဲ့ကြေညာရင် ထောက်ခံဖို့ စောင့်စားနေကြတာပါ။ စစ်အုပ်စုကလည်း အစိုးရအဖွဲ့ကြေညာမှာကို စိုးရိမ်လို့ (ကြေညာလို့ရတယ် ဆိုတာကို လည်း သိနေလို့) လန့်ဖြန့်ပြီး ၁/၉၀ကို အရေးပေါ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်ရဲဘော်ဟောင်းတွေ ဦးဆောင်တဲ့ ဂန္ဓီခန်းမအစည်းအဝေးက ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိုသာ တောင်းဆိုပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့လို့ ပြည်သူလူထုအနေနဲ့ ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစု ကြည်လို တိုက်ပွဲခေါ်ရဲတဲ့ ခေါင်းဆောင်မျိုး အပြင်မှာမရှိတာ အတိုက်အခံအင်အားစုတွေအတွက် အကြီးအ ကျယ် နစ်နာခဲ့ရပါတယ်။

၂၆-၃-၁၉၉၁မှာတော့ မျိုးချစ်ရဲဘော်ဟောင်းတွေဟာ နအဖရဲ့ဖိအားပေးမှုတွေ (ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေမဲ့လုပ်ရပ်တွေကျူးလွန်တယ်။ နေအိမ်ခြံဝင်းအတွင်းမှာ အကြမ်းဖက်သောင်းကျန်းသူတွေ နေထိုင်ခွင့် ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ)ကိုငုံ့ခံပြီး နအဖအလိုကျ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေထုတ်ပစ်ကာ ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ဘားမားတူဒေးဝက်ဘ်ဆိုက်မှာ ဖော်ပြ တဲ့ ‘ကေမှ ဖေဖေသို့’ ဆောင်းပါးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို အန်အယ်ဒီရုံးမှာ မကပ်ရဘူးလို့ ဗဟိုက အမိန့်ထုတ်ခဲ့တယ် ဆိုတာကိုဖတ်ရတော့ မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ လူထုခေါင်းဆောင်အပေါ်ထား တဲ့ သဘောထားကို အံ့သြမှင်သက်မိခဲ့ရတယ်။ ပုသိမ်ထောင်ကထွက်လာတဲ့ ပါတီဝင်အမျိုးသမီးတဦးရဲ့ ပြောဆိုချက်အရလည်း မျိုးချစ်ရဲဘော်ဟောင်း တွေဦးဆောင်တဲ့ ဗဟိုကော်မတီဟာ နိုင်ငံရေးမှုနဲ့ ထောင်ကျ ပြီးထွက်လာတဲ့ ပါတီဝင်တွေကို ပါတီဝင်အဖြစ်ကနေ ထုတ်ပစ်တယ်လို့သိရတဲ့အခါ မျိုးချစ်ရဲဘော်ဟောင်း တွေရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ပိုလို့နားမလည်နိုင်အောင် ဖြစ်ခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ အထိန်းအသိမ်းခံနေရစဉ် ၁၉၉၃ခုနှစ် ဇန်န၀ါရီလမှာလည်း စစ်အုပ် စုကလုပ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို မျိုးချစ်ရဲဘော်ဟောင်း ဦးအောင်ရွှေခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၈၆-ဦးသွားတက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံ အင်အားစုတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်နေပြီး စစ်အုပ်စုက စစ်ကျွန်သက်ရှည်အောင်ဖန် တီးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပေါ်ပေါက်ရေးကို အားပေးအားမြှောက်ပြုသလို ဖြစ်ခဲ့ပါတယ်။ နအဖ အာဘော်တွေရေးနေတဲ့ စိုးမြကျော်ရဲ့ဆောင်းပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်ထားတဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်လုပ် ဆောင်ခဲ့တယ်လို့ ရေးသားထားပုံကိုကြည့်ရင် နအဖနဲ့ပေါင်းပြီး လက်ဝါးရိုက်တယ်လို့ စွပ်စွဲတာတွေဟာ မ လွန်ဘူးလို့ ထင်ပါတယ်။ ထင်တဲ့အတိုင်းသာ ဟုတ်နေခဲ့ရင်တော့ အခုအထိ လျှောက်လှမ်းခဲ့ရတဲ့ တော်လှန် ရေးခရီးကြမ်းကြီးအပေါ် ‘သေပြီဆရာ’လို့ပဲ မှတ်ချက်ချဖို့ ရှိတော့ မယ်ထင်ပါရဲ့။

အခုအချိန်မှာတော့ နအဖက သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အတုအယောင်ဖွဲ့စည်းပုံကိုပဲ ဇွတ်အတည်ပြုဖို့ ခေါင်းမာမာနဲ့ ဆက်ကြိုးစားနေတယ်။ နအဖအနေနဲ့ကလည်း အာဏာကိုလက်မလွှတ်ရဲလို့သာ စိတ်ကူးယဉ် ကြိုးပမ်းနေတာပါ။ အဲသလို အာဏာလက်မလွတ်ရအောင် (မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို ဦးဆောင်မှုနေရာကရအောင်) ဇွတ်လုပ်ယူလို့ ရသွားခဲ့ရင်လည်း တိုင်းပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်လို့ရမှာ မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင်လည်း သိမှာပါ။ အခုအတိုင်းပဲ အတိုက်အခံအင်အားစုတွေ၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက ဆန့်ကျင်မြဲဆန့်ကျင်၊ တော်လှန်မြဲ တော်လှန်နေကြဦးမယ်ဆိုတာကို သူတို့ သိမှာပါ။ တရားမျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဘယ်အတိုက်အခံအင်းအားစုက လာပြီးပူး ပေါင်းမှာလဲ။ ဘယ်တော်လှန်ရေးသမားက လာပြီးလက်နက်ချ အညံ့ခံမှာလဲ။ ရှင်းနေတဲ့ဥစ္စာ။ အဲဒီတော့ အ တုအယောင် ဖွဲ့စည်းပုံအတိုင်းသာ ဇွတ်လျှောက်မယ်ဆိုရင် ပြဿနာတွေက ဖြစ်မြဲအတိုင်း ဆက်ဖြစ်နေဦးမှာပဲ။ တိုင်းသူပြည်သားတွေလည်း ဆက်ပြီး ဒုက္ခသုက္ခ ရောက်မြဲ ရောက်နေကြဦးမှာ မုချပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ဖြစ်နေတဲ့ ပြဿနာအရပ်ရပ်ဟာ စစ်တပ်က သူ့နေရာသူမနေဘဲ နိုင်ငံရေးဦး ဆောင်မှုအခန်းကဏ္ဍမှာ ၀င်ရှုပ်နေလို့ပါ။ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ စစ်တပ်က တမတ်သားမပြောနဲ့ တပြားသားပဲ ၀င်ပါလည်း ပြဿနာက တက်နေဦးမှာပါပဲ။ စစ်တပ်ဆိုတာ နိုင်ငံရေးရဲ့လက်အောက်ခံအနေနဲ့ပဲ ရှိရမှာပါ။ နိုင်ငံရေးဆိုတာ အများစုသော စစ်ခေါင်းဆောင်တွေ ကျွမ်းကျင်တဲ့အလုပ်မဟုတ်ပါဘူး။ တိမ်တောင် သဖွယ် မင်းရေးကျယ်တဲ့ အလုပ်မို့ တသွေးတသံတမိန့်စနစ်ကို ယဉ်ပါးနေတဲ့ စစ်ဗိုလ်တွေ အများစုအနေနဲ့ နိုင်ငံရေးပြဿနာတွေကို မကိုင်တွယ်တတ်၊ မဖြေရှင်းတတ်တာ သဘာဝကျပါတယ်။ အင်မတန်ရှုပ်ထွေးသလို အင်မတန်လည်း သိမ်မွေ့တဲ့ အလုပ်မို့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးသမားစစ်စစ်တွေပဲ ကိုင်တွယ်ဖြေ ရှင်းနိုင်မှာပါ။

ဒီလိုပြောလို့ စစ်ခေါင်းဆောင်တွေဆိုတာ နိုင်ငံရေးကို နားလည်တဲ့သူတွေ မဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ပါ ဘူး။ နားလည်တဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ကြည့်ပါ။ နိုင်ငံရေးကို နားလည်လို့၊ ၀ါသနာပါလို့၊ စစ်တပ်နဲ့ နိုင်ငံရေး မရောထွေးသင့်ဘူးလို့ ရှင်းရှင်းလင်းလင်း သိမြင်လို့ ဂျပန်တော်လှန်ရေး အပြီးမှာ စစ်တပ်က ထွက်ပြီး နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်လိုက်တာပေါ့။ ဒီကနေ့ တိုင်းပြည်ကို သိပ် အုပ်ချုပ်ချင်နေတဲ့ နအဖစစ်ခေါင်းဆောင်တွေလည်း သတ္တိရှိရင် ဗိုလ်ချုပ်အောင်ဆန်းလို စစ်တပ်ကထွက်ပြီး ၀င်အရွေးခံပေါ့။ နိုင်ငံသားတယောက်အနေနဲ့ ၀ါသနာပါရင် နိုင်ငံရေးနယ်ထဲကို ၀င်နိုင်တဲ့ အခွင့်အရေးရှိနေ တာပဲဟာ။ အဲလိုတော့ သတ္တိမရှိဘဲ သေနတ်အားကိုးနဲ့ အချောင်အာဏာလိုချင်မှတော့ အခုလို ပြည်တွင်း ပြည်ပရဲ့ ဆန့်ကျင်မှုကိုခံရတာ နည်းတောင်နည်းသေးလို့ပဲ ပြောရမယ်ထင်တယ်။

