Thursday, May 8, 2008

မဲဆန္ဒပေးပွဲတွေ နိုင်ငံတဝှမ်း ကျင်းပနေပြီ

PDF Print E-mail
မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 11:15 - မြန်မာစံတော်ချိန်

မဲဆန္ဒပေးပွဲတွေ နိုင်ငံတဝှမ်း ကျင်းပနေပြီ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် - မြန်မာစံတော်ချိန်

မုန်တိုင်းဒဏ်ကြောင့် တတိုင်းပြည်လုံး ပူဆွေးသောက ရောက်နေသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ရက်ရွှေ့ဆိုင်းရန် မေတ္တာရပ်ခံမှုများ ကြားမှပင် မြန်မာစစ်အစိုးရက သတ်မှတ်ပြီး ဖြစ်သည့် ယနေ့တွင် နိုင်ငံတဝှမ်း၌ ဆန္ဒမဲပေးပွဲများ စတင်လိုက်ပြီ ဖြစ်သည်။



ယခု ကျင်းပဆဲ ဖြစ်သည့် ဆန္ဒပြပွဲများ၏ အခြေအနေ အရပ်ရပ်ကို မဇ္ဈိမက အချိန်နှင့်တပြေးညီ တင်ပြသွားပါမည်။
-------------------------
မလှိမ့်တပတ်နဲ့ ကြိုတင်မဲ ယူခဲ့တာကို မန္တလေး မဲဆန္ဒရှင်များ အခုမှ သိရ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၃၀ - မြန်မာစံတော်ချိန်

မန္တလေး မဲဆန္ဒရှင် အချို့သည် ယနေ့ ကျင်းပသည့် ဆန္ဒမဲပေးပွဲသို့ သွားရောက် မဲထည့်စဉ် သူတို့အနေနှင့် ကြိုတင်မဲ ပေးခဲ့ပြီး ဖြစ်ကြောင်း မဲရုံ တာဝန်ရှိသူများ ပြောပြမှ သိရသည်။

ဒေသခံတဦးက -

“ကျနော်တို့ အလုပ်ထဲက ကလေးတွေ မဟာအောင်မြေမြို့နယ်၊ သံလျပ်မော် အနောက်က အကွက် ၃၉ဝ-၃၉၁ က အမှတ် ၃၄ မူလတန်းကျောင်းက မဲရုံမှာ မဲမပေးခဲ့ရဘူး။ သူတို့ကို လက်မှတ်ပဲ ထိုးခိုင်းလိုက်တယ်။ သူတို့ကို ကြိုတင်မဲ ပေးပြီးပြီလို့ ပြောလွှတ်လိုက်တယ်။ မိန်းကလေး အများစု အဲလို ခံလိုက်ရတယ်။ သူတို့ ကြိုတင်မဲ မပေးရသေးဘူး ခင်ဗျ။ သူတို့ကို ဝေထားတဲ့ စာရွက်ကလေးတွေနဲ့ သွားတော့ သူတို့ကို အဲလို ပြောလွှတ်လိုက်တာပါ။ NLD ကလည်း မဟုတ်ပါဘူး။ သူတို့ ဘာမှ နားမလည်လို့ ခံလိုက်ရတာပါ။

၈ နာရီမှာ သွားပါတယ်။ သွားတဲ့အခါမှာ ကျနော်တို့ မဲရုံမှာ လူ ၁ဝ ယောက်လောက်ပဲ ရှိပါတယ်။ မဲရုံအခန်းတွေက ၆ ခန်းရှိတယ်။ မဲပုံး ၂ ခု ထောင်ထားပါတယ်။ ကျနော် သွားတဲ့အချိန်က စောလို့လားမသိဘူး လူတွေ ခပ်ပါးပါးပါပဲ။

မဲရုံမှာ ကျောင်းဆရာမတွေက ရပ်ကွက်က ပေးထားတဲ့ စာရွက်တွေနဲ့ နာမည်စာရင်းတွေနဲ့ တိုက်ပြီးတော့ လက်ခံပါတယ်။ စုစုပေါင်းက အယောက် ၂ဝ လောက် ရှိတယ်။ လုံခြုံရေးလည်း အပြည့် ယူထားပါတယ်။ walking talking တွေနဲ့ အရပ်ဝတ်တွေက ၃ ယောက်လောက် ရှိတယ်။ သူတို့ကြည့်ရတာ ရဝတ လူတွေနဲ့ တူပါတယ်။ လုံခြုံရေးနဲ့ ယူနီဖောင်းနဲ့က ၅ ယောက်လောက် ရှိတယ်။ ကျနော်တို့ မဲရုံမှာ သတင်းထောက် တယောက်မှတော့ မတွေ့ရဘူး”

လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၂၅ - မြန်မာစံတော်ချိန်
ရန်ကုန်မြို့နေ NGO ရုံးမှ ၀န်ထမ်းတဦးက "ဒီနေ့ က ရန်ကုန်မှာက မြို့ထဲမှာက မဲမပေးရဘူးလေ။ ဘယ်သူကမှလဲ မဲကိစ္စ စိတ်မ၀င်စားကြဘူး။ စားဖို့ပဲ လုံးပန်းနေကြရတာ။ အခြားနယ်တွေက ပေးပေး မပေးပေး စိတ်မ၀င်စားကြဘူး။ ဒီလောက်လူတွေ ဒုက္ခ ရောက်နေတာကို မဲပေးဖို့ လုပ်နိုင်ကြသေးတယ်" ဟု ပြောကြားသွားသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ကြက်ခြေခတ်တွေ များနေသတဲ့
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၂၅ - မြန်မာစံတော်ချိန်
ဒေသခံ (၁)

“ဒီမနက်ကနေ မဲရုံစဖွင့်တော့ ပေးနေကြပြီ။ လွတ်လွတ်လပ်လပ်ပါပဲ။ မဲရုံနဲ့ မလှမ်းမကမ်းမှာ ရဲ ၂ ယောက် စောင့်တယ်။ လက်မှတ်ပေးသူ၊ ကော်မရှင်နဲ့ အရပ်ဝတ် ရဲတွေ ၂ ယောက်လောက်ပဲ စောင့်ကြပ်တယ်။ မှတ်ပုံတင် တိုက်ပြီးတော့ မဲပြားနဲ့ တိုက်ပြီး မှန်တယ်ဆိုရင် လက်မှတ်ထိုးပြီး ဆန္ဒပြုလိုက်တယ်၊ ပြီးတော့ မဲပုံးမှာ ထည့်ခဲ့လိုက်တယ်။ ကျနော်ကတော့ ကျနော့် ဆန္ဒအတိုင်း ပြုလိုက်တယ်။ ကျနော်ကတော့ ကိုယ့်ရဲ့ နှစ် ၂ဝ လောက်မှာ ရတဲ့ အခွင့်အရေးဆိုတော့ ကိုယ့်ရင်ထဲမှာ ရှိတဲ့အတိုင်း ထည့်လိုက်တယ်။ ကိုယ်က နားလည်ပြီးသား။ တချို့ဆိုရင် မထည့်ရဲကြဘူး။ နောက်ပြီး မဲကို ဘယ်လို သွားထည့်ရမယ်တောင် မသိကြဘူး။

ကျနော့်အမြင် ပြောရရင်တော့ အခုလာထည့်တဲ့ လူတွေက မကြောက်တဲ့ လူတွေ ဖြစ်တယ်။ ကြောက်တဲ့ လူတွေက ကြိုတင်မဲ ထည့်ပေးကြပြီ။ ရက်ကွက်ထဲက လူကြီးတွေက အဲဒီနေ့မှာ တန်းစီရမယ်၊ အလုပ်ပြုတ်မယ်၊ လူတွေ များမယ်၊ ဒီနေ့ ထည့်ရင်တော့ မတိုးရဘူး ဘာညာပြောပြီး အရင်တပတ်က ထည့်ပြီးကြပြီ။

ဒီမှာက ရပ်ကွက် ၅ ခုရှိတယ်။ မြို့မ၊ အောင်သပြေ၊ အရှေ့စု၊ စိမ်းမြေ့ရတနာ၊ အုတ်ကျင်း ရပ်ကွက်များ ရှိတယ်၊ မဲထည့်လို့ရတဲ့ လူတွေက တရပ်ကွက်မှာ ၅ဝဝဝ လောက်ရှိမယ်၊ ခန့်မှန်းခြေ စုစုပေါင်းက ၁ဝဝဝဝ မဲထည့်ပိုင်ခွင့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ကျနော်ထင်တယ်။ ဒီနေ့ ညနေ ၄ နာရီအထိ ဖွင့်မယ်ဆိုတော့ စောစောပြီးမယ်လို့ ထင်တယ်။ မဲရုံကတော့ တရပ်ကွက်မှာ ၂ ရုံလောက်ရှိတယ်ဆိုတော့ ခန့်မှန်းခြေ ၁ဝ ရုံလောက် ရှိမယ်ထင်တယ်”

