Thursday, May 8, 2008

နိုင်ငံတဝှမ်း ဆန္ဒမဲပေးပွဲများ ပြီးဆုံးပြီ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 11:15 - မြန်မာစံတော်ချိန်
နိုင်ငံတဝှမ်း ဆန္ဒမဲပေးပွဲများ ပြီးဆုံးပြီ


ဆန္ဒမဲပေးပွဲတွေ နိုင်ငံတဝှမ်း ကျင်းပနေပြီ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် - မြန်မာစံတော်ချိန်

မုန်တိုင်းဒဏ်ကြောင့် တတိုင်းပြည်လုံး ပူဆွေးသောက ရောက်နေသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ရက်ရွှေ့ဆိုင်းရန် မေတ္တာရပ်ခံမှုများ ကြားမှပင် မြန်မာစစ်အစိုးရက သတ်မှတ်ပြီး ဖြစ်သည့် ယနေ့တွင် နိုင်ငံတဝှမ်း၌ ဆန္ဒမဲပေးပွဲများ စတင်လိုက်ပြီ ဖြစ်သည်။
ယခု ကျင်းပဆဲ ဖြစ်သည့် ဆန္ဒမဲပေးပွဲများ၏ အခြေအနေ အရပ်ရပ်ကို မဇ္ဈိမက အချိန်နှင့်တပြေးညီ တင်ပြသွားပါမည်။



-------------------------
ကိုယ့်လူနဲ့ ကိုယ် မဲရေတွက်တယ်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၈း၃၀ - မြန်မာစံတော်ချိန်

ဦးသန်းဖေ (ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ) ၏ ပြောကြားချက်

“မဲရုံ ပိတ်တဲ့အချိန်မှာ တော့်တော့်ကို စိတ်မကောင်း ဖြစ်ရတယ်။ ၄ နာရီ ထိုးတဲ့အချိန်မှာ ပြည်သူလူထု တယောက်မှ မရှိစေရ၊ ခြံတခါးကို ပိတ်တယ်၊ မဲရုံကို ပိတ်တယ်၊ သူတို့ လက်ခုပ်ထဲကရေ၊ သူတို့ သွန်ချင်သလိုသွန်၊ မှောက်ချင်သလို မှောက်လိုက်ကြတယ်။ အားလုံး ပြန်လာရတယ်။ အနားမှာ ရှိတဲ့လူတွေတောင် မောင်းထုတ်ခံရတယ်၊ ဒါက အထက်က အမိန့်လို့ ပြောတယ်၊ ဘာမှ သတင်း မရသေးဘူး။ ချောင်းကောက် ရပ်ကွက်က အမှတ် ၂ မဲရုံက လျှို့ဝှက်သတင်းတော့ ရတယ်ဗျ၊ ၉၈ ရာနှုန်းထိ ကန့်ကွက်မဲ။ လူ ၁ဝဝဝ ကျော်မဲရုံးမှ ၂ဝ ကျော်သာ ထောက်ခံတယ်။ ဒါပေမယ့် ကန့်ကွက်မဲတွေရဲ့ ၆ဝ ရာခိုင်နှုန်းက ပယ်မဲ ဖြစ်သွားတယ်။ ဘယ်လို ဖြစ်သွားလဲဆိုရင် ကြက်ခြေခတ်တဲ့ နေရာမှာ နည်းနည်းပါးပါး မညီမညာဖြစ်ရင် ပယ်မဲ လုပ်လိုက်တယ်။ မညီမညာ ဖြစ်အောင်လည်း သူတို့က အောက်က စားပွဲဟာ။ ချောင်းကောက် စာသင်ကျောင်းက အဆိုးဆုံးခုံကို ရွေးထားတယ်၊ ဟိုဘက်လိမ့်၊ ဒီဘက်လိမ့်နဲ့ ကျနော် ကိုယ်တိုင် အဲဒီမှာ မဲပေးခဲ့တယ်။ ကျနော် ကိုယ်တိုင် မနည်းကို ထိန်းပြီး ကြက်ခြေ ခတ်ခဲ့တယ်။ အဲဒီတော့ စာမတတ်တဲ့ လူတွေ၊ သက်ကြီးရွယ်အိုတွေ၊ လက်တုံခြေတုံတွေက ဘယ်လို ညီညီညာညာ ရေးခြစ်နိုင်မလဲဗျာ၊ ဒါကို အခွင့်ကောင်းယူပြီး ပယ်မဲ လုပ်လိုက်ကြတယ်။”

