Thursday, May 22, 2008

အဖွဲ့ချုပ်ဝင်များ အဖမ်းခံရ

အေးလဲ့ | မေ ၂၂၊ ၂၀၀၈

အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် ၁၁ ဦး ကို ယနေ့နံနက် အစောပိုင်းတွင် စစ်အစိုးရ အာဏာပိုင် များက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။

၎င်း ၁၁ဦး ဖမ်းဆီးခံရသည်ကို အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း အတည်ပြုပြောဆိုသည်။

“ဖမ်းတာက တော့ ဟုတ်ပါတယ်၊ ဘာအတွက် ဖမ်းတယ်ဆိုတာတော့ ကျနော်တို့ မသိရသေးပါဘူး”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီး ထိန်းသိမ်း ခံရသူများမှာ ကိုကျော်ကျော်မိုး(ကြည့်မြင်တိုင်)၊ ကိုအောင်သိမ်း (ကြည့်မြင်တိုင်) ၊ မထက်ထက်ဦးဝေ (လှော်ကား)၊ စမ်းချောင်း အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေ၊ ဒေါ်ရှမ်းမ(ရွှေပြည်သာ)၊ မချို (တောင်ဒဂုံ)၊ ကိုလေးလွင် (တောင်ဒဂုံ)၊ မဥမ္မာ (တောင်ဒဂုံ)၊ မဝင်းပပ (မြောက်ဒဂုံ)၊ ကိုထွန်းဇော်ဇော် (သင်္ကန်းကျွန်း အန်အယ်လ်ဒီ လူငယ် ခေါင်းဆောင်)၊ ကိုခင်ထွန်း(ရန်ကုန်တိုင်း အန်အယ်လ်ဒီ လူငယ် တာဝန်ခံ) တို့ဖြစ်ပြီး ၎င်းတို့ကို နေအိမ်များမှ ခေါ်ဆောင် သွားကြောင်းသိရသည်။


ဦးသက်ဝေ ကို နံနက် ၅ နာရီ ခန့်တွင် ရန်ကုန်တိုင်း စမ်းချောင်းရဲစခန်းမှ ရဲ အဖွဲ့ဝင်များနှင့် မယက၊ ရယက အဖွဲ့ဝင်များ က စုံစမ်းမေးမြန်းစရာရှိသည်ဟုဆိုပြီး နေအိမ်မှ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစု နှင့် နီးစပ်သူ တဦး က ပြောသည်။

“မနက်လင်းတော့ သူ့အမျိုးသမီးက စမ်းချောင်းရဲစခန်းကို လိုက်သွားတော့ ကျောက်တံတားရုံးကိုပို့လိုက်တယ် ပြောတယ်၊ ကျောက်တံတား ရဲရုံးကို လိုက်တော့လည်း တိုင်းရဲရုံးမှာ မေးမြန်းစရာရှိလို့ မေးနေတယ် လို့ပြောတော့ သူ့ဇနီးလည်းပြန်လာ တယ်”ဟု ၎င်းက ပြောပြသည်။

ဧရာဝတီမှ စန်းချောင်းမြို့နယ် ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် ရန်ကုန်တိုင်း လူငယ် တာဝန်ခံ ကိုခင်ထွန်းကိုလည်း နံနက် ၃ နာရီခန့် တွင် အာဏာပိုင် များက မေးမြန်းစရာရှိ၍ ဟု ဆိုကာ ခေါ်ဆောင်သွားကြောင်း မိသားစုဝင်တဦးက ပြော သည်။

“မနက် ၃နာရီလောက်မှာ ရန်ကုန်တိုင်း ရဲ နဲ့ မယက၊ ရယက က လူကြီးတွေ ၆ ယောက် က ခေါ်သွားပါတယ်၊ နည်းနည်း မေးမြန်စရာရှိလို့ပါ၊ ပြီးရင်ပြန်ပို့ပေးပါမယ် လို့ပြောတယ်၊ ကျနော်တို့က အဝတ်အစား တခါတည်း ထည့်ပေးရမလား မေးတော့ ပြန်လာပို့မှာပါလို့ပဲ ပြောသွားတယ် ၊ ခေါ်သွားတဲ့နေရာ ကိုလည်း မပြောသွားပါဘူး”ဟု ယင်း မိသားစုဝင်က ပြောဆိုသည်။

