Thursday, May 22, 2008

နာဂစ်နဲ့ အာတူးပီ (ဖက်ဖြစ်အောင် ဖက်စေချင်ပါသည်။)

ဦးစိန်ကျော်လှိုင်
ကမ္ဘာကပေးတဲ့ အကူအညီတွေ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတဲ့ မြန်မာစစ်အစိုးရမျိုးကို နိုင်ငံတကာက စစ်အင်အားသုံး ၀င်ပြီး မြန်မာဒုက္ခသည်တွေ ကူညီသင့်တယ်ဆိုတဲ့ဘက်က ထောက်ခံပြောဆိုသူတွေရှိသလို စစ်ရေးနည်းမသုံးဖို့ သတိပေးတဲ့သူတွေ၊ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။

အစိုးရတရပ်အနေနဲ့ မိမိပြည်သူတွေအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့ဘူးဆိုရင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာအသိုင်းအ၀န်းက စစ်ရေးနည်းနဲ့ ၀င်စွက်ခွင့်ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ လုပ်ပိုင်ခွင့်ကို အင်္ဂလိပ်လို Responsibility to Protect လို့ ခေါ်ပါတယ်။ အခေါ်ရလွယ်အောင် အာတူးပီ (R2P) ဆိုတဲ့ အင်္ဂလိပ်စာလုံး အတိုကောက်နဲ့ အနောက်နိုင်ငံတွေမှာ သုံးနှုန်းလေ့ ရှိပါတယ်။



အာတူးပီဖြစ်လာတဲ့အကျဉ်းချုပ်ကတော့ ၁၉၉၀ ခုနှစ်များအတွင်း ရ၀မ်ဒါနဲ့ ဘော့စနီးယား ဟာဇီဂိုဗီးနားက Srebrenica ဒေသတွေမှာ ရက်စက်တဲ့ သတ်ဖြတ်မှုတွေအပြီး ဒါမျိုးတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုပြီး ကနေဒါအစိုးရက စတင်လောဆော်ခဲ့ပါတယ်။ ဒိနောက်၂၀၀၅ ခုနှစ်မှာ အာတူးပီ Mandate ကို ကုလသမဂ္ဂက အတည်ပြုခဲ့ပါတယ်။

ချုပ်ပြောရရင် အာတူးပီသုံးဖို့ အဓိက အခြေအနေ (၄) မျိုး လိုပါတယ်။ လူအစုလိုက် အပြုံလိုက် သတ်နေတဲ့ အခြေအနေမျိုး (Genocide) လူမျိုးစုတွေ မျိုးတုံးအောင်သတ်ဖြတ်နေတဲ့ အခြေအနေမျိုး (ethnic cleansing)၊ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ အခြေအနေမျိုး(War Crimes) နဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတဲ့အခြေအနေမျိုး (Crime against humanity) တွေမှာ အာတူးပီသုံးနိုင်တယ်ဆိုပြီး တိတိကျကျ သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံတခုမှာ ဒီလိုအခြေအနေတခုခု ဖြစ်နေရင် နိုင်ငံတကာအသိုင်းအ၀န်းက စစ်ရေးနည်းနဲ့ဝင်ပြီး အကာ အကွယ် ပေးနိုင်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ခုဆိုရင် ကယ်ဆယ်ရေး ပစ္စည်းတွေတင်ထားတဲ့ အနောက်နိုင်ငံစစ်သင်္ဘောတချို့ မြန်မာကမ်းခြေနဲ့ မလှမ်းမကမ်းမှာ ရောက်နေသလို တချို့နိုင်ငံတွေကလည်း စစ်အစိုးရခွင့်ပြုချက်မယူဘဲ လေကြောင်းကနေ ကယ်ဆယ်ရေးပစ္စည်းတွေ မြစ်ဝကျွန်းပေါ်ချပေးသင့်တယ်လို့ ဖိအားပေးနေချိန် ဖြစ်ပါတယ်။ ဒါကြောင့် အာတူးပီသုံးဖို့ အခြေအနေရှိသလား ဆန်းစစ်ဖို့လိုပါတယ်။

