Tuesday, May 13, 2008

သဘာဝ ကပ်ဘေးဒုက္ခများနှင့် ပဋိပက္ခ အတက်အကျ

အောင်သူငြိမ်း
အင်္ဂါနေ့၊ မေလ 13 2008 11:35 - မြန်မာစံတော်ချိန်

သဘာဝကပ်ဘေးများကို ယခင်က အလွယ်သဘောသာ စဉ်းစားခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် လေ့လာသူများက သဘာဝကပ်ဘေးနှင့် ပဋိပက္ခများ ဆက်စပ်နေပုံ၊ ပဋိပက္ခ ဖြစ်ပေါ်နေသည့် ဒေသများ၌ သဘာဝဘေးဒဏ် ကျရောက်ပါက ဖြစ်လာနိုင်သည့် အခြေအနေများကိုပါ ထည့်သွင်း တွက်ချက် စဉ်းစားလာကြသည်။ ဤသို့သော အခြေအနေများကို သဘာဝကပ်ဘေး (Natural disaster) ထက်၊ ပြဿနာစုံ အရေးပေါ် အခြေအနေ (Complex emergencies) ဟု ခေါ်ဆို သုံးစွဲလာကြသည်။ ယခု မြန်မာနိုင်ငံ၏ နာဂစ်မုန်တိုင်းပြီး အခြေအနေကလည်း ဤသို့ "ပြဿနာစုံ အရေးပေါ် အခြေအနေ" သို့ ဆိုက်ရောက် ဖြစ်ပေါ်လာခဲ့ပြီ။


အကြောင်းက ဤသို့ ဖြစ်သည်။ သဘာဝ ကပ်ဘေးဒုက္ခများ ကျရောက်အပြီးတွင် လူသားနှင့် သဘာဝ ပတ်ဝန်းကျင် ဆက်ဆံရေး၊ သဟဇာတ ဖြစ်နေမှုများ ပျက်စီးသွားသည်။ ပြန်လည် ထူထောင်ရေးဟု ပြောသည့် လုပ်ငန်းများတွင်ပင် ယခင်ကလို ရိုးရိုးစဉ်းစား၍ မရတော့ပါ။ လူများတွင် အရင်းအမြစ်များ ဆုံးရှုံးကုန်ကြသည်။ လူသားအင်အား၊ လယ်ယာမြေ၊ ကျွဲ/နွား၊ ရေ၊ ပိုင်ဆိုင်မှု၊ သက်မွေးဝမ်းကျောင်းလုပ်ငန်း စသဖြင့် ပျက်စီးလာသည်။ ဤအခြေအနေတွင် "ရေကနည်းလာပြီး ဆင်လည်း သောက်မည်၊ ခြင်္သေ့လည်း သောက်မည်" ဖြစ်လာသောအခါ အရင်းအမြစ် ခွဲခြမ်းရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်လာသည်။ အရင်းအမြစ်များ နည်းလာသည်နှင့်အမျှ ထိန်းချုပ်လိုသူက ထိန်းချုပ်လိုလာသည်။ ထိုမျှမကပါ။ အခြားနောက်ခံ အကြောင်းများကလည်း ပတ်သက်နေသေးသည်။ ဥပမာ- မြန်မာနိုင်ငံဆိုလျှင် မက္ကရို စီးပွားရေး အခြေခံကိုက ချိနဲ့အား နည်းနေသည်။ ကပ်ဘေးဒုက္ခများ သင့်ခံရသည့်အခါ ဆင်းရဲသူများက ပို၍ ဆတိုးဒဏ် ခံကြရသည်။ အသက်အရွယ် ကြီးရင့်သူ၊ ကလေးများ၊ အမျိုးသမီးများက ကပ်ဘေးဒဏ်ကို ပို၍ မမျှမတ ခံစားနစ်နာကြရသည်။ မြန်မာနိုင်ငံတွင်က နိုင်ငံရေး နောက်ခံ ပြဿနာပါ ရှိနေသေးသည်။ အရပ်ဖက် လူမှု အဖွဲ့အစည်းများကို မူလကတည်းက နှိပ်ကွပ်ထားသည်။ အစိုးရ ဖိနှိပ်မှုများက ကျေးလက်တွင် ပို၍ ပြင်းထန် ဆိုးရွားသည်။ ထို့အပြင် ယခင်က နိုင်ငံတကာ ဖိအားပေး ပိတ်ဆို့မှုဒဏ် ခံနေရပြီး၊ ယခုအခါ နိုင်ငံတကာ အကူအညီကို စစ်အစိုးရက တဖန် ပြန်၍ ပိတ်ဆို့နေသည်။ ဤသို့ လူမှုရေး အကူအညီများကို စစ်အစိုးရက ကြန့်ကြာစေရန် ပိတ်ဆို့နေမှုအပေါ် နိုင်ငံတကာ ဖိအားများက တိုး၍ သက်ရောက်လာပြန်သည်။ မြန်မာနိုင်ငံတွင်း ၀န်ဆောင်မှု ပေးနေသော၊ ယန္တယား၊ ဗျူရိုကရေစီ၊ အဖွဲ့အစည်း၊ အင်စတီကျူးရှင်းများက အားနည်းချက် အပြည့်။ ဤသို့ ခြစားနေသည့် အဖွဲ့အစည်းများကို "ငွေသာပေးလိုက်၊ ကယ်ဆယ်ရေး အကူအညီများကို သူတို့သာ ခန့်ခွဲမည်" ဟူ၍ ကတော့ မည်သူကမှ လက်ခံလိမ့်မည် မဟုတ်ပါ။ ဤသည်က တစုံလုံ ခြုံငုံ ကြည့်သည့်အခါ ဖြစ်လာသည့် ပြဿနာစုံ အရေးပေါ် အခြေအနေ (comples emergencies) ဖြစ်နေသည်။