အဲဒီတော့ ဒီကနေ့ နိုင်ငံရေးလောကမှာ ၀င်ရှုပ်နေတဲ့ စစ်တပ်အနေနဲ့ စစ်တန်းလျားကိုပြန်ပြီး ကိုယ့်ရဲ့အဓိက တာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ ကျေပြွန်အောင်ထမ်းဆောင်မယ်ဆိုရင် ဖြစ်နေတဲ့ ပြဿ နာတွေဟာ တော်တော်များများ လျော့ပါးပြေလည်သွားမှာပါ။ ဒါပေမယ့် ဒါကိုပဲ မိုက်မိုက်မဲမဲ ဆက်ကြိုးစားနေ ပုံထောက်ရင် နအဖ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေအဖို့ စစ်အာဏာရှင်စနစ် ဆက်လက်ခိုင်မြဲအောင် မျက် လှည့်ပြရုံမှတပါး အခြားလမ်းကို ရွေးချယ်စရာမရှိလို့ဆိုတာထင်ရှားနေပါတယ် (သူတို့ရဲ့ သေရေးရှင်ရေးက ပိုပြီးအရေးကြီးတယ်လို့ ခံယူထားတာကြောင့် ဖြစ်မှာပါ)။

အဲဒီတော့ ကိုယ့်ဘက်က ဘာဆက်လုပ်မလဲဆိုတာကိုပဲ ကျနော်တို့ အတိုက်အခံတွေဘက်က ပြတ်ပြတ်သား သား စဉ်းစားဖို့ရှိတော့တယ်။ စဉ်းစားဖို့ဆိုရာမှာ (၁) တွေ့ဆုံဆွေးနွေးရေးနည်းလမ်း (၂) ပြည်သူတွေက မန်း ဒိတ်အပြည့်ပေးထားတဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဦးဆောင်တိုက်ပွဲခေါ်ပြီး ပြည် သူလူထုပါလာအောင် ဆွဲခေါ်နိုင်မယ့်နည်းလမ်း (၃) အန်အယ်လ်ဒီဗဟိုကော်မတီက ဦးဆောင်တိုက်ပွဲခေါ်မှု မရှိတဲ့အတွက် ၈၈ မျိုးဆက်ကျောင်းသားတွေအပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဦးဆောင်တိုက် ပွဲဝင်ပြီး ပြည်သူလူထုပါလာအောင် စည်းရုံးခေါ်ဆောင်နိုင်မယ့်နည်းလမ်း (၄) မထင်မှတ်တဲ့အနေအထားကနေ လူထုပေါက်ကွဲအုံကြွမှု ဖြစ်ပေါ်လာ နိုင်တဲ့နည်းလမ်းဆိုပြီး နည်းလမ်းလေးသွယ် တွေ့ရမှာဖြစ်ပါတယ်။

အဲဒီနည်းလမ်းလေးသွယ်မှာ အမှတ်စဉ်(၁)ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကို ဖြစ်နိုင်မဖြစ်နိုင် အရင်သုံး သပ်ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ မဖြစ်နိုင်တဲ့ဟာကို ထိုင်စောင့်နေမယ်ဆိုရင် အချိန်ကုန်တာပဲ အဖတ် တင်ပြီး လူထုကို ဒုက္ချဆင်းရဲတွင်းထဲပိုရောက်အောင် တွန်းပို့သလို ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့်တော့ အာဏာရှင်ဆိုသူတွေဟာ မနက်ဖြန်မှသာ ခွေးပြေးဝက်ပြေး ပြေးချင်ပြေးရပါစေ။ ဒီကနေ့အထိတော့ သူတို့ ကိုယ်သူတို့ အိုကေတယ်လို့ထင်တဲ့ လူစားတွေချည်းပါပဲ။ လူဆိုတာ သေရမှာကို ကြောက်တဲ့အမျိုးမို့ လက် ထဲမှာ သေနတ်ရှိနေတဲ့ အာဏာရှင်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲကြတာ အဆန်းမဟုတ်ပါ ဘူး။

ဒါပေမယ့် သေမထူးနေမထူးဘ၀ ရောက်လာရင်တော့ လူတွေဟာ သေရမှာကို မကြောက်ကြဘူးဆိုတာကို အာဏာရှင်တွေအများစု စဉ်းစားမိပုံ မပေါ်ဘူး (အောက်ကနေ အချက်အလက်အမှားတွေနဲ့ မြှောက်ပင့်စား သောက်နေတဲ့လူတွေကလည်း သူတို့အနားမှာ များမှများပဲကိုး) တွေးမိတဲ့ အာဏာရှင်လည်း ရှိကောင်းရှိ မှာပါ။ အဲသလို တွေးမိတဲ့အာဏာရှင်မှလည်း တရားမျှတဲ့ ရွေးကောက်ပွဲ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ နောက်ဆုတ်ပေးတတ်ကြတာပါ။ ဒါမျိုးနည်းလမ်းကို ရွေးချယ်တဲ့ အာဏာရှင်ကလည်း အလွန် အင်မတန်မှ ရှားပါတယ်။ အများစုက ခွေးကျကျရင်ကျ၊ မကျရင် ခွေးပြေးဝက်ပြေးပြေး၊ မပြေးရင် အသေ ထွက်ထွက် သူထွက်ဆိုတဲ့ အာဏာရှင်တွေချည်းပဲ။ နအဖအနေနဲ့ သူတို့ကျင်းပပေးခဲ့တဲ့ ၉၀ ရွေးကောက် ပွဲရလဒ်ကိုလည်း အကောင်အထည်ဖော်မပေးချင်။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကိုလည်း မျက်ကွယ်ပြုပြီး ဘယ်သူမှမထောက်ခံတဲ့ အမျိုးသားညီလာခံကိုပဲ ပြီးအောင် ဇွတ်လုပ်နေပုံထောက်ရင် သူတို့ရဲ့ဇာတ်သိမ်းဟာ အာဏာရှင်အများစုသွားရာ လမ်းပဲဖြစ်လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နအ ဖအနေနဲ့ လူထုအုံကြွမှုဖြစ်လာနိုင်တဲ့ အကျိတ်အခဲကို ပြေပျောက်အောင် လုပ်ဆောင်ဖို့မှ မကြိုးစားပဲကိုး (ကြိုး စားဖို့ မတတ်နိုင်တော့တာလည်း ဖြစ်မှာပါ)။

အဲဒီတော့ ဒီကနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အကဲခတ်ရာမှာ နအဖအနေနဲ့ လူထုအုံကြွမှုနဲ့ ထိပ် တိုက်တိုးပြီး ဇာတ်သိမ်းရမယ့် အရိပ်အယောင်တွေ ပိုမိုယှက်သန်းလာနေတာကိုပဲ တွေ့နေရပါတယ်။ လူထု အုံကြွမှု ဖြစ်နိုင်ချေရှိတဲ့ အနေအထားက အမှတ်စဉ်(၂)၊ (၃)နဲ့ (၄)တွေအတိုင်း တာစူနေပါတယ်။ အမှတ်စဉ် (၂) နည်းလမ်းနဲ့ လူထုအုံကြွမှုကို ဖော်ဆောင်ဖို့ဆိုတာကတော့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ တိုက်ပွဲခေါ်ရဲမှုအပေါ်မှာ အများကြီးမူတည်နေပါတယ်။ အထက်က သုံးသပ်ပြခဲ့တာတွေအတိုင်း ဆိုရင်တော့ မျိုးချစ်ရဲဘော်ဟောင်းတွေ ဦးဆောင်နေတဲ့ အန်အယ်ဒီစီအီးစီအနေနဲ့ တိုက်ပွဲခေါ်မယ့် အရိပ်အ ယောင်မတွေ့ရဘဲ တောင်းပွဲတွေ၊ ထုတ်ပြန်ကြေညာချက်တွေနဲ့ပဲ ထိုင်စောင့်ဖို့ များနေတာကို တွေ့ရမှာဖြစ် ပါတယ်။ ရှစ်လေးလုံးနှစ်ပတ်လည်တုန်းကတော့ အန်အယ်လ်ဒီပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ...

“ပြည်သူလူထုကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုချင်တဲ့ စိတ်ဆန္ဒရှိရု မဟုတ်ဘူး။ မိမိတို့ကိုယ်တိုင် မိမိတို့ လိုချင်တဲ့ဟာကိုလည်း ပြည်သူလူထုက တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်လာကြဖို့ ကျနော်တိုက်တွန်းချင် တယ်” လို့ပြောသွားတာကို ဒီဗွီဘီမှာကြားလိုက်ရပါတယ်။ ဦးဥာဏ်ဝင်းရဲ့ ဖြေကြားချက်အပေါ် မေးခွန်း ထုတ် စရာရှိတာက လူထုပါဝင်လာချင်အောင် ရှေ့ကဦးဆောင်ဦးရွက်ပြုနေတဲ့ အန်အယ်လ်ဒီစီးအီးစီက ဘယ်လို တိုက်ပွဲတွေခေါ်နေလို့လဲ ဆိုတာပါပဲ။ ရှေ့ကဦးဆောင်နေတဲ့သူတွေက တိုက်ပွဲခေါ်မှလည်း လူထုကနောက်က နေ ပါဝင်လာမယ်လို့ မြင်မိပါတယ်။ လူအုပ်နောက်ကပဲ ဖုန်လိုက်ရှူနေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

အဲဒီတော့ ဒီကနေ့အနေအထားမှာ လူထုပါဝင်တိုက်ပွဲဝင်လာဖို့ ဖြစ်နိုင်ချေအများဆုံး နည်းလမ်းကတော့ အ မှတ်စဉ်(၃)နဲ့ (၄)ပါပဲ။ (၃)နဲ့ (၄)ဟာ တပေါင်းတည်းဖြစ်သွားနိုင်တဲ့ အနေအထားလည်း လောလောလတ် လတ်မှာ တွေ့နေရပါပြီ။ အခုဆိုရင် လောင်စာဆီဈေးမြင့်တက်မှုကြောင့် ပြည်သူလူထုတွေပါ ပါဝင်လာတဲ့ ဆန္ဒပြပွဲတွေ ရန်ကုန် မြို့ရဲ့နေရာ အတော်များများမှာ ဖြစ်ပွားနေပါပြီ။ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ဦးဆောင်မှုကြောင့် အရှိန်ရလာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ လောင်စာဆီကြောင့် စားဝတ်နေရေး ပိုမိုကြပ် တည်းမှုနဲ့ ကြုံတွေ့ရတဲ့ ပြည်သူလူထုရဲ့ဒေါသနဲ့ ပေါင်းစည်းလာနေပါပြီ။ နအဖအနေနဲ့လည်း ကြံ့ဖွံ့တွေ၊ စွမ်း အားရှင်တွေနဲ့ ရန်တိုက်ပေးပြီး အစွမ်းကုန်ခုခံဖို့ ပြင်ဆင်နေပါပြီ။