အာတူးပီထောက်ခံတဲ့ အနောက်အုပ်စုတွေကတော့ သဘာဝ မုန်တိုင်းအန္တရာယ်အပြီးမှာ မြန်မာ စစ်အစိုးရက ပြည်ပအကူအညီတွေ ကြန့်ကြာအောင် လုပ်နေတဲ့အချက်ကို ပြည်သူတွေ အပေါ် ရက်ရက်စက်ကျူးလွန်နေတဲ့ အခြေနေမျိုး (Crime against humanity) လို့ စွပ်စွဲပါတယ်။ ဒီစွပ်စွဲချက်ဟာ မူလ အာတူးပီလုပ်ပိုင်ခွင့်ပါ အခြေအနေနဲ့ကိုက်ညီနေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်မလိုဘဲ အင်အားကြီးအနောက်နိုင်ငံတွေက မြန်မာ နိုင်ငံထဲကို စစ်အင်အားသုံးဝင်ဖို့ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တယ်လို့ အာတူးပီထောက်ခံသူတွေက ယူဆပါတယ်။

ဒီအဆိုကို International Crisis Group (ICG) ကလည်း ထောက်ခံပြီး မြန်မာနိုင်ငံကို စစ်အင်အား သုံးဝင်ဖို့ လမ်းခင်းပေးတဲ့အချက်လို့ ထောက်ပြပါတယ်။ တဘက်ကကြည့်တော့လည်း ICG ဥက္ကဋ္ဌ Gareth Evans ဟာ Australia နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သလို အာတူးပီကို ကုလသမဂ္ဂက အသိအမှတ်ပြုလာအောင် တချိန်က ဦးဆောင်စည်းရုံးခဲ့သူ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် အာတူးပီကို ထောက်ခံတဲ့ သူ့အမြင်ဟာ အံ့သြစရာမဟုတ်ပါဘူး။ ဂျာမန်အစိုးရ ပါလီမန် အမတ်တွေထဲမှာလည်း အာတူးပီထောက်ခံသူတွေရှိပြီး မြန်မာနိုင်ငံကို စစ်အင်အားသုံးဝင်ဖို့ သဘောတူပါတယ်။

မြန်မာနိုင်ငံကို အာတူးပီသုံးပီ စစ်ရေးနည်းနဲ့ ၀င်စွက်မယ်ဆိုရင် တခြားနိုင်ငံတွေပါ အလားတူ စစ်ရေးနည်းနဲ့ ၀င်စွက်နိုင်ဖို့ နမူနာဖြစ်သွားနိုင်တဲ့အတွက် ထင်ရှားတဲ့ ဂျာမန်နိုင်ငံရေးသမားတွေ ထောက်ခံတဲ့ အနောက်နိုင်ငံ ဖိအားပေးအုပ်စုတွေကပါ အပူတပြင်း တောင်းဆိုနေတာ ဖြစ်တယ်လို့ ထင်မြင်သူတွေလည်း ရှိပါတယ်။

ဒါပေမယ့် အာတူးပီသုံးပြီး မြန်မာနိုင်ငံထဲကို စစ်ရေးအင်အားနဲ့ ၀င်မယ်ဆိုရင် ဒုက္ခသည်တွေရဲ့ စရိတ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ကုလသမဂ္ဂ လူမှုရေးရာညှိနှိုင်းရေးအဖွဲ့ (UNOCHA) က သတိပေးထားပါတယ်။ အာဏာရှင်နိုင်ငံတွေကတော့ အာတူးပီဟာ အစိုးရ အပြောင်းအလဲ လုပ်နိုင်အောင် အနောက်နိုင်ငံတွေရဲ့ စစ်ရေးနည်းကြိုးပမ်းချက်တွေအတွက် ကြိုပြီး အကာအကွယ်ယူထားတာလို့ ယူဆပါတယ်။