နောက်ပိုင်းတွင် ပညာရှင်များ၏ လေ့လာချက်အရ သဘာဝကပ်ဘေးများ သင့်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေ၊ ပဋိပက္ခများက ပြေလည် တိုးတက်လာသည် ရှိသကဲ့သို့၊ တိုး၍ ဆိုးရွားသွားရသည့် အခြေအနေများလည်း ရှိခဲ့သည်။ အကြောင်းကတော့ သက်ဆိုင်ရာ နိုင်ငံနှင့် လူမှုအဖွဲ့အစည်း၏ တုံ့ပြန်ပုံနှင့် သက်ဆိုင်နေသည်။ အထူးသဖြင့် ဤသို့ လေ့လာမှုများကို ဆူနာမီလှိုင်းဒဏ် သင့်ခံရပြီး နောက်ပိုင်းတွင် ပို၍ အာရုံထား ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် ဆူနာမီလှိုင်းက အင်ဒိုနီးရှားနိုင်ငံမှ အာချေကျွန်းကို ဖျက်ဆီးလိုက်သည်။ သို့သော် အဆိုးထဲမှ အကောင်း အဖြစ် ဒေသအတွင်း ငြိမ်းချမ်းရေး ရလာခဲ့သည်။ ဆူနာမီလှိုင်း၏ ကြီးမားသော ဖျက်ဆီးမှုကြောင့် လူများ ထိတ်လန့်ခဲ့ကြရ သည်။ ဤလှိုင်းကပင် နိုင်ငံရေး မြေအနေအထားကိုလည်း ရွှေ့စေခဲ့ပြီး၊ အင်ဒိုနီးရှား အစိုးရနှင့် အာချေသူပုန်များအကြား ငြိမ်းချမ်းရေး သဘောတူညီချက်နှင့် ကယ်ဆယ်ရေး/ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးတွဲ လုပ်ကိုင်ရေး ဖြစ်လာစေခဲ့ ရသည်။ လူထုများကလည်း ဤအခြေအနေတွင် ငြိမ်းချမ်းရေးကို တောင်းဆိုလာကြသည်။ သို့ဖြင့် နှစ် ၃၀ ကျော် လက်နက်ကိုင် ပဋိပက္ခကို တခန်း ရပ်နိုင်ခဲ့သည်။ အစိုးရဖက်ကရော၊ သူပုန်ဖက်ကပါ ရှေ့တိုးခြေလှမ်းများ အပြုသဘော ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတကာ အာရုံစိုက်မှုနှင့် ကြားဝင် ဆောင်ရွက်ပေးမှုများကြောင့်လည်း ဆွေးနွေးပွဲများ အဆင်ပြေစေရေးကို ပို၍ တွန်းပို့ပေးခဲ့သည်။ အင်ဒိုနီးရှား အစိုးရကလည်း အာချေးကျွန်း သာမက၊ အင်ဒိုနီးရှား တနိုင်ငံလုံးတွင်ပါ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှုများ တိုး၍ လုပ်ဆောင်ပါမည်ဟု ကတိထားလာခဲ့ရသည်။