ဘယ်လိုအနေအထားမျိုးနဲ့ လူထုအုံကြွမှုဖြစ်ဖြစ် သေချာတာကတော့ လူထုအုံကြွမှုဖြစ်လာရင် အထိုက်အ လျောက် သို့တည်းမဟုတ် ကံဆိုးတဲ့ ပြည်သူတော်တော်များများ သွေးမြေကျကြဦးမှာပါပဲ။ နအဖက လက်ကိုင် တုတ် အဖြစ်အသုံးချနေတဲ့ ကြံ့ဖွံ့တွေ။ စွမ်းအားရှင်တွေ (အတုအယောင်ပြည်သူတွေ)လည်း သေကြေကြ မှာဖြစ်သလို မျိုသိပ်ခံစားထားသမျှတွေ ပေါက်ကွဲပြီး ဆန္ဒပြပွဲမှာ ပါဝင်လာမယ့် အစစ်အမှန် ပြည်သူတွေလည်း သေကြေကြရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အရေး မလွဲမသွေ ကြုံတွေ့ရဦးမယ့် ၀မ်းနည်းကြေကွဲဖွယ် ဖြစ်စဉ်ကြီးပါပဲ။ ဒါပေမယ့် အဲသလို ၀မ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးတွေကို မကျော် လွှားရဲ၊ မကျော်လွှားနိုင်ရင်လည်း ကျနော်တို့ အားလုံးဟာ နောင်လာမယ့် သားစဉ်မြေးဆက်တွေအထိ အခုလို ပဲ လူဖြစ်ရတဲ့ဘ၀မှာ အကြိမ်ကြိမ်အခါခါ သေနေကြရတဲ့ အဖြစ်မျိုးနဲ့ တိုးနေကြဦးမှာပဲ မဟုတ်ပါလား။

ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံဖတ်ရန်...

Friday, September 19, 2008

ရေချမ်း၊ ဆွမ်း၊ ဆီမီးကပ်လှူရန် ဘုရားရှိခိုး

အပြည့်အစုံဖတ်ရန်...

Saturday, September 13, 2008

စစ်အစိုးရ၏ မှားယွင်းသော စွပ်စွဲမှုအပေါ် စွမ်းအားမြှင့် လှောင်ပြောင်

သန်းထိုက်ဦး
ချင်းမိုင်။ ။ ရန်ကုန်တွင် ဇူလိုင်လ အစောပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု တခု၏ လက်သည်အဖြစ် အတိုက်အခံ နိုင်ငံရေးပါတီ အဖွဲ့ဝင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို စစ်အစိုးရက စွပ်စွဲထားခြင်းအပေါ် လက်နက်ကိုင် ကျောင်းသား သူပုန်အဖွဲ့ တခုဖြစ်သော စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့က ဗုဒ္ဓဟူးနေ့က လှောင်ပြောင် ရှုတ်ချလိုက်သည်။

အစိုးရ ကျောထောက်နောက်ခံ ပေးထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့၏ ရွှေပြည်သာမြို့နယ် ရုံးခွဲတခုကို ဇူလိုင်လ တရက်နေ့က ဗုံးခွဲ တိုက်ခိုက်မှုသည် သူတို့၏ လက်ချက် ဖြစ်သည်ဟု ရန်ကုန်တွင် လှုပ်ရှားမှု ပြုနေသည် ဆိုသော စွမ်းအားမြှင့်အဖွဲ့၏ ကြေညာချက် တခုတွင် ထပ်မံ ပြောဆိုထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများကို ဗုံးခွဲသည် ဆိုကာ စစ်အစိုးရက ဖမ်းဆီးထားခြင်း အတွက်လည်း ထိုအဖွဲ့က ရှုတ်ချ ပြောဆိုထားသည်။

ဗုံးပေါက်ကွဲမှု၏ လက်သည်မှာ သူတို့ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သော်လည်း စစ်အစိုးရ အနေဖြင့် လက်ရ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းနှင့် အရှက်ပြေ လုပ်ရပ်အဖြစ် အကြမ်းမဖက် လမ်းစဉ်ကို ဆုပ်ကိုင်ထားသော အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း စွမ်းအားမြှင့်က ပြောသည်။

"အဆင့်အတန်း မရှိသော ဗြောင်လိမ် ရှင်းလင်းပွဲများ နောက်ကွယ်တွင် စွမ်းအားမြှင့် စစ်သည်တော်များနှင့် ပတ်သက် ဆက်နွယ်နေသည်ဟု သံသယရှိသူ မိသားစုဝင်များအား ရန်သူ စစ်အုပ်စုက အောက်လမ်းနည်းများဖြင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီး နှိပ်စက်နေခြင်းသည် ယခု တေဇ ကုမ္ပဏီအနီး ကားဗုံးကွဲသလို နိုင်ငံတ၀ှမ်း ပေါက်ကွဲမှုများ ဖြစ်ပေါ်လာရေး အတွက် ပိုမို တွန်းအားပေးနေသည်။" ဟု မြန်မာ အသိုင်းအ၀ိုင်းအကြား အီးမေးလ်မှတဆင့် ဖြန့်ဝေသော စွမ်းအားမြှင့်၏ ကြေညာချက်တွင် ပါရှိသည်။ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက တနင်္ဂနွေနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တရပ်တွင် အန်အယ်လ်ဒီ အဖွဲ့နှင့် လူ့အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေး ကွန်ယက်အဖွဲ့ ခေါင်းဆောင် ဦးမြင့်အေးတို့ကို ဗုံးဖောက်ခွဲခဲ့သည်ဟု စွပ်စွဲ ပြောဆိုသွားသည်။

ဇူလိုင်လကတည်းက စစ်အစိုးရသည် အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးခဲ့သည်။

"အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသူများအား ဖမ်းဆီး နှိမ်နင်း ထောင်ချမှုများ ပြုလုပ်နေသော်လည်း ပြည်တွင်းရှိ စစ်အုပ်စုအား ဆန့်ကျင်နေသူများ လျော့နည်း ပပျောက်သွားမည် မဟုတ်ဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲများ တစထက်တစ ပိုမို ပြင်းထန်လာစေလိမ့်မည်" ဟု စွမ်းအားမြှင့်၏ ကြေညာချက်တွင် ရေးသားထားသည်။

ယခု သတင်းပေးပို့ချိန်အထိ အီးမေးလ်သော် လည်းကောင်း၊ တယ်လီဖုံးဖြင့် သော်လည်းကောင်း ဆက်သွယ်၍ မရနိုင်ဘဲရှိသည့် စွမ်းအားမြင့်အဖွဲ့က ရွှေပြည်သာ ကြံ့ခိုင်ရေးရုံး ဗုံးဖောက်ခွဲမှုနှင့် ရန်ကုန်မြို့လယ်ရှိ အေဘီစီ စားသောက်ဆိုင်အနီး ဧပြီလ အတွင်းက ဖောက်ခွဲမှု လက်သည်မှာ သူတို့ဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်နေ့ကလည်း ကြေညာခဲ့သည်။

ဖောက်ခွဲမှု နှစ်ရပ်လုံးတွင် လူအသေအပျောက် မရှိဘဲ မော်တော်ယာဉ်များနှင့် ပရိဘောဂများသာ ပျက်စီးခဲ့သည်။

ထိုအတောအတွင်း အတိုက်အခံ လှုပ်ရှားသူများကို စစ်အစိုးရက ဖြိုခွင်းမှုများ တိုးမြှင့် လုပ်ဆောင်လာနေရာ တင်္နလာနေ့က ရေနံချောင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၄ ဦးကို ဖမ်းဆီးပြီး မကြာသေးခင်က ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းခဲ့သည်။

သို့ပေမယ့် နာရီ အနည်းငယ်အကြာ မေးမြန်းမှုပြုပြီး တက်ကြွ လှုပ်ရှားသူ ၄ ဦးစလုံးကို ပြန်လွှတ်ပေးခဲသည်။

စစ်ဆေးမေးမြန်း ခံရသူများတွင် ပါဝင်သူတဦး ဖြစ်သော ကိုသက်လွင်က မဇ္ဈိမသို့ ပြောကြားရာတွင် ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ် ရှိ၊ မရှိနှင့် နောက်ထပ် ဆန္ဒပြမှုများ ဆက်လုပ်ရန် ရှိ၊ မရှိ မေးမြန်း ခံခဲ့ရသည်ဟု ပြောကြားသည်။

လွန်ခဲ့သည့် နှစ်လအတွင်း လူဖမ်းပွဲကြီး တိုးမြှင့် လုပ်ဆောင်နေရာ လွန်ခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သော လူထုအုံကြွမှုမျိုး မဖြစ်ပေါ်စေရန် အာဏာပိုင်များက ကြိုးစားနေကြောင်း စောင့်ကြည့် လေ့လာသူများက ပြောသည်။
mazzima မှ ကူးယူဖော်ပြသည်။

အပြည့်အစုံဖတ်ရန်...

