Sunday, May 11, 2008

နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေး ပစ္စည်း တင်ဆောင်လာတဲ့ သင်္ဘော နစ်မြုပ်

11 May 2008

မြန်မာနိုင်ငံက လေဘေး ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ဆောင်လာတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီးရဲ့ လေယာဉ် ရန်ကုန်မြို့ကို ဆိုက်ရောက်လာပါပြီ။ လူတစ်သောင်းစာ ဆေးဝါးအထောက်အပံ့တွေနဲ့ ရေသန့်စင်စက်ငယ်လေ တစ်လုံး ဒီလေယာဉ်ပျံပေါ်မှာ ပါလာပေမယ့် မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသမှာ ပစ္စည်းတွေ သွားရောက် ဖြန့်ဖြူးနေတဲ့ လှေတစ်စင်းကတော့ နှစ်မြုပ်သွားခဲ့ပါတယ်။ နိုင်ငံတကာ ကြက်ခြေနီ အသင်းရဲ့ အရေးပေါ် အကူအညီတွေ တင်ဆောင်လာတဲ့ လှေတစ်စင်း ဧရာဝတီတိုင်း၊ မော်လမြိုင် ကျွန်းအနီးမှာ နစ်မြုပ်ခဲ့တယ်လို့ ကြက်ခြေနီ အသင်းက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။ လူပေါင်းတစ်ထောင်ကျော်စာ ဆန်တွေနဲ့ သောက်ရေတွေ တင်ဆောင်လာတဲ့ လှေ နစ်မြုပ်ခဲ့ပေမယ့် လူထိခိုက်သေဆုံးမှု ရှိတယ်လို့တော့ မကြားရပါဘူး။



ကမ္ဘာတစ်ဝှမ်းကနေပြီး အလှူငွေ ဒေါ်လာ သန်းတစ်ရာ ထည့်ဝင်ကြပေမယ့် စစ်ခေါင်းဆောင်တွေကတော့ အရေးပေါ် စားနပ်ရိက္ခာတွေကို လေဆိပ်မှာ တားထားပြီးတော့ နိုင်ငံခြားက ကျွမ်းကျင်သူတွေ လာရောက်ခွင့်ပေးဖို့၊ ပြည်ဝင်ခွင့်ပေးရေး ကိစ္စတွေမှာလည်း အချိန်ဆွဲနေတာပါ။ ကယ်ဆယ်ရေး ပစ္စည်းတွေကို သူတို့ အစီအစဉ်နဲ့ သူတို့ ဝေမယ်လို့ ပြောနေပါတယ်။ တချို့ဖြစ်ရပ်တွေမှာ ဆိုရင် နိုင်ငံခြားကပေးတဲ့ ပစ္စည်းပုံးတွေအပေါ်မှာ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေရဲ့ လှူဒါန်းပါတယ်ဆိုတဲ့ ပုံနှိပ်စာလုံးကြီးတွေနဲ့ စာရွက်တွေ ကပ်ထားပြီး လှူဒါန်းတဲ့ပုံတွေ ရုပ်မြင်သံကြားတွေမှာ တွေ့နေရပါတယ်။

ပြင်သစ်အခြေစိုက် လူသားချင်းဆာနာမှုဆိုင်ရာ အဖွဲ့တခု ဖြစ်တဲ့ Medicine to Mourn ကို မြန်မာနိုင်ငံမှာ အရေးပေါ် အကူအညီတွေကို ဝေငှရာမှာ ကြီးကြပ်ဖို့ မြန်မာစစ်အစိုးရက ခွင့်ပြုလိုက်တယ်လို့ အေပီသတင်းတပုဒ်ကဆိုပါတယ်။

တန်ချိန် ၂၂တန်ရှိတဲ့ ကုန်ပစ္စည်းတွေကို ဝေငှပေးဖို့ အဖွဲ့ဝင်နှစ်ဦး ပါဝင်တဲ့ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။ လေမုန်တိုင်းဘေးဒဏ်ခံရသူတွေအတွက် ရုရှားနိုင်ငံက အရေးပေါ် အကူအညီနဲ့ နောက်ထပ်လေယာဉ်တစ်စင်းဆာ ကုန်ပစ္စည်းတွေ မနက်ဖြန်မှာ ရောက်ရှိမယ်လို့လည်း ရုရှားနိုင်ငံက သတင်းတွေမှာ ပါရှိပါတယ်။

No comments:

 
/* EOT ----------------------------------------- */