သို့သော်လည်း ၂၀၀၄ ဆူနာမီက သီရိလင်္ကာနိုင်ငံ ကံကြမ္မာကိုမူ တမျိုးဖန်ခဲ့သည်။ သီရိလင်္ကာသည်လည်း ဆူနာမီသင့်၍ ဖျက်ဆီးခံခဲ့ရသည်။ လူအများစု၏ သဘောထား စစ်တမ်း ကောက်ချက်များက ငြိမ်းချမ်းရေးကို လိုလားနေကြသည်ဟု ထိုအချိန်က ပြဆိုခဲ့ကြသော်လည်း သူပုန်များကရော၊ အစိုးရ ခေါင်းဆောင်များက နားမထောင်ခဲ့ကြ။ အကူအညီများ ထိန်းချုပ်နိုင်ရေး အတွက်သာ မဲနေခဲ့ကြသည်။ သီရီလင်္ကာတွင်တော့ အကူအညီများက ပို၍ သဘောထား တင်းမာစရာ ဖြစ်စေခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှု မဖြစ်စေခဲ့။ ဆူနာမီ မတိုင်မီ တွေ့ဆုံ ဆွေးနွေးမှုများ ရှိနေ၍ ပြည်တွင်းစစ်ကြောင့် လူအသေအပျောက်နှုန်း ကျဆင်းခဲ့သော်လည်း၊ ဆူနာမီ ပြီးခါမှ တိုက်ပွဲများက ပိုပြင်းထန်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် စစ်ပွဲကြောင့် လူအသေအပျောက်မှာ မဆိုစလောက်သာ ရှိခဲ့သည်။ သို့သော်လည်း ဆူနာမီပြီးခါမှ ၂၀၀၄ ခုနှစ်တွင် လူသေနှုန်း ၃၀၀ မှ ၂၀၀၆ ခုနှစ်တွင် လူအသေအပျောက် ၄,၀၀၀ အထိ တိုးတက်လာခဲ့သည်။

အချင်းချင်း အပြန်အလှန် မယုံကြည်မှုများကလည်း ဒုက္ခပေးပါသည်။ ၂၀၀၅ အောက်တိုဘာလတွင် ပါကစ္စတန်နိုင်ငံ၊ ကက်ရှ်မီးယားဒေသ၌ ငလျှင်ကြီး လှုပ်ခဲ့သည်။ မူလက နိုင်ငံရေးအရ တင်းမာခဲ့ကြသည့် အိန္ဒိယ-ပါကစ္စတန်ကြား ဆက်ဆံရေးက တိုးတက်ပြောင်းလဲဖို့ ဖန်လာခဲ့သည်။ အိန္ဒိယနိုင်ငံက အစားအသောက်၊ ဆေးဝါး၊ ယာယီတဲများ ကူညီခဲ့သည်။ ပျောက်ဆုံးနေသော လူများကို ရှာဖွေရန် အိန္ဒိယက ရဟတ်ယာဉ်များ ကူ၍ ပူးတွဲ ဆောင်ရွက်ကြရန် အဆိုပြုသော်လည်း၊ အခြေအနေက ဤအထိ မဖြစ်ခဲ့ပါ။ ပါကစ္စတန်က အိန္ဒိယ လေယာဉ်များ သူ့နိုင်ငံထဲ မပျံဝဲစေလိုသလို၊ အိန္ဒိယကလည်း သူ့ရဟတ်ယာဉ်များချည်း လွှတ်၍ ပါကစ္စတန် လေယာဉ်မှူးများဖြင့် မောင်းနှင်စေရမည့် အရေးအထိ သဘောထား မပျော့ပြောင်းနိုင်ခဲ့ပါ။ မည်သို့ဖြစ်စေ နှစ်နိုင်ငံ ဆက်ဆံရေးက တိုးတက်လာပြီး နှစ်နိုင်ငံကြား ကူးသန်းရောင်းဝယ်ရေး ပမာဏ ၆-ဆအထိ တိုးတက်လာခဲ့သည်။