Monday, September 8, 2008

အမြန်ဆက်သွယ်ပါ

သြစတြေးလျနိုင်ငံတွင်ရောက်ရှိနေသော
ဒေါ်ခင်လှိုင်နှင့်မိသားစု
သားမောင်သိန်းထွန်း၊ အငယ်လေး
သမီးမစု၊ မယု
အထက်ပါမိသားစုသည်သည်လည်းကောင်း၊
အထက်ပါမိသာစုနှင့်ရင်နှီးကျွမ်းဝင်သူများသည်လည်းကောင်း
အရေးတကြီးကိစ္စရှိပါ၍
အမြန်ဆုံးဆက်သွယ်ပါရန်



လွန်ခဲ့သောအနှစ် ၂၀ ကျော်ခန့်က မြန်မာပြည်မှ ထွက်ခွာသွားသော မိသားစုဖြစ်ပါသည်။
ဆရာတော်ဦးသီလ၀ံသ (ဘိတ်ဆရာတော် ) မြိတ်ကျောင်း (သို့) ဓမ္မရေအေးတောရကျောင်း၊ ပုပ္ပါးမြို့၊ အထက်နတ်နန်းအနီး

ပုံ(၁)

ဆရာတော် ဦးသီလ၀ံသနှင့် ဒကာ၊ ဒါယိကာမများဖြစ်သော ဒေါ်ရွှေရည်( ဒေါ်ကုလားမ) မြင်းခြံမြို့ နှင့် ဦးအောင်ရ

ပုံ(၂)


ကျော်ကျော်ဦး (မြင်းခြံ ကိုရင်ကြီး) ပုပ္ပါး တောင်ကလပ်အနီး

ပုံ(၃)


ပုပ္ပားဦးဇင်းလေးနှင့် ဒါယိကာမ ဒေါ်ရွှေရည် ( ဒေါ်ကုလားမ) မြင်းခြံမြို့

ပုံ(၄)


မြင်းခြံခရိုင်း၊ ကျောက်ပတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာ၊ ဓမ္မရေအေးကျောင်း (ဘိတ်ကျောင်း) အတွင်းရှိ့ ဆုတောင်းပြည့် ဓါတုဝတီ စေတီတော်

ပုံ(၅)


ဆရာတော် ဦးသီလ၀ံသ၊ မြင်းခြံကိုရင်ကြီး (ကျော်ကျော်ဦး)နှင့် မြင်းခြံကိုရင်ငယ် မောင်မောင်ဦး ဓါတုဝတီစေတီအနီး

ပုံ(၆)


ဦးနု၊ ဒေါ်ရွှေရည်၊ ဒေါ်ဆန်းကျင်၊ သမီး သီလရှင်ကြီး ဖြူဖြူသော်၊ ဆရာလေး ဒေါ်ပညာဝတီ၊ သီလရှင်ငယ် မြတ်မြတ်မိုး (သီလရှင်ကျောင်းအနီး)

ပုံ(၇)


မြင်းခြံကိုရင် ၂ ပါး စေတီတော်ရှေ့ ဆွမ်းလောင်းပွဲ အပြီး

ပုံ(၈)


ပုပ္ပါးကျောင်းရှေ့ ဆွမ်းလောင်းပွဲ

ပုံ(၉)


ကျောက်ပန်းတောင်း ကိုရင်ကြီး၊ ကိုရင်ငယ်၊ မြင်းခြံ ကိုရင်ကြီး(ကျော်ကျော်ဦး)၊ ကိုရင်ငယ်၊ ရန်ကုန် ကိုရင်ကြီး( ကိုသိန်းထွန်း) သြစတြေလျ၊ ကိုရင်ငယ်

အပြည့်အစုံဖတ်ရန်...

Saturday, September 6, 2008

ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုထားသော RUDWARD KIPLING ၏ 'IF'

'IF. . . .'

'အကယ်၍'

If you can keep your heard when all about you,
Are losing theirs and blaming it on you,
အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

If you can trust yourself when all doubt you,
But make allowance for their doubting too,
အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။

IF you can bear to hear the truth you’ve spoker
Twisted by knaves to make atrap for fools,
On watch the things you gave your life to broken.
And stoop and build’em up with won-out tools:
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

If you can make one heap of all your winnings,
And risk it on turn of pitch-and-toss.
And lose? And start again at your beginnings,
And never breathe a ward about your loss:
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the will which says to them: ‘ Hold on:!’
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . . . . .။

If you can wait and be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor take too wise,
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။

If you meet with triumph and Dister,
And tread those two imposters just the same;
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,
အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

If neither foes nor loving friends can hurt you,
အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

If all men count with you, but none too much;
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

If you can fill the unforgiving minute,
With sixth seconds’ worth of distance run.
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။


Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !
ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

ဘာသာပြန်ဆိုသူ = ဒေါ်အောင်ဆန်းစုကြည်

မူရင်းကဗျာ

'If......'

If you can keep your heard when all about you,
Are losing theirs and blaming it on you,
If you can trust yourself when all doubt you,
But make allowance for their doubting too,
If you can wait and be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor take too wise,

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;
If you meet with triumph and Dister,
And tread those two imposters just the same;
IF you can bear to hear the truth you’ve spoker
Twisted by knaves to make atrap for fools,
On watch the things you gave your life to broken.
And stoop and build’em up with won-out tools:

If you can make one heap of all your winnings,
And risk it on turn of pitch-and-toss.
And lose? And start again at your beginnings,
And never breathe a ward about your loss:

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the will which says to them: ‘ Hold on:!’

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute,
With sixth seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

RUDWARD KIPLING

အပြည့်အစုံဖတ်ရန်...

Wednesday, September 3, 2008

ဖလားဝါးနယူးစ် သတင်းထောက်ချုပ် ဖမ်းဆီးခံရ

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သင်္ဃန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သြဂုတ်လကုန်ပိုင်းတွင် ခေါ်ယူကြိမ်း မောင်းခဲ့သည့် ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို တနင်္လာနေ့ ညက ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း ရန်ကုန် သတင်းမီဒီယာ အသိုင်းအ၀န်းက ပြောသည်။
အဆိုပါ သတင်းထောက်ချုပ် ကြိမ်းမောင်းခံရသည့် သတင်းအား ပြည်ပအခြေစိုက် ဧရာဝတီ သတင်းမီဒီယာတွင် ဖော်ပြပါ ရှိမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ဂျာနယ်သတင်းထောက် တဦးက ပြော သည်။
“ဧရာဝတီမှာ ရဲက ခေါ်ကြိမ်းတယ်ဆိုတဲ့ သတင်းတက်တဲ့ ညနေက စတာ၊ စိစစ်ရေးက ဖလားဝါးနယူးစ်က အမှုဆောင် အရာရှိချုပ် ဦးကိုကို ကို ခေါ်တယ်တဲ့၊ ဘာပြောလဲတော့ မသိဘူး၊ နောက်တနေ့မှာ သူတို့ကို မဖိတ် တော့ ဘူး၊ တခြား ဂျာနယ် ၆ စောင်ကို ခေါ်ပြီး သတိပေးတယ်၊ အဲဒီလိုမျိုးတွေ လုပ်ရင် အရေးယူမယ်ပေါ့၊ နောက်တခု က ကိုစောမြင့်သန်း ကို အရေးယူမယ်လို့လဲ ရှင်းလင်းတယ်တဲ့၊ ရဲက သူတို့ကို ဘယ်လို ကြိမ်းမောင်းတယ်ဆိုတာ အကြည်ညိုပျက်အောင် ပြည်ပ မီဒီယာကို ပြောတယ်ဆိုပြီးတော့တဲ့၊ ညက သူ့အမေနဲ့ သွားတွေ့တော့ အခြေ အနေတော့ သိပ်မကောင်းဘူး၊ ထောင်ကျဖို့ များတယ်လို့ သိရတယ်”ဟု ၎င်းက ပြောဆိုသည်။

ကိုစောမြင့်သန်းဖမ်းဆီးမခံဘဲ ရှောင်တိမ်းမည်ဆိုပါက ဂျာနယ်ကို လိုင်စင်ပိတ်သိမ်းမည်ဖြစ်သည့် အတွက် ယခု ကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ဖမ်းမယ်လို့ ပြောတာ ၃ ရက်လောက် ရှိပြီ၊ တကယ်လို့ သူအဖမ်းမခံလို့ ရှောင်တယ် ဆိုရင် ဂျာနယ်ကို လိုင်စင် ပိတ်မယ် ပေါ့၊ အဲဒါနဲ့ သူ့ ဆရာက မင်းအဖမ်းခံလိုက် မိသားစုကို တာဝန်ယူမယ်ပေါ့၊ သူ့မိသားစုက အမေအိုကြီး တယောက်တော့ ရှိတယ်၊ သူ့ကို အားကိုးပြီး ရန်ကုန် အင်းစိန်မှာ လာနေတာ ၆ လ လောက်ပဲ ရှိသေးတယ်၊ သူက လူလွတ်ပါ”ဟု ရန်ကုန် ဂျာနယ် သတင်းထောက်ကပြောသည်။
တခြားသော အမျိုးသမီး သတင်းထောက်တဦးကလည်း သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား သက်ဆိုင်ရာက ဖမ်းဆီးပြီးနောက် ယခုကိစ္စကို မည်သူ့ကို ပြောဆိုခြင်း နှင့် ဧရာဝတီ သတင်းဌာနအတွက် အလုပ်လုပ်နေခြင်း ဟုတ်မဟုတ် မေးမြန်းကြောင်း ပြောပြသည်။
“ရဲက ဘယ်သူ့ကို ပြောလိုက်သလဲပေါ့၊ ပြောလိုက်တဲ့လူကို ပြောပါပေါ့၊ သူက မပြောနိုင်တော့ ဒီကိစ္စကို သူ့ကို တာဝန်ယူခိုင်း သလို ဖြစ်နေတယ်”ဟု အထက်ပါ အမျိုးသမီး သတင်းထောက်က ဆိုသည်။
ယင်းသတင်း ထောက်ချုပ် ကိုစောမြင့်သန်းသည် ဧရာဝတီသတင်းဌာနနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် ၎င်းအား ရဲတပ်ဖွဲ့က ခေါ်ယူကြိမ်းမောင်းသည့် သတင်းဖော်ပြရာတွင်လည်း ကိုစောမြင့်သန်းနှင့် တိုက်ရိုက် ဆက်သွယ်၍ သတင်းရ ယူမှု မရှိကြောင်း ဧရာဝတီ တာဝန်ရှိသူများက ပြောကြားသည်။
လတ်တလောတွင် ကိုစောမြင့်သန်းအား အီလက်ထရွန်းနစ် ပုဒ်မ၊ ပြည်ပ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်သည့် ပုဒ်မ၊ အစိုးရကို အကြည်ညိုပျက်စေသည့် ပုဒ်မ များတပ်၍ ကျောက်တံတား ရဲ စခန်းတွင်ဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရသည်။
“သူတို့ (အာဏာပိုင်) က ဒီလိုဟာမျိုးကို သည်းမခံဘူး၊ နောက်တခုက စံပြ သဘောလည်း ဖြစ်လိမ့်မယ် ထင်တယ်၊ စိစစ် ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ အထူးသဖြင့် ပြည်တွင်းက သတင်းတွေ နာရီပိုင်းနဲ့ ၀က်ဘ်ဆိုက်မှာတက် သွားတာကို၊ အပြင်ရော အတွင်းရော လုပ်နေတာကို အရေးယူပြရမယ်ဆိုတဲ့ သဘောမျိုး လို့ထင်တယ်”ဟု သတင်း အယ်ဒီတာ တဦးက ပြောဆိုသည်။
ကိုစောမြင့်သန်းသည် စစ်အစိုးရ စာပေစိစစ်ရေး ခွင့်ပြုချက်ဖြင့် သြဂုတ်လကုန်ပိုင်း၌ ထုတ်ဝေသော ဖလားဝါး နယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်းမြို့ နယ် မှ လင်မယား ၂ ဦး အသတ်ခံရမှု သတင်းအား ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့က ၎င်းအား ခေါ်ယူ စစ်ဆေးကြိမ်းမောင်းခဲ့သော်လည်း ယင်းသတင်းသည် ၀ိကလီး အလဲဗင်း ဂျာနယ်နှင့် သည်ဗွိုက်စ် ဂျာနယ်များတွင် ပါ ဖော်ပြ ပါရှိခဲ့သည်။
နောက်ဆုံးရရှိသည့် သတင်းများအရ စစ်အစိုးရ ၀န်ကြီးဌာနများက ပြင်ပ ပုဂ္ဂလိက မီဒီယာများသို့ သတင်းထုတ် ပြန်မှုများ မပြုလုပ်တော့ကြောင်းနှင့် မီဒီယာသမားများ ယင်းဌာနများသို့ လာရောက်ပါက မည်သည့် အကြောင်း ဖြင့်လာသည် ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းမှုများပြုလုပ်၍ မှတ်တမ်းပြုစုထားရန် တနင်္လာနေ့က စတင် ညွှန်ကြား ထားကြောင်း သိရှိရသည်။
ဧရာဝတီ မှ ကူးယူဖော်ပြသည်