ကြက်ခြေခတ်များသော်လည်း မယုံရဲ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၇း၅၀ - မြန်မာစံတော်ချိန်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှ ကုန်သည်တဦး (၃၂ နှစ်) ပြောဆိုချက် -

“ဒီမှာက မနေ့ညကတည်းကနေ မဲထည့်ဖို့အတွက် သူတို့ လိုက်ပေးတယ်။ ကြိုတင်မဲ ထည့်မလား၊ အဲဒါတွေ လိုက်မေးတယ်။ သူတို့ ရှေ့မှာ တခါထဲ ထည့်ရမယ်ပေါ့။ အဲဒါ မဟုတ်ရင် မဲရုံမှာပဲ ထည့်မလားဗျာ၊ မဲရုံမှာ ထည့်မယ်ဆိုရင်လည်း မဲစာရွက် သုံးရွက်ပေးတာပေါ့ဗျာ။

ကျနော်ကတော့ မနက်ဖြန် လာထည့်မယ်လို့ ပြောလိုက်တယ်။ ဒီနေ့မနက် ၈ နာရီမှာ သွားထည့်တယ်။ ကြိုတင်ယူရမယ့် လက်မှတ်တွေကလည်း များတယ်။ ကြိုယူရတယ် ဆိုတော့ ရယက လူတွေဆိုတော့ လူရှေ့သူရှေ့ လုပ်ရတယ်ဆိုတော့ တမျိုး ဖြစ်သွားမှာပေါ့ဗျာ။ ထောက်ခံမဲ ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ မဲရုံမှာ သွားထည့်သူတွေကတော့ ကြက်ခြေခတ်ပဲ များမယ်လို့ ထင်တယ်ဗျာ။

နောက်ပြီး လုံခြုံရေးကတော့ ကြံ့ဖွံ့နဲ့ မီးသတ်တွေ ကျနော်တို့မှာတော့ နည်းတယ်။ အားလုံး တွက်ကြည့်မယ်ဆိုရင် ၁၅ ယောက်လောက် ရှိမယ်။ ရဲရော အကုန်ပေါင်းပေါ့နော်။

ဒီအခြေခံ ဥပဒေမူကြမ်းကိုလည်း ပြည်သူအားလုံး ကြည့်ရတာ စိတ်ဝင်စားတာ မရှိဘူး။ ရေဒီယို နားထောင်တာတွေ များသောအားဖြင့် ကြက်ခြေခတ် များမယ်လို့ ကျနော်ထင်တယ်။ သူတို့ကတော့ စည်းရုံးတယ်ဗျာ၊ ဘာဖြစ်လို့လဲ ဆိုတော့ စည်းရုံးတာက ကောင်းကောင်းမွန်မွန် ပြောတာတွေ ချိုချိုသာသာ ပြောနေတာ ရှိတယ်။ သူတို့ကတော့ ကန့်ကွက်မဲကိုလည်း ထောက်ခံမဲ ရာနှုန်းပြည့်ဆိုပြီး လုပ်သွားမယ်လို့ ထင်တယ်ဗျာ။

မဆလခေတ်က ထည့်ဖူးတယ်ဗျာ။ အမဲထည့်တော့လည်း အဖြူထဲ ရောက်သွားတာပဲဗျာ။ ကျနော်တွေ့ခဲ့တဲ့ အတွေ့အကြုံပေါ့။ ၉ဝ ရွေးကောက်ပွဲမှာ ကျနော်တို့ထက် ကြီးတဲ့ လူကြီးတွေ ထည့်တာ၊ အဲဒါတွေ ပြောပြတယ်။ “မင်းတို့ကွာ အလကားပါ။ မဲသာ ထည့်ပေါ့ကွာ။ အဖြူကို အမဲ ဘယ်နှစ်ပြားပါတယ်” ဆိုပြီး လုပ်လိုက်တာပါပဲတဲ့”

