Thursday, May 8, 2008

ပြေးလွှားနေကြရတဲ့ မလေးရှားကမြန်မာများရဲ့ ဒုက္ခ

မေလ ၈ ရက်
ကျော်သိင်္ခ
မြန်မာနိုင်ငံအတွင်းမှာ မုန်တိုင်းဒဏ်သင့်ပြီး ဘေးဒုက္ခတွေရောက်နေချိန်မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေလည်း ပြည်တွင်းက မိမိတို့မိသားစုတွေအကြောင်းတွေပြီး စိုးရိမ်ပူပန်နေကြရပါတယ်။ နေ့စဉ်ထုတ်သတင်းစာများ၊ အင်တာနက်စာမျက်နှာများမှတဆင့် သေဆုံးသူအရေအတွက်ဟာ တဖြည်းဖြည်းများသထက်များလာတာကို သိကြရပြီး သောကရောက်နေကြရရှာပါတယ်။
အဲဒီလိုပူပန်နေကြသူတွေထဲမှာ မလေးရှားမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံအနှံ့အပြားမှမြန်မာတွေ လည်းအပါအ၀င်ပါ။
မလေးရှားနိုင်ငံ မာစီ မလေးရှားအဖွဲ့ (Mercy Malaysia) က မြန်မာနိုင်ငံလေဘေးဒုက္ခသည် ကယ်ဆယ်ရေးအတွက် အလှူငွေတွေကို သတင်းစာကနေတစ်ဆင့် ကြော်ငြာပြီး ကောက်ခံနေသကဲ့သို့၊ မလေးရှားရှိ အခြားမြန်မာအဖွဲ့အစည်းများ ကလည်း မိမိတို့အစီအစဉ်နဲ့ လေဘေးကယ်ဆယ်ရေးအတွက် အလှူငွေများကို ကောက်ခံပေးနေပါတယ်။