အပြည့်အစုံဖတ်ရန်...

Friday, August 29, 2008

အခြေအနေပေးလျှင်ဖြင့် ရေးစမ်းပါဘိ ထိုစာလွှာ (၇)

တရားသူကြီးတစ်ဦးနှင့် စကားပြောခြင်း

အပိုင်း(၂)

ညဟာ မှောင်မည်းနေခဲ့တယ်။ တစ်စုံတစ်ဦးရဲ့ ခြောက်လှန့်မှုကြောင့် မဟုတ်ဘဲ စိတ်တွေဂယောက်ဂ ယက်ဖြစ်နေခဲ့တယ်။ ပစ်မှတ်အနေနဲ့ပြောရရင်တော့ နာကျငိစရာကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ် မှုမျိုးစုံနဲ့ ဘုန်းတန်းခိုးအာဏာကြီးနေတဲ့ လူသတ်သမားတွေကြောင့်ပေါ့လေ။ အော့ထ်ပေါ်အဖွဲ့သားတွေ ဦး ဆောင်မှုနဲ့ ဆာ့ဒ်တွေလွတ်လပ်ခဲ့တယ်။ သူတို့လည်း ဘ၀ပေါင်းများစွာ စတေးခံခဲ့ရတယ်။ ရက်စက်မှုပေါင်း သောင်းခြောက်ထောင်နဲ့ ပြည်သူတွေအလူးအလဲခံခဲ့ရတယ်။ နောက်ဆုံးတော့လည်း ပြည်သူတွေအောင်ပွဲခံခဲ့ နိုင်တယ်မဟုတ်လား။ ညညယောင်ယောင်အော်ရင် တစ္ဆေတွေလို့ခြောက်လှန့်ခံနေရတယ်။
မနက်မိုးလင်းခါနီးမှ မှေးခနဲပျော်သွားတယ်။ အရောင်ရောင်အမှားမှားအတွေးတွေနဲ့ တော်တော်နဲ့အိပ် မပျော်ခဲ့ဘူး။ ရေဆာတာနဲ့ ရေတစ်ခွက်ထသောက်လိုက်တယ်။ စစ်ဖိနပ်သံတွေ ကြားလိုက်တော့ လူထူပူသွား တယ်။ ကင်းလှည့်နေတာတဲ့လေ။ အာဏာကိုဖီဆန်သူမှန်သမျှဟာ ဘယ်သူပဲဖြစ်ဖြစ် ရန်သူပဲတဲ့။ ကြွေးကြော် သံတွေနဲ့ အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ခုပ်ထဲကရေဖြစ်နေတော့ သူတို့နုဆိုနုနေရတယ်။

ဒါဟာ ကြောက်စိတ်နဲ့ ခြောက်လှန့်ခံထားရတဲ့ အပြစ်မဲ့ပြည်သူ သန်းပေါင်းများစွာရဲ့နေ့စဉ်ရင်ဆိုင်နေရတဲ့ လုပ်ငန်း တစ်ခုပါပဲ။ ခြောက်တိုင်းကြောက်နေသေးရင်တော့ ဘယ်တော့မှ လွတ်လပ်မှုရောင်ခြည်ကို မြင်ခွင့်ရမှာမဟုတ် ပါဘူး။ ဒီတော့ လုပ်နိုင်တဲ့ဘက်ကနေ သွေးစည်းညီညွတ်မှုနဲ့ လုပ်နေကြဖို့ပဲ။

“ ခင်များ ဒီနေ့လာမယ်လို့တောင် ထင်မထားဘူး၊မနေ့ကတော်တော် ငြီးငွေ့စိတ်ပျက်သွားပြီလို့ထင် ထားတာ၊ခင်များရောက်လာတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ဒီနေ့လည်း ခင်များသောက်ချင်တာ မှာ သောက်ပါခင်များ၊ နို့ဖျော်ရည်မှာသောက်လိုက်ရင်း သူ့လည်းဆက်တိုက်ဆိုသလို ပလိန်းတစ်ခွက်လှမ်းမှာ လိုက်တယ်။ ဒီနေ့တော့ သူရှင်းမယ်လို့ပြောနေတယ်။ကိုယ်ကလည်း ရပါတယ် ကျုပ်ပဲရှင်းလိုက်ပါမယ်လို့ပြော လိုက်ရင်း သူ့မျက်နှာ ခပ်ထန်ထန်ကြီးကို ကြည့်နေခဲ့တယ်”

“ အခုလောလောဆယ်တော့ အမှုသည်ပါးနေတယ်ထင်တယ် ”ကျွန်တော်ကပဲ စကားဝိုင်းကို စတင် လိုက်ပါတယ်။ “ သူ့ကတော့ ဘာမှမပြောဘဲ ခပ်ပြုံးပြုံးပဲ လုပ်နေခဲ့တယ်။ စားပွဲထိုးချပေးလိုက်တဲ့ ပလိန်းအ ထုတ်ကို ဖောက်ထည့်ရင်း အိပ်ခွံနဲ့မွှေနေခဲ့တယ်။ ကျုပ်ကလည်း ဒါကိုပဲစူးစူးစိုက်ကြည့်နေခဲ့တယ်။ ဇွန်းပါ လျှက်နဲ့ ဇွန်းနဲ့မမွှေတာကို အကောင်းမြင်လိုက်ပါတယ်။ ဇွန်းအတွက် စားပွဲထိုးဆေးစရာမလိုတော့ဘူးပေါ့။

“ မနေ့က ပြောခဲ့တဲ့စကားထဲမှာ ခင်များမှတ်မိသေးလားမသိဘူး။ သမ္မုတိရ - ရဟန်းတော်ဟာ အချက် လေးချက်ကို လိုက်နာဆောင်ရွက်ရမယ်ဆိုတာလေ၊ အဲဒီအထဲမှာ နောက်ဆုံးအချက်ဖြစ်တဲ့ ဘယာဂတိ- ကြောက်ခြင်းကြောင့် အဂတိမလိုက်နဲ့ဆိုတာပေါ့။ တစ်ခါတလေမှာ လူတွေဟာ ကိုယ့်ရဲ့အထက်ကလူကိုက နေခိုင်းတာကို ကြောက်ကြောက်နဲ့ မတရားတာ၊မမှန်တာဆိုသာ သိလျှက်သားနဲ့ မလိုက်သင့်တဲ့၊မလုပ်သင့်တဲ့ လုပ်ရပ်တွေကို ဗြောင်ကျကျလုပ်ဆောင်နေတတ်တယ်လို့ ကျုပ်ထင်မိတယ်။ အဲဒီထဲမှာလည်း ခင်များတို့ တ ရားသူကြီးတွေလည်း ပါတယ်လို့ထင်တယ်။ ဒါကြောင့်ဒီနေ့ အဲဒီအကြောင်းအရာကို ခင်များနဲ့ ပြောဆိုဆွေး နွေးချင်တယ်၊ခင်များလည်း အလုပ်ကနေပြန်လာတာဆိုတော့ အချိန်ရမယ်ထင်ပါတယ် ”

“ အေးလေ ပြောကြည့်တာပေါ့ ဒါပေမဲ့ မင်းကလူငယ်ဖြစ်တော့ စကားပြောရင် ခပ်ထန်ထန်ပြောတော့ ဖောင်းဖြစ်တတ်တယ်၊ အခုလို အေးအေးဆေးဆေးပြောဆိုကြတာပေါ့၊ငါတို့လည်း အဲဒီကိစ္စကိုတော့ မငြင်းပယ် လိုပါဘူး။ တစ်ခါတလေ ဘာမှအပြစ်မရှိတဲ့ လူတွေကိုပုဒ်မ ကြီးကြီးတတ်ပေးရင်း ငါတို့ကိုယ်တိုင် အကြောက် တရားရဲ့ စေးခိုင်းချက်တွေကို လုပ်ဆောင်နေမိတယ် ” သူဒီနေ့ စကားစချီပုံကတော့ တော်တော်ကိုကျေနပ်စ ရာကောင်းပါတယ်။ ဒီစကားလုံးလေးနဲ့တင် အမြင်မှန်ရစပြုလာတဲ့ သူ့ကို အလေးတမူဆက်ဆံဖို့ ဆုံးဖြတ်လိုက် ပါတယ်။ သူမှာပါလာတဲ့ ဖိုင်တွဲတွေကို အိတ်ထဲထည့်နေရင်း သူတစ်ခုခု မေ့ကျန်ခဲ့ပုံမျိုး တစ်စုံတရာကို စဉ်းစား နေခဲ့ဟန်ကို မြင်နေရတယ်။