ဒီနေရာမှာ ပါမောက္ခ Edward Luck ရဲ့အမြင်ကို ကြည့်ဖို့လိုပါတယ်။ ပါမောက္ခ Edward Luck ဟာ အာတူးပီလုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထူးအကြံပေးအရာရှိအဖြစ် ဒီနှစ်ဆန်းပိုင်းကမှ ကုလသမဂ္ဂက ခန့်အပ်ခြင်းခံရသူ ဖြစ်ပါတယ်။ ပါမောက္ခ Edward Luck ကတော့ အာတူးပီသုံးပြီး မြန်မာနိုင်ငံတွင်း စစ်ရေးနည်းနဲ့ ၀င်ရောက်ဖို့ ကိစ္စကို သဘောမတူပါဘူး။ အစိုးရတရပ်က စောစောက ပြောခဲ့တဲ့ အခြေအနေလေးမျိုးထဲက တမျိုးမျိုး ကျူးလွန်နေရင်သာ အာတူးပီသုံးဖို့ လိုပြီး တခြားကိစ္စတွေအတွက် သဘောတူထားတာ မရှိတဲ့အချက်ကို သတိပြုဖို့ လိုတယ်လို့ ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံအရေးမှာ အာတူးပီသုံးရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ပါမောက္ခ Edward Luck က ခုလို မြင်ပါတယ်။

-သဘာဝဘေးအန္တရာယ် ဖြစ်နေတာ ကူညီမယ့်ကိစ္စ မတုံ့ပြန်ဘဲ လုပ်နေတဲ့ မြန်မာစစ်အစိုးရကို ပြည်သူတွေအပေါ် ရက်ရက်စက်ကျူးလွန်နေတဲ့အခြေနေမျိုး (Crime against humanity) ရောက်နေပြီဆိုတဲ့ စွပ်စွဲချက်တွေရှိပေမယ့် ဒီအချက်ဟာ ဥပဒေပညာရှင်တွေကြား အချေအတင် ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်။

-လေကြောင်းကနေ ဒုက္ခသည်တွေအတွက် အစားအစာတွေ ချပေးမယ်ဆိုရင်လည်း မြေပြင်မှာ လူတွေရုန်းရင်းဆန်ခတ် ဖြစ်ကုန်နိုင်တယ်။

-မြစ်ဝကျွန်းပေါ်ကလည်း ခုဆိုရေလွှမ်းနေသေးတယ်။ မြေပြင်မှာ လူကိုယ်တိုင် ဖြန့်ဖြူးပေး သလောက် မထိရောက်နိုင်ဘူး။

-လိုချင်တဲ့နေရာ အတိအကျ ပစ္စည်းချပေးနိုင်ဖို့ အတော်မလွယ်တဲ့ကိစ္စဖြစ်တယ်။

-မြန်မာလေပိုင်နက်ကို ကျူးကျော်တာဟာ ပြင်ပကမ္ဘာကို စစ်အစိုးရက ပိုပြီး သံသယဖြစ်စေနိုင် တယ်ဆိုတဲ့ ဒီအချက် (၅) ချက်ကို အာတူးပီရေးရာ ကုလသမဂ္ဂ အထူးအကြံပေးအရာရှိ ပါမောက္ခ Edward Luck က ထောက်ပြပါတယ်။

ဒါပေမယ့် အာတူးပီဟာ ရ၀မ်ဒါနိုင်ငံမှာ တချိန်က လူ (၈) သိန်းကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်တာမို့ အာဖရိကနိုင်ငံတွေက အာတူးပီလုပ်ပိုင်ခွင့်ကို ထောက်ခံတယ်ဆိုတာကိုတော့ ပါမောက္ခ Edward Luck က ၀န်ခံပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Bernard Kouchner ကတော့ မုန်တိုင်းဒုက္ခသည်တွေပေးမယ့် နိုင်ငံတကာ အကူအညီတွေ မြန်မာစစ်အစိုးရလက်ခံလာအောင် လုံခြုံရေးကောင်စီက စစ်အစိုးရကို ဖိအားပေးသင့်တယ်လို့ ပြောပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာစစ်အစိုးရကို အကူအညီတွေ လက်ခံလာအောင် မလုပ်နိုင်ရင် သတ္တိကြောင်တယ်လို့ ခံစားထိုက်ကြောင်း Le Monde ပြင်သစ် သတင်းစာမှာ Mr Kouchner က ရေးပါတယ်။