၉ဝ ရွေးကောက်ပွဲနှင့်ကွာခြား၊ စိတ်ချမ်းသာမှုမရှိ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၃၀ - မြန်မာစံတော်ချိန်

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ ဒူကထောင် ရပ်ကွက်မှ အသက် ၅ဝ အရွယ် အမျိုးသမီးတဦးက ယခု ဆန္ဒခံယူပွဲသည် ၉ဝ ခုနှစ် ရွေးကောက်ပွဲနှင့် ကွာခြားမှုရှိပြီး မဲထည့်ခွင့် မလွတ်လပ်သည့်အပြင် အစိုးရကိုယ်၌က ထောက်ခံမဲ ထည့်ခိုင်းနေသဖြင့် စိတ်ချမ်းသာမှု မရှိကြောင်း ပြောသည်။

“ဒီမနက် ၆ နာရီမှာ သွားတန်းစီရတယ်၊ ရပ်ကွက်ထဲမှာ မဲရုံ ၇ ရုံ ရှိတယ်။ အများပိုင်းက ကန့်ကွက်မဲ ထည့်ကြတယ်။ ကျမလည်း ကန့်ကွက်မဲ ထည့်ခဲ့တယ်။ ဘာမှ တင်းကြပ်တာတော့ မရှိပါဘူး။ လွတ်လွတ်လပ်လပ် ထည့်ခွင့် ရှိပါတယ်။ ဒူကထောင် ရပ်ကွက်မှာ မဲပုံ ၇ ခုရှိတယ်။ တခြား ၈ ကနေ ၁၂ ထိကတော့ အထက ၇ မှာ ရှိတယ်။ ရာသီဥတုကတော့ ပုံမှန်ပါပဲ။ အစိုးရက မဲထည့်တဲ့ နေရာမှာ လုံခြုံရေးတော့ ရှိတယ်။ ဘာမှတော့ မနှောင့်ယှက်ပါဘူး။ မဲထည့်ပြီးတဲ့ နောက်တော့ နာမည်စာရင်းကိုလည်း သွားထည့်ရတယ်။ အစိုးရက ဓာတ်ပုံ၊ ဗီဒီယိုလည်း ရိုက်တယ်။ မြစ်ကြီးနားမြို့နယ်ထဲက လမ်းမကြီးတွေမှာ မနေ့ညကတည်းက ကားဖြတ်ခွင့် ပိတ်ထားတယ်။ ဈေးတွေလည်း သူတို့ဟာ သူတို့ ပိတ်ကြတာ ထင်တယ်။ တော်တော်များများ ထက်ဝက်ကျော် ပိတ်ထားကြတယ်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲနဲ့ အခု ဆန္ဒခံယူပွဲက ကွာခြားမှု အများကြီး ရှိတယ်။ အရင်တုန်းကလောက် မဲထည့်ခွင့် မလွတ်လပ်ဘူး။ အစိုးရက ဒါထည့်ရမယ်ဆိုပြီး ထောက်ခံမဲ ထည့်ခိုင်းတာတွေ ရှိတယ်။ ဒါကြောင့် စိတ်ချမ်းသာမှု မရှိဘူး။

ဒုက္ခသည်တွေအတွက်တော့ ဒူကထောင် ရပ်ကွက်က အားလုံးက စိတ်မကောင်းကြပါဘူး။ စိတ်မကောင်းရုံကလွဲပြီး ဘာမှတော့ မတတ်နိုင်ပါဘူး”

အမျိုးသမီးရေးရာတွေ မဲလုပြီး အမှန်ခြစ်လို့ ပွဲဆူသွား
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၁၅ - မြန်မာစံတော်ချိန်