ဆိုင်ကလုန်း နာဂစ်ကရော မြန်မာနိုင်ငံကို မည်သို့ ပြောင်းလဲစေနိုင်မည်နည်း။

ပညာရှင်များက သဘာဝကပ်ဘေးများ နောက်ပိုင်းတွင် မျှော်လင့်ချက် သက်တန့်ရောင်ခြည်ကို မြင်နိုင်သည်ဟု ဆိုခဲ့ကြပါသည်။ ဤအခြေအနေကို စစ်အစိုးရက ကောင်းမွန်စွာ အသုံးချနိုင်လျှင် သူတို့အတွက်ရော၊ ပြည်သူအတွက်ပါ၊ နိုင်ငံတခုလုံး အတွက်ပါ အကျိုးရှိမည် ဖြစ်သည်။ ယခင်က အနောက် ဒီမိုကရေစီ နိုင်ငံများက မြန်မာ စစ်အစိုးရကို အဖက်မလုပ် ဖိအားပေး ပိတ်ဆို့ဒဏ်ခတ် ထားကြသည်။ ယခုတော့ ဤနိုင်ငံများက လူမှုရေး ကပ်ဘေးကြောင့် ကူညီဖို့အရေး၊ ပူးပေါင်း ဆောင်ရွက်ဖို့ အရေး ကမ်းလှမ်းနေကြသည်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာသစ် ဖွင့်နိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် တည်ရှိနေသည့် ပဋိပက္ခများ ပြေလည်စေရေးအတွက် အတိုက်အခံ အင်အားစုများနှင့်လည်း ပူးတွဲ ဆောင်ရွက်နိုင်လျှင် ရေရှည် သင့်မြတ်ပြေလည်ရေးအထိ ဖြစ်နိုင်ပါသည်။ အရပ်ဖက် လူမှုအဖွဲ့အစည်းများကို အားကောင်း မောင်းသန် ဖြစ်လာစေရန်လည်း လှုံ့ဆော် ဆောင်ရွက်နိုင်ပါသေးသည်။ အင်ဒိုနီးရှား နိုင်ငံကဲ့သို့ ပို၍ ကျယ်ပြန့်သော ဒီမိုကရေစီ အပြောင်းအလဲများအထိပါ တက်လှမ်းနိုင်ပါသေးသည်။ အဆိုးထဲမှ အကောင်း ဖြစ်လာနိုင်ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေက ဆန့်ကျင်ဖက် အနေအထားသို့ သွားနေသည့် သဘော ဖြစ်နေသည်။ နိုင်ငံတကာမှ ပညာရှင်များ၏ တွေ့ရှိချက်အရ သဘာဝ ကပ်ဘေး ဆိုက်ရောက်ချိန်များတွင် မူလက တိမ်မြုပ်နေသည့် လက်အောက်ခံ ပဋိပက္ခများက ထကြွ နေရာယူလာကြသည့် အခြေအနေမျိုးလည်း ဖြစ်နိုင်ပါသည်။ ရှားပါးလာသည့် အရင်းအမြစ်များကို လုကြမည်။ ရရှိလာသည့် အကူအညီကို ထိန်းချုပ်ရေး ကြိုးပမ်းကြမည်။ စသဖြင့် လူ့အဖွဲ့အစည်းက လက်မခံ နိုင်လောက်အောင် ကသောင်းကနင်း ဖြစ်လာနိုင်သည်။ တည်ဆဲစနစ် ပျက်သွားနိုင်သည်။ ပဋိပက္ခများက ပိုခေါင်းထောင် ထကြွလာမည်... စသဖြင့် အရေးပေါ်အခြေအနေက တာရှည်မျော၍ ပျက်ကိန်းဆိုက်နိုင်သည့် အခြေအနေလည်း ရှိနေပါသေးသည်။ အထူးသဖြင့် စစ်အစိုးရက နိုင်ငံရေး ရည်ရွယ်ချက်ကိုသာ ရှေ့ဆက်တွန်းနေသည်။ ကပ်ဘေးဒုက္ခ၏ အတိမ်အနက်ကို လျှော့ပေါ့ တွက်ထားသည်။ နိုင်ငံတကာနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများက ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းထားပါရန် ၀ိုင်းဝန်း တိုက်တွန်းကြသည့်တိုင် ခေါင်းမာမာနှင့် ဆက်လုပ်ခဲ့သည်။ မဲလိမ်ညာမှုများ ရှိသည်။ ဆန္ဒခံယူပွဲတွင် အကျပ်ကိုင်မှုများ ရှိနေသည်ဟူသော သတင်းများကလည်း တက်လာနေသည်။ ဤအခြေအနေက မကောင်းလှပါ။ အစိုးရအပေါ် ပို၍ ယုံကြည်မှု ကျဆင်းစေနိုင်ပြီး၊ ကပ်ဘေးဒုက္ခ ပြေလည်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများအပေါ် ဆိုးကျိုး ရှိလာစေနိုင်သည်။ အတိုက်အခံများကလည်း ဤသို့ မဲခိုး ညစ်ပတ်နေသည်ကို ရေငုံနှုတ်ပိတ် နေ၍ ရမည် မဟုတ်သောကြောင့် ပဋိပက္ခ၊ တင်းမာမှုများက ပို၍ တိုးလာနိုင်သည်။ ပိုဆိုးသည်က စစ်တပ်က အကူအညီ ပေးမှုများကို နာမည်ကောင်း မင်္ဂလာ ၀င်ယူနေကြရာ အပျက်သဘောအထိ ဆောင်လာစေခဲ့သည်။