ဒေသခံ (၂)

“လုံခြုံရေးကတော့ ရဲနဲ့ မဲလက်မှတ် ထုတ်ပေးသူ၊ စောင့်ကြည့်နေသူ ပေါင်းရင် ၅ ယောက်၊ ၆ ယောက်ရှိတယ်။ ဒီမှာက ၅ အိမ်လောက်မှာ ၃ အိမ်လောက်ကတော့ အသက်ကြီးတဲ့ သူတွေကို ကြိုတင်မဲ ထည့်ခိုင်းတယ်။ ရုံမှာဆိုရင် လူမတိုးနိုင်မှာ စိုးလို့၊ နောက်ပြီး တကယ်လို့ ကြက်ခြေခတ်ထည့်ရင် ဝန်ထမ်းတွေကိုတော့ အလုပ်ပြုတ်မယ်၊ ငွေကျပ် ၁ သိန်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံရမယ်၊ အောင်ဆန်းစုကြည်ကို သဘောကျရင် အမှားခြစ်ပါ၊ ဒီအစိုးရကို မကြိုက်ဘူးဆိုရင် အမှန်ခြစ်ပါ ပြောပြီး အမှန် အမှတ်အသားကို ခြစ်ခိုင်းတယ်။

ကျမနဲ့အတူ သွားတဲ့လူတွေ ၁၂ ယောက်တော့ အမှားခြစ် ခြစ်ခဲ့တယ်လို့ ပြောတယ်။ ဒါပေမဲ့ တချို့ဆိုရင် ဘယ်နားမှာ ဘယ်လို လုပ်ရမှာလဲလို့ မေးတော့ သေချာ မရှင်းပြဘူး။ သူတို့က ဒီနားလေးမှာ အမှန်ခြစ်လိုက် ဟိုပုံးကို ထည့်လိုက် ပြောတယ်။ နောက်ပြီး ခန်းစီးကို ခဏခဏ လာပြီး ကြည့်တယ်လေ။ မဲခန်းမှာဆိုရင်လည်း အောက်ခံမှာ ကုမုဒြာဂျာနယ်မှာ ပါတဲ့ မီးလောင်နေတဲ့ပုံကို အခန်းတိုင်းမှာ ဒီစာစောင် အောက်ခံ ထည့်ထားပေးတယ်။ ကျမက အိမ်ကတယောက်အတွက်ပါ ထည့်တော့ နှစ်ခန်း ဝင်ရတယ်။ အဲဒီနှစ်ခန်း စလုံး အဲဒီပုံပဲ။ ကျမထင်တာက လူတွေကို မီးအန္တရာယ်တွေကို အမှုမဲ့ အမှတ်မဲ့ လှန်ကြည့်ပြီး စိတ်ပြောင်းအောင် လုပ်တယ်လို့ ထင်တယ်”

ဒေသခံ (၃)

“ဒီနေ့လုပ်တာကတော့ အမှန်အကန်ပါပဲ။ ဒါပေမဲ့ ကျမက တပ်နဲ့ နီးစပ်တယ်။ မနေ့က ညနေ ၅ နာရီမှာ ဒီမိုးညှင်း စစ်တပ်ထဲက လူတွေ အစည်းအဝေး ခေါ်ပြီးတော့ အားလုံးကို ခေါ်ပြီးတော့ ဒီနေ့ မနက် ၅ နာရီမှာ အကုန် တန်းစီမယ်၊ အမှားတခုမှ မပါစေရဘူး။ ကန့်ကွက်မဲ မထည့်ရဘူး။ အကုန်လုံး အမှန်နော် သူတို့ရှေ့မှာ အမှန်ခြစ်ပဲ ဖြစ်ရမယ်၊ အမှားခြစ် မဖြစ်ရဘူး၊ အားလုံး အမှန်ပဲနော် ဆိုပြီး အစည်းအဝေးကို သိမ်းလိုက်တယ်။

ကျမကတော့ အမှားခြစ် ခြစ်ခဲ့တယ်။ မဲရုံက များတော့ လုံခြုံရေးက ဖြန့်ထားလား မသိဘူး၊ ရဲအများကြီးတော့ မရှိဘူး။ မဲရုံရဲ့ အပြင်ဘက်မှာ ကုလားထိုင်မှာ ထိုင်စောင့်နေတယ်”

ဒေသခံ (၄)