“ မနေ့ကတင် ကြားလိုက်ရတဲ့ သတင်းတစ်ပုဒ်အရဆိုရင် ဘာမှစစ်ဆေးမှုမရှိဘဲ၊စွဲချက်မတင်ဘဲ တရား စီရင်လိုက်တဲ့ သတင်းတစ်ပုဒ်ကို ကြားလိုက်ရတယ်။ ရှေ့နေလိုက်ခွင့်တောင် မပေးဘူးဆိုပဲ။ နောက်ပြီးတရား ခံဘက်က ဘယ်သူ့ကိုမှ အာမခံခွင့်မပေးဘူးလို့ ကြားလိုက်ရတယ်။ အဲဒီလိုဖြစ်ရပ်များ ဘာမှပြစ်မှု ထင်ရှားမရှိ ပါဘဲနဲ့ လူတစ်ယောက်ကို ခင်များအနေနဲ့ တတ်ချင်တဲ့ ပုဒ်မတတ်ပြီး ထောင်ဒဏ်နှစ်ရှည် ချလိုက်တာမျိုးရှိခဲ့ပါ သလား။ လူတစ်ယောက်ကို ဖမ်းခွင့်မရှိဘဲနဲ့ ဖမ်းလိုက်တာမျိုးကို စေးခိုင်းခဲ့ဘူးပါသလား“

“ မောင်ရင် မေးခွန်းတွေထဲက ပထမဆုံး မေးခွန်းကိုတော့ ကြူးလွန်းခဲ့ဘူးပါတယ်။ ဒုတိယမေးခွန်းကို တော့ လူတစ်ယောက် အပြစ်မရှိဘဲနဲ့ ဖမ်းခွင့်ပေးပိုင်ခွင့် ဦးလေးတို့ဆီမှာ မရှိပါဘူး။ ဦးလေးတို့အနေနဲ့ အဲဒီလို ရောက်လာတဲ့ လူတွေကို အထက်ကဒီလူကို ပြစ်မှတ်ထားနေတယ်ဆိုရင် ပုဒ်မတွေကြီးကျယ်အောင်တတ် လိုက်ပြီး ထောင်ဒဏ်နှစ်ရှည် ချလိုက်ဖူးတာတွေတော့ ရှိခဲ့ပါတယ်။ မောင်ရင်ပြောသလို ဆိုရင်တော့ ဘယာဂ တိ-ကြောင့် လုပ်လိုက်ရတဲ့ လုပ်ရပ်တွေပါ။ တကယ်တန်းပြောရရင် ဦးလေးတို့ဟာ တရားကြီးဆိုတဲ့ ဂုဏ်ပုဒ် ကြီးကို စွဲကိုင်ထားရပေမဲ့ ဦးလေးတို့ကိုယ်တိုင် အထက်ကိုမဖီဆန်ရဲပဲ မတရားတဲ့နည်းတွေ သုံးနေရပါတယ်၊ ဒါ ဟာ ဦးလေးတစ်ယောက်တည်း မဟုတ်ပါဘူး။ တရားသူကြီးအတော်တော်များများ ချုပ်ခြယ်ခံထားရတယ်ပေါ့“

“ ဦးလေးလူငယ်တစ်ယောက်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို ပြန်ပြောပြမယ်၊ အဲဒီလူငယ်က တော်တော် လေးကို နိုင်ငံရေးစိတ်ပြင်းထန်တယ်။မောင်ရင်တို့အဆိုရပြောရရင် နိုင်ငံချစ်စိတ်၊လူမျိုးချစ်စိတ် ပြင်းထန်တယ် ပေါ့၊ နောက်တစ်ချက်က စာတွေတော်တော်ဖတ်ထားတယ်။ အတွေးအခေါ်တော်တော် ကျယ်ပြန့်တယ်။ စကားအပြောကောင်းတယ်၊ စွတ်စွဲမှုတိုင်းကို၊စစ်ဆေးမှုတိုင်းကို ခွင်ကျကျပြန်လည် ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ ဦးလေးတို့လည်း ဘယ်တတ်နိုင်မလဲ နောက်တစ်ပတ်ရက်ချိန်းပေးပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီတော့ ဒီကြား ထဲမှာ အထက်က ဖိအားတွေလာတော့တာပဲ၊နောက်ဆုံးတော့လည်း နိုင်ငံတော်ကို ပုန်ကန်မှု၊တိုင်းပြည်ကို မ တည်မငြိမ်ဖြစ်အောင် စည်းရုံးလှုံ့ဆော်မှုဆိုတဲ့ စွတ်စွဲချက်တွေနဲ့ အဲဒီလူငယ်ကို တရားစီရင်လိုက်ရတယ်“

“ အဲဒီတုန်းက သူနဲ့အခြေတင် ပြောခဲ့တဲ့ စကားလေးတွေက တော်တော်ယုတ္တိရှိတယ်။ အမှန်တိုင်း ပြောရရင် အဲဒီလူငယ်ကို ဦးလေးတော်တော်လေး လေးစားပါတယ်။ အခုထိကို သူမလွတ်မြောက်သေးပါဘူး၊ ဦးလေး သူ့သတင်းကြားရတိုင်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကိုယ်တိုင်စီရင်ချက်ချလိုက်တဲ့ ကိစ္စဖြစ်နေတော့ အခုမှ နောင်တရနေလို့လည်း ဘာထူးတော့မှလည်း၊ဒါဟာ ဦးလေးကိုယ်တိုင် ချိုးဖောက်ခဲ့တဲ့ မတရားတဲ့ ပြစ် ဒဏ်စီရင်မှုထဲက တစ်ခုပေါ့။ သူလည်းဘာမှ ဆင်ခြေမပေးပဲ ပြုံးပြုံးပဲ ခံယူသွားပါတယ်”
အဲဒီနေ့က မိုးလေစွေနေတယ်၊အခုလို မိုးတွင်းကြီးပေါ့၊ သူ့ကိုဖမ်းလာတဲ့ ရဲတွေဟာ ခေါင်းကို ရိုက်ခွဲ ထားတယ်။ ပတ်တီးအောက်ကနေ ယိုစီးနေတဲ့ သွေးတွေပါးပြင်ပေါ် စီးကျလာနေပေမဲ့ သူသုတ်မပြစ်လိုက်ဘူး အန်ကြိတ်ထားတယ်။ ကျွန်တော်က သူနာပြုတစ်ယောက်တစ်ယောက်ခေါ်ပြီး ပတ်တီးကို သေချာကျနစွာ ပြန် လည်စီးခိုင်းလိုက်ပါတယ်။ နောက်သူ့ကို ခတ်ထားတဲ့ လက်ထိပ်ကိုလည်း ဖြုတ်ခိုင်းလိုက်ပါတယ်။ ရဲတွေက မ ကြိုက်တဲ့သဘော၊ဖြုတ်တောင်မပေးချင်သဘော၊ နောက်တော့သူတို့ ဆေးထည့်ပေးပြီး လက်ထိပ်ကိုဖြုတ်ပေး လိုက်ပါတယ်။ သူနောက်ကလည်း တစ်ယောက်မှ ပါမလာဘူး။ ၀ိုင်းရံထားတဲ့ လူတွေအားလုံးဟာ အစိုးရဘက် ကလူတွေချည်းပဲ။ အမှန်တိုင်းပြောရရင် အဲဒီနေ့က ကျွန်တော်စိတ်တွေ တော်တော်မတည်ငြိမ်ပါဘူး။ တော် တော်လေးလည်း စိတ်မကောင်းဖြစ်မိပါတယ်။
သူ့ကို ဖမ်းလာတာက လူ့အခွင့်အရေး ကြေငြာစာတမ်းကို ဖြန့်ဝေတဲ့ပြစ်မှုနဲ့။ ဖမ်းတော့ ရဲတွေနဲ့အခြေ အတင် စကားများလာခဲ့ပြီး ရဲတွေရဲ့ ထိုးနှက်မှုကိုလည်း ခံထားခဲ့ရရှာတယ်။ အဲဒီလို အလုပ်ကိုဘာဖြစ်လို့ လုပ် ရတာလည်းလို့ ဦးလေးကမေးတော့ လုပ်ချင်လို့၊လုပ်သင့်လို့၊လုပ်ထိုက်လို့၊ကိုယ့်ယုံကြည်ချက်နဲ့ လုပ်တဲ့အ ကြောင်း သူပြန်လည်ချေပတယ်။

ဒါဟာ အစိုးရကိုစော်ကားရာ၊ တိုင်းပြည်ကို မတည်ငြိမ်အောင်လုပ်တာဖြစ်တဲ့ အကြောင်း ပြောတော့၊ သူက ပြန်ပြောပါတယ်။ ဘယ်လိုလုပ် ဒီကိစ္စလေးနဲ့ အစိုးရကို စော်ကားရာရောက်ရသ လဲ၊တိုင်းပြည်မတည်ငြိမ်အောင် ဘယ်သူတွေကလုပ်နေတာလဲ။ပြည်တွင်းစစ်ဆိုတာကရော ဘယ်နိုင်ငံ၊ဘယ် တိုင်းပြည်တွေဟာ ကျုပ်တို့တိုင်းပြည်ထက် ရှည်ခဲ့လို့လဲ စတာတွေခုခံချေပပြန်တယ်။ နောက် သူစကားဆက် ပြန်တယ်။ ကိုယ့်ယုံကြည်ချက်လေးနဲ့ လူသားတွေအမှောင်တိုက်တွင်းထားတာကို အလင်းရောင်လေးတစ်မျှင် လောက်ရမလားဆိုပြီး ဒီစာရွက်လေးတွေကို ဖြန့်ဝေတာ အပြစ်တဲ့လား။