မြန်မာနိုင်ငံအတွင်းမှာ ယခုလို ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရချိန်မှာဘဲ ပြီးခဲ့တဲ့ညက မလေးရှားနိုင်ငံ ဒမန်ဆာရာနယ်မြေမှာ မလေးရဲကား သုံးစီး နဲ့ ရေလာ (Rela) ခေါ် တရားမ၀င်နိုင်ငံခြားသားများ ဖမ်းဆီးရေး လုပ်အားပေးအဖွဲ့က ဟိုင်းလပ်ကားလေးစီးနဲ့ အဲဒီနယ်မြေမှာ ရှိတဲ့ မြန်မာအလုပ်သမားတွေကို ည ၁၀ နာရီလောက်မှာ လိုက်လံဖမ်းဆီးခဲ့ပါ တယ်။
ဒမန်ဆာရာနယ်မြေရဲစခန်းရှေ့မှာ ရေလာ (Rela) ကားနှစ်စီးစတင်ရောက်ရှိစဉ်ကတည်းက အချို့က ဖမ်းဆီးတော့မယ် ဆိုတာအချင်းချင်းကြိုတင် ဖုန်းဆက်ပြီးသတိပေးပြီးသားပါ။ ဒါကြောင့်အချို့က ကြိုတင်သိပြီး နီးစပ်ရာ နယ်မြေမှာရှိတဲ့ သူငယ်ချင်း၊ ပေါင်းအသင်းတွေအိမ်မှာ သွားရှောင်နေလိုက်ကြတယ်။
အချို့ကတော့ ပြေးလို့မရဘူး။ အလုပ်က ညပိုင်းဆင်းရတာဆိုတော့ အလုပ်မှာဘဲ ဟန်မပြတ်လုပ်နေကြရတယ်။
“ညကတော့ ရဲကားသုံးစီးကအရှေ့က၊ ရေလာ (Rela) ကား လေးစီးက နောက်က၊ ၀ုန်းကနဲဆို ရဲတွေ၊ ရေလားတွေ ကကားပေါ်ကနေဆင်းပြီး ဆိုင်တွေမှာအလုပ်လုပ်နေတဲ့အလုပ်သမားတွေကို ဆင်းပြီးဖမ်းတာပေါ့။ အာလုံး ၀ရုန်းသုံးကားနဲ့ ဟိုပြေးဒီပြေးနဲ့ပေါ့။ ကျနော်ကတော့ အိမ်သာထဲမှာ ပုန်နေလို့လွတ်သွားတယ်” လို့ ထိုနယ်မြေက စားသောက်ဆိုင်တစ်ဆိုင် မှာ အလုပ်လုပ်နေတဲ့ ကိုတာ က အခုလို ပြောပြပါတယ်။
“ပြေးတဲ့လူတွေကပြေးတယ်။ ပေါ်မှာလည်း ရဟတ်ယာဉ်တစ်စင်းက ထွတ်ပြေးတဲ့သူတွေလွတ်မသွားအောင် အပေါ်ကနေ မီးထိုးပြီးပြပေးတယ်။ ဒါပေမယ့် တချို့ ကံကောင်းလို့ လွတ်သွားတဲ့သူတွေလည်း ရှိတယ်။ အိမ်မှာ ဒုက္ခရောက်နေကြလို့ အဆက်အသွယ်လည်းမရ။ ပိုက်ဆံပို့ပေးချင်တယ်။ ဒါပေမယ့် ဒီမှာက အလုပ်လည်းကောင်းကောင်းလုပ်လို့မရဘူး။ အချိန်မရွေးအဖမ်း ခံရနိုင်တယ်။ တစ်နေ့တစ်နေ့ သတင်းစာမှာပါတဲ့ အသေအပျောက်စာရင်းတွေတိုးတိုးလာတာကို ကြည့်ပြီး စိတ်မချမ်းသာဘူးဗျာ” လို့ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာတစ်ဦးက ပြောပါတယ်။
“စုစုပေါင်း အယောက် ၃၀ လောက်ပါသွားတယ်။ ဘီယာဆိုင်မှာ အလုပ်လုပ်နေတဲ့သူတွေလည်းပါသွားတယ်။ ဒီတစ်ခေါက်တော့ခါတိုင်းလို အိမ်ပေါ်ကို တက်ပြီးမဖမ်းဘူး။ အပြင်မှာဖမ်းတာ။ အယောက် ၃၀ ဆိုတာက ဒီတစ်လမ်းတည်းမှာမဟုတ်ဘူး။ ဒီဘက်က ၁၅ ယောက် ပါသွားတယ်။ ဟိုဘက် ဆိုင်တန်းဘက်က ၁၅ ယောက်လောက်ပါသွားတယ်။ စုစုပေါင်း ၃၀ လောက်ပါသွားတာပေါ့” လို့လည်း ၎င်း ကဆက်ပြီးပြောပြပါတယ်။
မလေးရှားနိုင်ငံမှာ တရားဝင်ရော၊ တရားမ၀င် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားပေါင်း ခြောက်သိန်းနီးပါးရှိပြီး၊ တရားမ၀င်လာရောက်အလုပ်လုပ်ကိုင်နေကြရတဲ့ အလုပ်သမားတွေဟာ တစ်နေရာမဟုတ် တစ်နေရာမှာ မလေးရဲနဲ့ ရေလာ ခေါ် လုပ်အားပေးဖမ်းဆီးရေးအဖွဲ့တွေရဲ့ ဖမ်းဆီးတာကို ခံနေကြရပါတယ်။
ဒါပေမယ့် မလေးရှားနိုင်ငံက ယနေ့ထုတ် The Star သတင်းစာမှာတော့ Mercy Malaysia အသင်းက မြန်မာနိုင်ငံလေဘေး ဒုက္ခသည်တွေအတွက် အလှူငွေ မလေးငွေ သုံးသိန်းလှူဒန်းကြောင်း သတင်းစာရဲ့ ပထမ စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။
ဒါကြောင့် မလေးရှားအနေနဲ့ မြန်မာနိုင်ငံသားတွေဒုက္ခရောက်နေကြတာကို စာနာစိတ်နဲ့ ကူညီမှာလား၊ ဖမ်းဆီးမှုတွေဆက်ပြီး ပြုလုပ်နေမှာလားဆိုတာ မေးစရာမေးခွန်းတစ်ခုဖြစ်လာပါတယ်။

No comments:

 
/* EOT ----------------------------------------- */