“ကျမ သွားထည့်တဲ့အချိန် ၁ဝ နာရီလောက်မှာ ၁ဝ ယောက်၊ ၁၅ ယောက်လောက်ပဲ ရှိသေးတယ်။ အဲဒီ လူတွေကို ကျမ လက်တို့ကြည့်တော့၊ မေးတော့ ကြက်ခြေခတ်ပဲ ထည့်ခဲ့တယ်လို့ ပြောတာပဲ။ နောက်ပြီး မဲရုံကို ကဒ်ကလေး ပေးတယ်၊ အခန်းထဲမှာ ဝင်ပြီး ခြစ်ခဲ့တယ်။ ကျမနဲ့ နီးစပ်သူတွေကတော့ ကြက်ခြေခတ်တာပဲ”
မုံရွာမြို့က ဆန္ဒမဲပေးပွဲမှာ မိသားစုဝင်များ ကိုယ်စား မဲပေးနိုင်တယ်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၀၀ - မြန်မာစံတော်ချိန်

“ကျနော်တို့တော့ ပြန်ခဲ့ပြီ။ ကျနော်နဲ့ တွေ့ခဲ့တဲ့ တော်တော်များများကတော့ ကြက်ခြေခတ်တွေပဲ ကြားနေရတယ်။ လုံခြုံရေး ချထားတာတွေ ရှိတယ်။ မဲရုံအနီး ပေ ၅ဝ လောက်မှာ ယူနီဖောင်း ဝတ်ထားတဲ့ ရဲတွေ စောင့်နေတယ်။ တော်ရုံတန်ရုံ နားမလည်တဲ့သူတွေ ကြောက်သွားမှာ စိုးရတယ်။ တအိမ်ထဲကနေ ပြီးတော့ မိသားစု အားလုံးအတွက် ကိုယ်စားပြုပြီးတော့ တယောက်ထဲကနေ မဲပေးလို့ရတယ်။ အိမ်ထောင်စု တော်တော်များများက တယောက်ထဲ မဲလာပေးကြတယ်။ တယောက်တမဲ မဟုတ်ဘူးအကို၊ တယောက်ထဲကနေ မိသားစုတွေအတွက် မဲပေးကြတယ်။ ဝင်ဝင်ချင်း မဲ လက်မှတ် ထုတ်ဖို့ရာအတွက် လက်မှတ်ထိုးရတယ်။ မုံရွာမြို့ မဲရုံအမှတ် ၃ ဖြစ်တယ်။

ပြည်သူတွေက သတင်းနားထောင်၊ ဘာထောင်ဆိုတော့ ရိက္ခာတွေ လက်မခံ၊ ဘာမခံဆိုတော့ လူတော်တော်များများက ဒေါသတွေ ထွက်နေတယ်။ ကိုယ်လည်းမလုပ်နိုင်၊ သူများလာလုပ်တာလည်း မကြိုက်ဘူးဆိုတော့ တော်တော်များများက မကျေနပ်ကြဘူးပေါ့။ မဲထည့်တဲ့သူတွေ တော်တော်များများ ပြောတာကတော့ ရှေ့မှာ လုပ်သွားကြတဲ့ သူတွေက ဘဝတွေနဲ့ ရင်းပြီးတော့ လုပ်နေသွားကြတယ်။ ကျနော်တို့ ဒီစာရွက်လေးပေါ်မှာ ကြက်ခြေခတ် မပေးနိုင်ရင် အင်မတန်မှ ရှက်စရာ ကောင်းတယ်။ မဲရုံမှာ မဲတွေ ရေတွက်မယ်လို့ ကြားတယ်။ ကျနော်တို့ ရပ်ကွက်က မဲရုံမှူးတွေကတော့ အရက်သမားတွေ ဖြစ်နေတယ် ခင်ဗျာ။ အရက်ဆိုင်မှာ တောက်တိုလုပ်တဲ့ သူတွေက မဲရုံမှာ စာရေး ဝင်လုပ်နေကြတယ်”
စွမ်းအားရှင်များအား စုစည်းနေ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၅၀ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်ရှိ ပြည်သူ့ ရင်ပြင်အတွင်းတွင် စွမ်းအားရှင်များအား စုစည်းနေသည်ကို ယမန်နေ့က စတင်၍ တွေ့ရှိရသည်။