ဘိန်းအမှု၊ မုဒိန်းမှု၊ လာဘ်ပေးလာဘ် ယူမျိုးစုံနဲ့ အထက်ကလူတွေကိုယ်တိုင် ကျူးလွန်နေတာကျတော့ အပြစ်မဟုတ်ဘူးလားတဲ့။ နောက် သူပြော သွား စကားတစ်လုံး ဦးလေး အခုထိပြန်လည်ကြားရောင်နေမိတယ်။

ဗုဒ္ဓရဲ့ ကမ္မနိယာမ၊ ဓမ္မနိယာမတို့ကို ယုံကြည်ရင်၊နောက် နယူတန်ရဲ့ တန်ပြန်သက်ရောက်မှုဆိုတဲ့ သီဝရီတွေကို ယုံကြည်တယ်ဆိုရင် ခင်များတို့ဟာ ဒီလောက်ရက်စက်မှုတွေနဲ့ ပြည်သူလူထုကို မနှိပ်စက်သင့် ဘူး။ ဘယ်အရာမှ မမြဲဘူးဆိုတာလည်း သိထားဖို့လိုတယ်။ နောက်တစ်ခုက တစ်နေ့ကိုယ့်အလှည့် ရောက် လာရင် အခုလို တည်တည်ငြိမ်ငြိမ် လက်ခံနိုင်အောင်ကြိုးစားဖို့လိုတယ်။

မတရားမှုတိုင်းဟာ ဘယ်တော့မှ ကောင်းကျိုးကို လက်ခံရလိမ့်မယ် မဟုတ်ဘူးဆိုတာ။ ခင်များကိုယ်တိုင် ဒီလိုမတရားမှုတွေကို တရားသူကြီး ဖြစ်နေပါလျှက် ဗြောင်ကျကျကျူးလွန်းနေတာ ကျုပ်တာဆိုရင် ရှက်လို့လဲတောင်သေလိမ့်မယ်ထင်တယ်။ အေး လေ ခင်များတို့ ချချင်တဲ့ပုဒ်မတွေတတ်ပြီး ချလိုက်ပါ။ ကျုပ်ရဲရဲကြီး လက်ခံဖို့အသင့်ပါပဲ။ ကြောက်လို့ ဘယာဂ တိ-လိုက်နေတာဟာ သမိုင်းရဲ့ တရားခံပဲ။
“ မောင်ရင်ပြောတဲ့ ဘယာဂတိ-ကို ဦးလေး အဲဒီကထဲက တော်တော်လေးလက်ခံ သဘောပေါက်ခဲ့ပါ တယ်။ အမှန်တကယ်လည်း သူပြောတာတွေဟာ တရားမျှတပါတယ်။ ဒီအမှုကို ကြားနာစစ်ဆေးပြီးလို့၊ပြစ် ဒဏ်ချမှတ်လိုက်တဲ့နေ့က ကိုယ့်ကိုယ်ကို တုန်ချိနေတဲ့ အဖိုးကြီးတစ်ယောက်လို စကားတွေတုန်နေခဲ့တယ်။ လက်တွေ တုန်နေခဲ့တယ်။ နှလုံးတွေခုန်နေခဲ့ပါတယ်။ အမှန်တကယ် အဲဒီလို လုပ်လိုက်ရတဲ့ အမှုသည်တွေ လည်းတော်တော်ကို များနေခဲ့ပါပြ”

ဒီနေ့တော့ သူပြောတာတွေကိုပဲ နားထောင်နေခဲ့တယ်။

ကိုယ်ပြောဖို့အားခဲထားတာတွေတောင် မပြော လိုက်ရဘူး။ စိတ်ထဲမှာ အဆိုပါလူငယ်ကို တွေးမြင်ရောင်ပြီး ကျေးဇူးတွေတင်၊ဂုဏ်ယူလို့မဆုံးနိုင်အောင်ဖြစ်နေ ခဲ့ပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း လမ်းပျောက်တဲ့လူတွေ၊အသက်တွေ စတေးခဲ့ကြတဲ့လူတွေ၊ ထောင်တွင်းမှာ မတန်တဆပုဒ်မတွေတတ်ခံလိုက်ရရင်း အကျဉ်းကျနေသူတွေ ဒုနဲ့ဒေးပါဘဲ။ အာဏာရှင်တိုင်း ရဲ့တိုင်းပြည်တိုင်းမှာ ပြည်သူဘက်မ အနာခံရတာချည်းပါဘဲ။ သူတို့ကတော့ အသာစီးနဲ့ အာဏာကိုထိပါးလာ သူမှန်သမျှဟာ သူတို့ရဲ့ အကြီးမားဆုံးရန်သူ အဖြစ်ခံယူထားရင်း အဲဒီလူတွေကို ညှင်းပန်းနှိပ်စက်တာတွေကို ဗြောင်ကျကျ ကျူးလွန်းလာခဲ့ကြတယ်။ ဒါကို အမြင်မှန်ရတဲ့လူတွေက ဘက်ပြောင်းချင်တာတို့၊ထုတ်ဖော်တာ တို့၊လုပ်လာမယ်ဆိုရင်လည်း

အဲဒီလူအတွက် မတွေးဝန့်စရာ ကောင်းလောက်အောင် ညှင်းပန်းနှိပ်စက်ဦးမှာပဲ၊
များသောအားဖြင့် အာဏာရှင်တိုင်းရဲ့ တိုင်းပြည်လိုလိုဟာ အာဏာကိုဆုတ်ကိုင်ပြီး ကိုယ့်ကိုယ်ကို ဧကရာဇ်ရောင်ရောင် ဘာရောင်ရောင်နဲ့ အပြစ်မဲ့ပြည်သူများကို ညှင်းပမ်းနှိပ်စက်ဖို့ ၀န်မလေးကြပဲ။လက်ရဲဇက် ရဲလုပ်ဆောင်နေခဲ့ကြတယ်။ မိုင်းရိုင်းတဲ့ လူတွေကိုနေရာပေးလာခဲ့တယ်။ သူ့တို့ကို သစ္စာခံသူတွေဆိုရင် ဘာ တွေပဲ လုပ်နေလုပ်နေ ရာထူးကြီးကြီးမားမားပေးပြီး လက်ရုံးတစ်ဆူ ဖြစ်လာအောင်တွန်းအားပေး စေခိုင်းတော့ တာပဲ။ များသောအားဖြင့်တော့ အာဏာရှင်တိုင်းပြည်များရဲ့ ထိပ်တန်းအာဏာပိုင်းများရဲ့ နောက်ကြောင်းရာဇ ၀င်ကို ပြန်လိုက်ကြည့်လိုက်ပါ တကယ်မိုက်ရူးရဲဆန်ဆန် လုပ်ခဲ့လူတွေကြီး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

ပညာတတ်ကို မလိုချင်ဘူး။ ပညာတတ်ဆိုရင် စာဖတ်တာတောင် သူတို့ကိုအန္တရာယ်ပြုမဲ့ ပုဂ္ဂိုလ်လို့သ ဘောထားခံခဲ့ကြရတယ်။ ဒီတော့ စာဖတ်တတ်ရင်ပဲ အဲဒီလူဟာ သူတို့ရဲ့ ရန်သူပဲပေါ့။ နောက်ဆုံး ရပ်ကွက်ထဲ မှာ၊မြို့နယ်ထဲမှာ အမိုက်ရိုင်းဆုံး၊မကောင်းမှုနဲ့ နာမည်ကျော်ဆုံးလူတွေကို စုပြီးတော့ အသင်းအဖွဲ့အစည်းတွေ ထူထောင်၊ အဲဒီထဲက ရက်စက်ကြမ်းကြုတ်ဆုံးလူကို ခေါင်းဆောင်အဖြစ် အသိမှတ်ပြုပြီး လုပ်ပိုင်ခွင့်တွေ ပုံ အောပေးလိုက်တော့တယ်။ အဲဒီပုဂ္ဂိုလ်တွေ များလာနေသမျှတော့ အပြစ်မဲ့ပြည်သူတွေလည်း ဆက်လက်ပြီး တိုက်ပွဲဝင်ရင်း စစ်အာဏာရှင်ကို တော်လှန်ရင်း ဘ၀တွေ၊ အသက်တွေ စတေးကြရဦးမှာပဲ မဟုတ်လား…….။
ရာဇာစိုး၊ ရန်ကုန်။

အပြည့်အစုံဖတ်ရန်...

ပခုက္ကူသံဃာတော်များက အာဏာပိုင်များ၏ လှူဒါန်းသည့်ပစ္စည်းများကို လက်မခံဘဲ လမ်းပေါ်တွင် ပစ်ချထား

မကွေးတိုင်း၊ ပခုက္ကူစာသင်တိုက်(၃)တိုက်မှ သံဃာတော်များက အာဏာပိုင်များလှူဒါန်းသည့် ပစ္စည်းများကိုလက်မခံပဲ လမ်းပေါ်တွင် ပစ်ချထားကြောင်း ပခုက္ကူမြို့ခံတဦးက ပြောသည်။ စာသင်တိုက်(၃)တိုက်သို့ လွန်ခဲ့သည့်လေးရက်ခန့်က အာဏာပိုင်များက ဆန်၊ဆီ အစရှိသည့် ပစ္စည်းများကို လာရောက်လှူဒါန်းရာ သံဃာတော်များက အဆိုပါပစ္စည်းများကို လမ်းမပေါ်သို့ ပြန်လည်ရွေ့ပြောင်းထားခဲ့သည်။
“အလယ်တိုက်ကဆို အဝင်ကတည်းက လုံးဝလက်မခံလိုက်တာ၊ အရှေ့တိုက်နဲ့ အနောက်တိုက် တို့ကတော့ လက်ခံပြီးမှ ပစ္စည်းတွေကို လမ်းပေါ်အကုန်ပစ်ထားလိုက်တာ”ဟု မျက်မြင် ပခုက္ကူမြို့ခံတဦးက ပြောသည်။