အဖွဲ့ဝင်တဦး - လူထုဆန္ဒခံယူပွဲ စောင့်ကြည့်ရေးအဖွဲ့ (မြင်းခြံ) ၏ ပြောကြားချက်

“ကျနော်တို့ မြင်းခြံမှာ ဆန္ဒမဲပေးတဲ့ ကိစ္စကတော့ တကယ့်ကို ဗရုတ်သုက္ခ ဆန်တယ်ဗျ။ မဲလာပေးတဲ့ လူတွေ (အဓိက အမျိုးသမီးတွေ) ကို ကြံ့ဖွံ့နဲ့ အမျိုးသမီးရေးရာတွေက မဲရုံပေါက်ဝမှာ စောင့်နေပြီး မဲကိုလု၊ အတင်း အမှန်ခြစ် နေတယ်ဗျ။ တကယ့်ကို ဆိုးဆိုးဝါးဝါးဖြစ်တဲ့ ရပ်ကွက်တွေက အမှတ် ၁၉၊ ၁၇၊ ၁၈၊ ၆၊ ၁၁ ရပ်ကွက်တွေ။ လူတွေက သူတို့ မဲတွေကို ပြန်တောင်းရင်လည်း မပေးဘူး။ အမှန် ခြစ်ပြီးသား မဲကိုပဲ ပုံးထဲ အတင်း ထည့်ခိုင်းနေတယ်။ ဒါ့ကြောင့် လူတွေက မကျေမနပ် ဖြစ်နေကြတယ်။ ၁၈ ရပ်ကွက်မှာဆို လုံးဝကို မဲသွားမပေးကြတော့ဘူး”

ပြောရဲဆိုရဲသည့် အမျိုးသမီး အချို့က ကော်မရှင် လူကြီးများကို သွားရောက် တိုင်တန်းရာတွင်လည်း အရေးယူပေးခြင်း မရှိပေ။

နိုင်ငံကျော် ကဗျာဆရာကြီး ဦးတင်မိုး၏ ဇာတိဖြစ်သော တောင်သာမြို့နယ်ရှိ ကန်မြဲ-ဇကျမ်းရွာတွင်လည်း မဲရုံအတွင်းရှိ ဆန္ဒပြုရန် အခန်းထဲတွင် မင်မထင်သော ဖောင်တိန်များ ထားပေးပြီး ဖောင်တိန် တောင်းသည့်အခါ ရုံစောင့်များက မဲကို တောင်းယူကာ အမှန် ခြစ်ပေးသဖြင့် ရွာသူရွာသားများက မဲကို ဆက်လက် ထည့်ဝင်ခြင်း မပြုတော့ကြောင်း သိရသည်။

မဟာအောင်မြေ လွတ်လပ်၊ မဲရေတွက်မှုတော့ စိုးရိမ်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၀၀ - မြန်မာစံတော်ချိန်

မန္တလေးတိုင်း မဟာအောင်မြေမြို့ရှိ မဲရုံအမှတ် (၁) တွင် မဲထည့်ရာတွင် လွတ်လပ်မှု ရှိသော်လည်း မဲရေတွက်ရာ၌ မည်သည့်နေရာတွင် သွားရောက်ရေတွက်မည်ကို မသိသဖြင့် စိုးရိမ်မိကြောင်း ဒေသခံ အမျိုးသားတဦးက ပြောသည်။

“ဒီဘက်ကတော့ ရွာကနေ စုထားတဲ့ ရပ်ကွက်ဆိုတော့ တနယ်ထဲကနေ လာကြတဲ့ သူတွေဆိုတော့ ဘာမှ လုံခြုံရေးတွေ ယူထားတာ မရှိဘူး။ မဲရုံ စောင့်နေသူတွေက ၆ ယောက်လောက် ရှိတယ်။ ဆရာမ ၄ ယောက်၊ ဟိုနောက်ထပ် ၆ ယောက်က အရပ်သား။ ကျောင်းဆရာမတွေက မဲစာရွက်တွေ ဝေပေးတယ်။

လွတ်လွတ်လပ်လပ် ထည့်လို့ ရပါတယ်။ ကိုယ့်လူတွေချည်းပဲ။ ရွှတ်နောက်နောက်နဲ့ ကိုယ်ထည့်ချင်တာ ထည့်တာပဲ။ ကျနော်တို့ကတော့ ထုံးစံပေါ့၊ ခတ်တာပေါ့ဗျာ။ ခေတ်အဆက်ဆက် ကြက်ခြေခတ် ထည့်ခဲ့တယ်။ တခြားနေရာမှာတော့ ဒီလို မလွတ်လပ်ဘူးလို့ ပြောတယ်။

