Monday, May 12, 2008

အမေရိကန် ထောက်ပံ့ရေးလေယာဉ် မြန်မာနိုင်ငံသို့ ထွက်ခွာ

Agencies/ ၁၂ မေ ၂၀၀၈
မုန်တိုင်းဘေး ဒုက္ခသည်များအတွက် အကူအညီပေးရန် အမေရိကန် ထောက်ပံ့ရေး လေယာဉ် တစီးသည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ထွက်ခွာသွားပြီဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

C-130 အမျိုးအစား အမေရိကန် ကုန်တင်စစ်လေယာဉ်သည် ခြင်ထောင်၊ စောင်၊ ပလတ်စတစ် ရွက်ဖျင်နှင့် သောက်ရေ စသည်တို့ ပါဝင်သော အလေးချိန် (၁၂) တန် ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်ကာ ယနေ့နံနက်က ဥတဖေါင်းဝ် ထိုင်းလေတပ် အခြေစိုက်စခန်းမှ ထွက်ခွာသွားခြင်း ဖြစ်သည်။


မြန်မာနိုင်ငံသွားရောက်သည့် အမေရိကန် လေယာဉ်ပေါ်တွင် စစ်တပ်နှင့် စစ်လက်နက်ပစ္စည်များ မပါဝင်ကြောင်း အမေရိကန် မရိန်းတပ်ဖွဲ့ ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး ဒေါက်ဂလတ်စ် ပေါလ်ဝဲလ်က ပြောသည်။

မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးပစ္စည်များ ပို့ဆောင်ခွင့်ရရန် အမေရိကန်နှင့် မြန်မာစစ်အစိုးရတို့ အကြား (၄) ရက်ကြာ ညှိနှိုင်းခဲ့ပြီးမှ သွားရောက်ခွင့် ရခြင်းဖြစ်သည်။ အင်္ဂါနေ့တွင် နောက်ထပ် လေယာဉ် (၂) စီး သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂေါ်ဒန်ဂျွန်ဒရိုးက “ဒါဟာ ကူညီဖို့ တန်းစီစောင့်နေရတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အထောက်အပံ့တွေအတွက် အစပျိုးလိုက်တာပဲလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေဟာ ကျနော်တို့ရဲ့အကူအညီကို အချိန်အတန်ကြာ လိုနေ ပါလိမ့်မယ်” ဟု ပြောသည်။

နအဖနိုင်ငံခြားရေး ဒု-၀န်ကြီး ဦးကျော်သူက အမေရိကန် သံရုံး ယာယီတာဝန်ခံ မစ္စ ရှရီဗီလာ ရိုဆာအား မေ (၉) ရက်ညနေတွင် ခေါ်ယူတွေ့ဆုံ၍ ကယ်ဆယ်ရေး အကူအညီပေးရန် ကမ်း လှမ်းလာသည့် မည်သည့်နိုင်ငံကိုမဆို ခွဲခြားဆက်ဆံခြင်းမရှိဘဲ ကယ်ဆယ်ရေးပစ္စည်းများနှင့် ငွေကြေးအကူများကို လက်ခံလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

No comments:

 
/* EOT ----------------------------------------- */