ဒိုင်နာကား ၁၈ စီးခန့်နှင့် ဘက်စ်ကား ၁၀ စီးခန့် ရပ်နားထားသော ပြည်သူ့ရင်ပြင် အတွင်းတွင် လူအများအပြားအား စုစည်းနေကြောင်းတွေ့ရသည်။ တရက် ၃၀၀၀ ကျပ်နှုန်းဖြင့် ခေါ်ယူထားကြောင်း သိရှိရပြီး
ရန်ကုန်မြို့တွင်း အမှိုက်များ လိုက်လံ ရှင်းလင်းရန် ဖြစ်သည်ဟု ၀န်ထမ်းတဦးက ပြောသည်။

ကားများပေါ်သို့ လူအများအပြား ပြည့်အောင် တင်ဆောင်ကာ မောင်းနှင် ထွက်ခွာသွားခြင်းကို တွေ့ရှိရသဖြင့် အမှိုက်များ မည်သို့ ရှင်းမည်ကို မသိရသော်လည်း ယနေ့တွင် ကျင်းပမည့် လူထု ဆန္ဒခံယူပွဲ နှင့် ပတ်သက်ပြီး အသုံးချဖွယ် ရှိသည်ဟု သိရသည်။

မန္တလေးမှာ ၆ နာရီမှစတင် မဲပေး
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၄၀ - မြန်မာစံတော်ချိန်

စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲမှာ မန္တလေးတွင် ယနေ့ နံနက် ၆ နာရီ ကတည်းက စတင်နေပြီ ဖြစ်သည်။

မန်းဒေသခံ တဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ -
"မဲရုံကို နေ့လည်ကျမှ သွားမှာ။ ကျမကတော့ သွားပေးကို ပေးရမယ်။ ကျမတို့ ရပ်ကွက်ထဲမှာ သွားကြတဲ့သူတွေ များပါတယ်။ ကျမ အသိတယောက်ကတော့ အစက သွားပေးမယ်ဆိုပြီး ခုတော့ မသွားတော့ဘူးတဲ့။ အောက်ပြည်မှာက ဒီလောက် ဒုက္ခတွေ ရောက်နေကြတာ သူတို့လုပ်တာ မတရားဘူး မသွားနိုင်ဘူးလို့ ပြောပြီး စိတ်တွေ ဆိုးနေတယ် " ဟု မဇ္ဈိမသို့ ပြောသွားသည်။

ပြီးခဲ့သည့် အပတ်က ၀င်ရောက်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် အပျက်အစီးများ ရှိခဲ့သော ဒေသများ ဖြစ်သည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရန်ကုန်တိုင်းအတွင်းရှိ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ကိုကိုးကျွန်းမြို့နယ် စုစုပေါင်း (၅)မြို့နယ်၊ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်မြို့နယ်၊ ကန်ကြီးဒေါင်မြို့နယ် ၊ သာပေါင်းမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်။ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်ဂပူမြို့နယ်၊ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ၀ါးခယ်မမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် စုစုပေါင်း (၁၉)မြို့နယ်တို့ကို ပုံမှန်အခြေအနေသို့ ရောက်ရှိပြီး ဒေသများဖြစ်၍ ယခင် သတ်မှတ်ထားသော မေ ၁၀ ရက်နေ့တွင် မဲပေးနိုင်ပြီဖြစ်ကြောင်း စစ်အစိုးရမှ ထုတ်ပြန် ကြေငြာထားသည်။

ဆန္ဒခံယူပွဲ ကျင်းပနေပြီဖြစ်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၃၀ - မြန်မာစံတော်ချိန်

စစ်အစိုးရ၏ အခြေခံ ဥပဒေအပေါ် ဆန္ဒခံယူပွဲမှာ ယနေ့ စတင် ပြုလုပ်နေပြီ ဖြစ်သော်လည်း MRTV နှင့် MRTV 4 တို့မှ ပြုလုပ်နေသော မဲဆန္ဒပေးပွဲနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါ။

MRTV တွင် မဲဆန္ဒ သွားရောက် ပေးကြရန် နှိုးဆော်သော သီချင်းများ၊ ထောက်ခံမဲပေးရန် လှုံဆော်သံများကိုသာ ထုတ်လွှင့်လျက် ရှိသည်ကိုသာ တွေ့မြင်နေရသည်။

MRTV4 တွင်လည်း ပြီးခဲ့သည့် နေ့များက ရန်ကုန်မြို့တွင်းနှင့် လေဘေးဒဏ်သင့် နေရာအချို့တို့တွင် ပြုလုပ်ခဲ့သော ကယ်ဆယ်ရေး လုပ်ငန်း အချို့တို့ကိုသာ ပြန်လည် ပြသလျက် ရှိသည်။

No comments:

 
/* EOT ----------------------------------------- */