ဤအခြေအနေတွင် ပေးလာသည့် အခွင့်ကောင်းကို အမိအရယူ၍ မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် ပြန်လှမ်းရန်မှာ တပ်မတော် အတွင်းရှိ သဘောထားမှန်သည့် စစ်ခေါင်းဆောင်များပေါ်တွင် များစွာ တာဝန်ရှိနေသည်။ အတိုက်အခံ အင်အားစုများ ဖက်မှလည်း ဤကပ်ဘေး ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ပါမည်ဟု ကမ်းလှမ်းထားကြပြီး ဖြစ်သည်။ သို့သော်လည်း အသိဉာဏ် တထွာတမိုက်သာ ရှိသည့် စစ်ခေါင်းဆောင်တစု၊ လူနည်းစုက ဖီလာဆန့်ကျင် ပြုနေကြသေးသည်။ လက်ရှိ အခြေအနေကို မိမိတို့ ဒီမိုကရေစီ အင်အားစုများ၊ မြန်မာ့ လူ့အဖွဲ့အစည်း၊ စစ်အစိုးရတို့က မည်သို့ မည်ပုံ တုံ့ပြန်ကြပါမည်နည်း။ မြန်မာနိုင်ငံ၏ အနာဂတ် အလားအလာသည် ဤတုံပြန်မှုများအပေါ် မူတည်၍ နေပါတော့သည်။

အောင်သူငြိမ်း

အကိုးအကား

1. Report from Seminar "Beyond Disasters: Creating Opportunities for Peace", Wilson Center Event, Environmental Change and Security Program, June 28, 2007.

No comments:

 
/* EOT ----------------------------------------- */