Thursday, May 8, 2008

မြစ်ဝကျွန်းပေါ်ကို လေကြောင်းဖြင့် ကူညီရေးပစ္စည်းများပေးပို့ရန် အမေရိကန်အဆင်သင့်

ဧရာဝတီ | မေ ၉၊ ၂၀၀၈

စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ လေကြောင်းမှပို့ဆောင်ရန် အမေရိကန်က အသင့်ဖြစ်နေကြောင်း သိရသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘန် အမ် ဂိတ်စ် က ထိုင်းပင်လယ်ကွေ့အတွင်း၌ USS Essex, USS Juneau နှင့် USS Harper’s Ferry သင်္ဘောများ မြန်မာနိုင်ငံသို့ ကူညီ ထောက်ပံ့ရေး ပစ္စည်းများပို့ဆောင်ရန် အသင့်စောင့်နေကြကြောင်း ပင်တာဂွန် စစ်ဌာနချုပ်တွင် သတင်းထောက်များ အား ယမန်နေ့ကပြောဆိုသည်။

“ဆူနာမီနဲ့ ပါကစ္စတန် ငလျှင်တုန်းက ဘေးဒုက္ခရောက်တဲ့နေရာတွေမှာ ကျနော်တို့ရေတပ်က ကူညီမှုတွေ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ အသက်ပေါင်းများစွာကိုကယ်တင်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်” ဟု ရောဘန် အမ် ဂိတ်စ်က သတင်းထောက်များအား ပြောသည်။

အမေရိကန်တပ်များက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အဆင်သင့်ဖြစ်နေကြပြီး C-130 အမျိုးအစား လေယဉ် ၆ စင်းသည်လည်း ရေနှင့် စားနပ်ရိက္ခာများ လေကြောင်းမှပေးပို့ရန် အသင့်ဖြစ်နေကြောင်း လည်း ၎င်းကပြောသည်။

အမေရိကန်အပါအ၀င် နိုင်ငံတကာရှိ ကယ်ဆယ်ရေးအဖွဲ့များနှင့် အကူပစ္စည်းများကို ပေးပို့ခွင့်ရမည်ဟု မျှော်လင့်ကြောင်း အမေရိကန်အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်အစိုးရက နိုင်ငံတကာရှိ ကယ်ဆယ်ရေးအဖွဲ့ဝင်များကို ယခုအချိန်အထိ ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးသေးကြောင်း သိရသည်။

အမေရိကန်စစ်တပ်က လေဘေးဒဏ်ခံရသည့်နေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို မကြာမီစတင်မည် ဟူသည့် ကောလာဟလများ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ပျံ့နှံ့လျက်ရှိသည်။

No comments:

/* EOT ----------------------------------------- */