မေလ ၂၀ ရက်ကလည်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၇၁ ရပ်ကွက်တွင် လေဘေးဒုက္ခသည်များအား ခြုံစောင်များ မလောက်မင ပေးဝေမှုကို ဒုက္ခသည်များနှင့် ဒေသခံများက မကျေနပ်၍ ရပ်ကွက် ရာအိမ်မှူး အိမ်ကို ဝိုင်းသည့် ပြဿနာနှင့် ပတ်သက်ပြီး အာဏာပိုင်များက အဆိုပါ တောင်ဒဂုံ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုလေးလွင်၊ မချိုနှင့် မဥမ္မာတို့က ဆူပူရန် လှုံ့ဆော်သည်ဟူသော သင်္ကာမကင်း စွပ်စွဲမှု ရှိကြောင်း တောင် ဒဂုံ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးက ပြောဆိုသည်။
ယင်း လေဘေးဒုက္ခသည်များကို ပေးဝေရန်ရှိသည့် ခြုံစောင်အရေအတွက် ၇၀၀ ကို ရပ်ကွက် ရာအိမ်မှုး ဆန်းမောင် ဆိုသူက ၂၅၀ ခန့်သာ ပေးဝေသောကြောင့် မရရှိသူ ဒုက္ခသည်အမျိုးသမီး တဦးက ပြောဆိုရာ ရာအိမ်မှူးက ကြမ်းတမ်းစွာ ပြန်လည်ပြုမှု ဆက်ဆံရာမှ ပြဿနာဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

“မသင်းသင်းယု ဆိုတဲ့ အမျိုးသမီးတဦးက စောင် သူ့အတွက်မရသေးတော့ ရာအိမ်မှုး အိမ်ကို သွားတောင်းတယ်၊ မရှိတော့ ဘူးလို့ပြောတယ်၊ ဒီတော့ အမျိုးသမီးက တိုင်မယ်တန်းမယ်ပြောတော့ ရာအိမ်မှူးက အိမ်ပေါ်ကနေ ခြေထောက်နဲ့ကန်လိုက် တယ် ဒီတော့ အမျိုးသမီးက အိမ်ပေါ်ကနေ လိမ့်ကျသွားတယ်၊ နောက်ဆုံး ရပ်ကွက်က လူတွေက မကျေနပ်တော့ လူ ၃၀၀ လောက်က အိမ်ကိုဝိုင်းတော့ ယာယီမှုး ဆန်းမောင် က အိမ်ကထွက်ပြေးသွားတယ်” ဟု ဒေသခံတဦးက ပြောပြသည်။

ထိုရပ်ကွက်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ရာအိမ်မှူး ဆန်းမောင်ကိုမူ အာဏာပိုင်များက အရေးယူမည် ဟု ဆိုသည်။

အခင်းဖြစ်ပွားရာတွင် အန်အယ်လ်ဒီ လူငယ်အဖွဲ့မှ မချိုနှင့်ကိုလေးလွင်တို့ကလည်း ရှိနေသဖြင့် ဒုက္ခသည်များ ဆူပူမှုနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ လူငယ်အဖွဲ့က လှုံ့ဆော်ခြင်းဖြစ်သည်ဟု ဆိုကာ ထောက် လှမ်း ရေးများက ၎င်းတို့ကို လိုက်လံရှာဖွေနေခဲ့သည်ဟုလည်း သိရသည်။

မေလ၂၀ရက်နေ့တွင်ပင် တောင်ဥက္ကလာ ၇ ရပ်ကွက် သီရီဇေယျာ ၁၉လမ်းမှ ထွန်းထွန်းဦး ဆိုသူ လူငယ် တဦး အလုပ်သွား ရာမှ ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

စရဖ အဖွဲ့မှ ထွန်းထွန်းဦးကို ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က နေအိမ်တွင် လာရောက်စုံစမ်းမေးမြန်းသွားပြီးနောက် မေးမြန်းစရာရှိ၍ဟု ဆိုကာ စရဖ တပ်ကြပ်ကြီး တဦးက ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ထွန်းထွန်းဦးသည် သာမန် အရပ်သား တဦးဖြစ်သော်လည်း အန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ပေါင်းသင်း ဆက်ဆံမှု ရှိသောကြောင့် နိုင်ငံရေးနှင့် မကင်းရှင်း၍ ဟူသောအကြောင်းပြချက်ဖြင့် ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူကပြောဆိုသည်။

No comments:

 
/* EOT ----------------------------------------- */