မြန်မာကမ်းရိုးတန်းနဲ့ မလှမ်းမကမ်းမှာ ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီးစောင့်နေတဲ့ ပြင်သစ်စစ်သင်္ဘောLe Mistral ရှိနေတယ်ဆိုပေမယ့် ပြဿနာက သင်္ဘောပေါ်က ကယ်ဆယ်ရေး ပစ္စည်းတွေ ကုန်းပေါ်ရောက်တာနဲ့ ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီပစ္စည်းတွေ ဒုက္ခသည်လက်ရောက်အောင် မေ (၂၅) ရက် အာဆီယံ အစည်းအဝေးက လမ်းခင်းပေးနိုင်မယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက မျှော်လင့်ပါတယ်။

အာတူးပီသုံးပြီး မြန်မာနိုင်ငံထဲကို စစ်ရေးနည်းနဲ့ဝင်ရင် ဘာဖြစ်နိုင်တယ်၊ ညာဖြစ်နိုင်တယ် ထောက်ပြသူတွေအနေနဲ့ စစ်ရေးနည်းဟာ အာတူးပီ လုပ်ပိုင်ခွင့်ထဲက မတတ်သာမှ သုံးရမယ့် နောက်ဆုံးနည်းလမ်း ဖြစ်တယ်ဆိုတာ သတိချပ်ဖို့ လိုတယ်လို့ ကနေဒါနိုင်ငံ Winnipeg တက္ကသိုလ် ဥက္ကဋ္ဌ Lloyd Axworthy ကလည်း သူ့အမြင်ကို ဖော်ထုတ်ပါတယ်။

အစိုးရတွေ ကိုယ့်ပြည်သူကို ကာကွယ်နိုင်စွမ်းရှိလာအောင် ဖိအားပေးတဲ့နေရာမှာ ကျယ်ပြန်တဲ့ သံတမန်ရေးနည်းလမ်းတွေ၊ နိုင်ငံရေးနည်းလမ်းတွေသုံးပြီး သက်ဆိုင်ရာ အစိုးရတွေကို ဖိအားပေးတဲ့နည်းတွေလည်း ကုလသမဂ္ဂရဲ့ အာတူးပီလုပ်ပိုင်ခွင့်ထဲမှာ ပါနေပါတယ်လို့ Lloyd Axworthy က ပြောပါတယ်။

ပြောရရင်တော့ အပြစ်မရှိသူတယောက်ဟာ AK-47 မောင်းပြန်သေနတ်နဲ့ အပြစ်ခံရလို့ သေသေ၊ နိုင်ငံတကာအကူအညီတွေ မရအောင် အပိတ်ခံထားရလို့ အစာငတ်သေသေ အခြေခံအားဖြင့် အာတူးပီနဲ့ အကျုံးဝင်ပါတယ်လို့ Lloyd Axworthy က ဆက်ပြောပါတယ်။

ဆူဒန်နိုင်ငံ ဒါဖာ နဲ့ ကွန်ဂိုလိုကိစ္စတွေမှာ နိုင်ငံတကာအသိုင်းအ၀န်းက ထိထိရောက်ရောက် မကူညီနိုင်ခဲ့တာတွေကိုကြည့်ရင် အာတူးပီဟာ ထောက်ခံသူများများလိုနေတယ်၊ ဒိထက်တိုးတက် အောင် ပြုပြင်ဖို့ လိုနေတယ်လို့ပါ သူကပြောပါတယ်။

ဒါပြင် မြန်မာနိုင်ငံမုန်တိုင်းဒုက္ခသည်တွေအရေးမှာ အာတူးပီသုံးနိုင်ရင် အထူးသဖြင့် အာရှနိုင်ငံ တွေအတွက် အာတူးပီနိုင်ငံတကာစံနှုန်းရဲ့ အရေးပါမှုကို ခိုင်ခိုင်မာမာ ဖော်ထုတ်ပြသရာ ရောက်မှာ ဖြစ်တယ်လို့ ကနေဒါနိုင်ငံ Winnipeg တက္ကသိုလ် ဥက္ကဋ္ဌ Lloyd Axworthy က ယူဆပါတယ်။

No comments:

 
/* EOT ----------------------------------------- */