Thursday, May 8, 2008

အိန္ဒိယက စစ်အစိုးရကို မုန်တိုင်းသတင်း နှစ်ရက်ကြာ ကြိုတင် သတိပေးခဲ့

AFP, Malaysia
7 May, 2008
ကျော်သိင်္ခ

အိန္ဒိယနိုင်ငံက မိုးလေ၀သပညာရှင်တွေက သူတို့အနေနဲ့ မြန်မာစစ်အစိုးရကို မြန်မာနိုင်ငံမှာ မုန်တိုင်းကျရောက်တော့မည် ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေ လုပ်နိုင်ရန် မုန်တိုင်းမတိုက်မီ နှစ်ရက်အလိုကတည်းက အကြောင်းကြားခဲ့ ကြောင်း မနေ့က ပြောလိုက်ပါတယ်။
အိန္ဒိယ မိုးလေ၀သဋ္ဌာန (IMD) ဟာ ပြီးခဲ့တဲ့လကတည်းက ဘင်္ဂလားပင်လယ်အော်ရဲ့ ရာသီဥတုအခြေအနေဆိုးရွားမှုကို အသေးစိတ်စောင့်ကြည့်လေ့လာနေခဲ့တာဖြစ်ပါတယ်။ ၎င်းဋ္ဌာနအနေနဲ့ မြန်မာနိုင်ငံမှာ ၄၈ နာရီအတွင်းမုန်းတိုင်းကျရောက် တော့မည်ဖြစ်ကြောင်း မြန်မာစစ်အစိုးရကို ကြိုတင်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။






“ကျနော်တို့အနေနဲ့ နာဂစ်မုန်တိုင်းမလာခင် ၄၈ နာရီကတည်းက မုန်တိုင်းတိုက်ခတ်မယ့်လမ်းကြောင်းက မြန်မာနိုင်ငံအောက်ပိုင်းနားကို ကန့်လန့်ဖြတ်တိုက်ခတ်မယ်ဆိုတာ စစ်အစိုးရကို ညွန်ပြခဲ့တယ်” လို့ အိန္ဒိယမိုးလေ၀သဋ္ဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘီပီ ယာဒတ်ဗ် ကပြောခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့အလုပ်ကတော့ ကြိုတင်သတိပေးဖို့ပါဘဲ။ အဲဒီလိုကြိုတင်သတိပေးနိုင်တာကိုလည်း ကျနော်တို့အနေနဲ့ဂုဏ်ယူ မိပါတယ်။ အခုလို ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်မသွားအောင် ပြည်သူတွေကိုသတိပေးဖို့ မြန်မာစစ်အစိုးရအနေနဲ့ လုံလောက်တဲ့ အချိန်တွေ ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ အဲဒီလိုမလုပ်နိုင်ခဲ့ဘူး” လို့လည်း ယာဒတ်ဗ်က ပြောပါတယ်။

IMD အနေနဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတို့မှာ ဖြစ်ပွားမယ့် ဆိုင်ကလုန်း မုန်တိုင်း တွေကိုလေ့လာဖို့ ကမ္ဘာ့မိုးလေ၀သဋ္ဌာနရဲ့ တာဝန်ခန့်အပ်ခြင်းကို ခံထားရတာဖြစ်ပါတယ်။

အမေရိကန် သမ္မတကတော် လော်ရာဘွတ်ရှ် ကတော့ ဒီလောက်ဆိုးရွားတဲ့အခြေအနေကို ဖြစ်သွားစေတဲ့ မုန်တိုင်းနဲ့ ပက်သက်ပြီး ပြည်သူတွေကို ကြိုတင်သတိပေးကာကွယ်ပေးမှုတွေ မလုပ်ခဲ့တဲ့ မြန်မာစစ်အစိုးရကို တရားလက်လွတ် တာဝန်မဲ့ရာကျကြောင်း ဒီကနေ့ စွပ်စွဲလိုက်ပါတယ်။

ဧပြီလလယ်လောက်ကတည်းကစပြီး IMD က မြန်မာနိုင်ငံနဲ့ အခြားအရှေ့တောင်အာရှနိုင်ငံတွေကို ဘင်္ဂလားပင်လယ် အော်မှာ မုန်တိုင်းလာနိုင်ဖွယ်ရှိကြောင်း ပုံမှန်သတိပေးချက်တွေကို၊ အကြံပေးချက်တွေကို ပို့ပေးခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ဧပြီလာ ၂၆ ရက်နေ့ကိုဘဲကြည့်၊ မုန်တိုင်းလာတော့မယ်ဆိုတာ ကျနော်တို့ သူတို့ကို ပြောခဲ့တာဘဲ” လို့ ယာဒတ်ဗ်က မုန်တိုင်းအင်အားကြီးထွားလာတဲ့အခြေအနေကို ကိုးကားပြီးပြောသွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်း ကတော့ မုန်တိုင်းက ဘယ်နိုင်ငံကိုဦးတည်မလဲဆိုတာကိုတော့ မပြေနိုင်ခဲ့သေးကြောင်း အိန္ဒိယ မိုးလေ၀သဋ္ဌာန IMD ကပြောခဲ့တာဖြစ်ပါတယ်။










No comments:

 
/* EOT ----------------------------------------- */