ယင်းကဲ့သို့ သံဃာတော်များက အလှူပစ္စည်းများကို လက်မခံခဲ့သည့်နောက်ပိုင်း ပခုက္ကူမြို့ပေါ်ရှိ အဆိုပါစာသင်တိုက်အနီးရှိ မီးကင်းတဲများတွင် နေ့ညမပြတ် ရဲဝတ်စုံနှင့်အရပ်ဝတ်များ ဝတ်ဆင် ထားသည့် လုံခြုံရေးများ တိုးမြှင့်ချထားလာသည်ကိုတွေ့ရကြောင်း ၄င်းကဆက်လက် ပြော သည်။

နေ့ရောညပါ မီးသတ်ကင်းတဲများတွင်လုံခြုံရေးချထားပြီး ည ၁၀ နာရီကျော်ခန့်မှစ၍ အယောက်(၂၀) ဦးထက်ပိုသည့် ရဲအပါအဝင်လုံခြုံရေးများက ကားများဖြင့် ယနေ့အထိ ကင်းလှည့် စောင့်ကြည့်မှုများရှိနေခဲ့သည်။

“ပစ္စည်းတွေလက်မခံတဲ့ကိစ္စနဲ့ ပတ်သက်လိမ့်မယ်ထင်တယ်၊ အနောက်တိုက် အနောက်နားမှာ အတုလမုနိဘုရား မှာကင်းတဲ တခုရှိတယ်၊ အဲ့ဒီမှာလည်းစောင့်တယ်၊ ဘုန်းကြီးတွေက ဂွနဲ့ ဆွဲထုတော့ အဲ့ဒီကနေပြေးပြီး အခု(၁၂) ရပ်ကွက်က ခန်တော ကင်းတဲဘက်မှာ လုံခြုံရေး ချထားတာ” ဟု ပခုက္ကူမြို့ခံက ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ပခုက္ကူသံဃာတော်များက ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျှောက်ကြွချီခဲ့ရာ ပခုက္ကူအခြေစိုက်တပ်ရင်းမှ ဗိုလ်မှူးမျိုးသန့်ဇင် ၊ မြို့နယ်ကြံ့ဖွံ့ စည်းရုံးရေးမှူး ဦးအေးမြင့်ဦးဆောင်အဖွဲ့တို့က အကြမ်းဖက်နှိမ်နင်းခဲ့ပြီး အနောက်တိုက်မှ အရှင်ပညာစက္ကနှင့် အရှင်ပညာနန္ဒတို့ ဓါတ်တိုင်တွင်ကြိုးဖြင့် တုတ်နှောင် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီးမှ ပခုက္ကူသံဃာတော်များအပေါ် အကြမ်းဖက်ခဲ့သည့်ကိစ္စ ဝန်ချတောင်းပန်ရန်နှင့် အချက်(၄) ချက်ပါသည့် တောင်းဆိုမှုကို စစ်အစိုးရအား ရက်သတ်မှတ်တောင်းဆိုပြီးနောက်ပိုင်း နိုင်ငံအနှံ့သံဃာထု၏ မေတ္တာပို့ လမ်းလျှောက်ကြွချီ ဆန္ဒပြလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့သည်။

ယမန်နေ့တွင် ပခုက္ကူခရိုင်ရုံးသို့ မြိုင်၊ ကံမ္မ၊ ပေါက်၊ ရေပြာမြို့တို့မှ မြို့နယ်အာဏာပိုင်များကို ဆင့်ခေါ်၍ ခရိုင်ဥက္ကဌ မှ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ စစ်တပ်၊ ရဲနှင့် အဓိကရုဏ်းနှိမ်နင်းရေးကားများ၊ သံဆူးကြိုးများပါ တွေ့မြင်နေရသည်ဟု ယနေ့ပခုက္ကူမြို့ခံက ဆက်လက်ပြောဆိုသည်။
Yoma3

အပြည့်အစုံဖတ်ရန်...

Wednesday, August 20, 2008

ဂမ်ဘာရီနဲ့ မြန်မာပြည် သို့မဟုတ် ဂမ်ဘာရီ ဘယ်လဲ၊ ဘာလဲ

ယနေ့မြန်မာပြည်အခြေအနေကို တရုတ်မှာကျင်းပနေတဲ့ အိုလံပစ်အားကစားတွေ လောက် ဂရုမစိုက်။ ဘရာဇီးလ် အာဂျင်တီးနားကို ဂိုးပြတ်ရှုံးသွားတာလောက် စိတ်ခံစားမှု မပြင်းပြဖြစ်နေကြသည်။ အခု ဂမ်ဘာရီ မြန်မာပြည်ကို ရောက်နေတာ ”ဘယ်သူမှစိတ်မ၀င် စားခြင်းဟာ တော်တော်လေးကို စိတ်ညစ်စရာဖြစ်မိတယ်”လို့ လူကြီးတစ်ယောက် ပြောဆိုသံကို ကြားခဲ့ရသည်။ ဒီတော့ ဂမ်ဘာရီဘယ်လဲ၊ ဘာလဲ ဆိုတဲ့မေးခွန်းမျိုးကို မေးကြရတော့သည်။

အဘယ့်ကြောင့်ဂမ်ဘာရီ ဒီရက်ကို ရွေးချယ်ပြီးလာခဲ့သနည်း။ အကယ်၍ ဂမ်ဘာရီ မြန်မာပြည်ကနေပြန်သွားရင် ကုလသမဂ္ဂမှာ ဘာတွေအစီရင်ခံတင်ပြနိုင်မည်သည်။ ဘယ် သူတွေနဲ့ ထပ်မံတွေ့ဆုံးပြီး ဘယ်လိုစကားမျိုးတွေ ပြောသွားခဲ့သနည်။ ဘယ်လိုသတင်းစာ ရှင်းလင်းပွဲတွေ လုပ်သွားပြီး ဘာတွေပြောသွားခဲ့မည်နည်း။ ဒီလိုအခြေအနေမျိုးမှာ မြန်မာ ပြည်သူလူထုသည် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ကိုယ်စားလှယ် ဂမ်ဘာရီ ကို ဂရုမစိုက်သလို၊ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းကိုလည်း အရေးမလုပ်တော့ ချေ။ ဘာကိုမှ အယုံအကြည်မရှိတော့တဲ့ မြန်မာပြည်သူလူထု အနေဖြင့် ပြည်တွင်းမှာ သူ တို့လေးစားရသော ဆရာတော်များ၊ပုဂ္ဂိုလ်များ၏ စကားလောက်ကိုမှ ပြည်ပကိုအားကိုးလို စိတ်၊ ယုံကြည်စိတ် ကင်းပျောက်နေခဲ့ကြသည်။

တကယ်ကော ကုလအနေနဲ့ကော ပြည်တွင်းမှာရှိတဲ့ အတိုက်ခံများနှင့် ပြည်သူလူ ထုယုံကြည်ရလောက်အောင် မြန်မာ့အရေးကို ဘာတွေလုပ်ခဲ့ပြီးပြီလဲ။ ဘာတွေလုပ်ပေးနိုင် ဦးမှာလဲ။ အမှန်တကယ်ကော မြန်မာပြည်သူလူထုများကို စိတ်ဝင်စားအောင်၊ ယုံကြည်လာ အောင် ပုံဖော်လုပ်ဆောင်နိုင်ဦးမလား စိတ်ဝင်စားစရာဖြစ်နေသည်။ ဂမ်ဘာရီဘယ်ကို သွားသလဲ၊ ဘာကို လုပ်ဆောင်ခဲ့သလဲ။ ဘယ်သူတွေနဲ့ တွေ့ခဲ့သလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကိုတော့ ပြည်သူလူထုအနေနဲ့ ပေကျင်းအိုလံပစ်မှာ ကျင်းပနေတဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ကြတော့မယ့် နိုင်ဂျီးရီးယားနဲ့ အာဂျင်တီးနားတို့ရဲ့ ရလာဒ်လောက်စိတ်ဝင်စားမှု ကင်းမဲ့နေခဲ့တော့သည်။

ဒီလိုဆိုရင် မြန်မာပြည်အစိုးရအနေနဲ့ကတော့ တစ်နေ့တစ်မျိုးထုတ်ပြန်နေတဲ့ စည်း မျဉ်းတွေ၊ ဥပဒေသတွေနဲ့ ပြည်သူလူထုကို ထပ်မံနှိပ်စက်အနိုင်ကျင့်နေခဲ့လိမ့်ဦးမည်။ လာမယ့် စက်တင်ဘာနှစ်ပတ်လည်ကို ကြောက်လန့်ပြီး ချထားတဲ့လုံခြုံရေးများနဲ့ ပြည်သူ လူထုကို ခြောက်လှန့်နေဆဲဖြစ်သည်။ ဘုရားကျောင်းကန်များကို သူပုန်စခန်းများကဲ့သို့ လက်နက်ကိုင်များ ကြံ့ဖွက်များ စွမ်းအားရှင်များ လုံထိန်များနှင့် ကျက်သရေကင်းမဲ့လာနေ အောင် ရန်ကုန်မြို့၏ လက်ရှိအခြေအနေသည် စိတ်ပျက်ဖွယ်ရာဖြစ်နေသည်။ ဘုန်းတော် ကြီးကျောင်းများဆိုရင်လည်း ကျောင်းထိုင်ဆရာတော်များကို ဖိအားပေးပြီး မြို့နယ်သံဃ နာယကဆရာတော်များမှတဆင့် စည်းကမ်းတွေထုတ်ပြန်နေခြင်းဖြင့် ရဟန်းသံဃာ တော်များကို စော်ကားနေခြင်း၊ တင်းကျပ်နေခြင်းသည် သာသနာတော်ကို ပြုပြင်ရာ
မရောက်စေဘဲ စော်ကားရာရောက်နေခဲ့လေသည်။

“ဂမ်ဘာရီဘယ်လဲ၊ ဘာလဲ ဆိုတဲ့မေးခွန်းမျိုးလောက်နဲ့ မြန်မာပြည်အခြေအနေသည် ဘာမှ ပြုပြင်ပြောင်းလဲလာလိမ့်မည်မဟုတ်“ဟု မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦး၏ သုံးသပ်ချက်ကို ရင်နာနာနဲ့ လက်ခံရတော့မည်ဖြစ်သည်။
ရာဇာစိုး၊ ရန်ကုန်။

အပြည့်အစုံဖတ်ရန်...

 
/* EOT ----------------------------------------- */