ကျနော်တို့ မဲပေးတဲ့ရုံမှာ မဲပေးခန်းပေါင်း ၁၈ ခန်းရှိတယ်။ ၈ ရပ်ကွက်မှာ ၂ ရုံခွဲထားတယ်။ ဆိုတော့ တရုံမှာ ၃ ရပ်ကွက် ရှိတယ်။ စုစုပေါင်း လူ ၁ဝဝ နီးပါးလောက် ရှိတယ်။ ကျနော်တို့ မိသားစုတွေ သွားထည့်ကြတယ်။ ရွာကနေလာတဲ့ ကလေးတွေကိုလည်း ထည့်ခိုင်းတယ်။ ကျနော်တို့ အနာမခံနိုင်ဘူးလေ။

ရာသီဥတုက မိုးအုံ့တယ်။ ဒီမှာကတော့ အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ မဲပုံးကို ဘယ်မှာ သွားရေတွက်မှာလည်း မသိတော့ စိတ်ပူတယ်။

လမ်း ၄ဝ၊ ၈၁ လမ်း ဘုံကျောင်းကတော့ အေးအေးဆေးဆေး ရှိတယ်။ ဒီမှာကတော့ စိတ်တိုင်းကျတာပေါ့ဗျာ။ တခြား နေရာမှာတော့ မပြောတတ်ဘူး။ ဒီလို ပုံစံမျိုးဆိုရင်တော့ ကျေနပ်ပါတယ်။ ဒီလိုပုံစံမျိုး တခြားနေရာမှာတော့ မရှိလောက်ဘူးလို့ တွက်ပါတယ်။ ဒီနယ်မြေက ကိုယ့်နယ်မြေဆိုတော့ အခန်းလေးထဲမှာ ကိုယ်စိတ်တိုင်းကျ ထည့်တယ်”

လုံခြုံရေးရှေ့မို့ နောက်ကြောင်းအေးအောင် ထောက်ခံခဲ့ရ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၅း၄၅ - မြန်မာစံတော်ချိန်

စစ်ကိုင်းတိုင်း တမူးမြို့တွင် ကျင်းပသည့် ဆန္ဒမဲပေးပွဲအကြောင်း ဒေသခံအချို့ကို ဆက်သွယ် မေးမြန်းထားပါသည်။

အမျိုးသားတဦး

“မဲရုံအမှတ် ၁၂ မှာ မဲသွားပေးရတာပါ။ ၁ဝ နာရီလောက်မှာ ထောက်ခံမဲ သွားပေးခဲ့ပါတယ်။ ဒီတိုင်းပြည်မှာ ဆက်နေနေအုံးမှာ ဆိုတော့ နောက်ကြောင်း အေးရအောင်ပေါ့ကွာ။ ကန့်ကွက်ရင်လည်း ထောက်ခံတာပဲ ဖြစ်မှာပဲ။ ကျနော်က အဲလိုပဲ ထင်တယ်။ ဘာထည့်ထည့် မထူးပါဘူးဗျာ။ မဲပုံးက တပုံးပါပဲ။ သူတို့တွေ (လုံခြုံရေးတွေ) ရှေ့မှာပဲ မဲထည့်ခဲ့ရတာ။ မဲထည့်မယ့် လူတွေကို မဲထည့်တာနဲ့ ပတ်သက်ပြီး ဘာသိချင်လဲ၊ ဘာရှင်းပြရမလဲဆိုပြီး လုံခြုံရေးတွေ ကြံ့ခိုင်ရေးတွေပေါ့ လာမေးပါတယ်။ မီးသတ်၊ ကြက်ခြေနီ၊ ရဲ၊ ဝတ်စုံတွေနဲ့ရော အရပ်ဝတ်တွေနဲ့ရောပါ။ ၁၅၊ ၁၆ လောက်ရှိတယ်။ များတယ်။ အပြင်ရော၊ အတွင်းမှာရော ရှိတယ်။ မဲလာပေးတဲ့ လူတွေက ၂ဝ လောက် ရှိတယ်။

နာမည်မပါတဲ့ လူတွေကိုလည်း မှတ်ပုံတင် ပြခိုင်းပြီး မဲပေးခိုင်းတယ်။ မှတ်ပုံတင်ပါရင် ရတယ်။ နေရပ်လိပ်စာလည်း တိတိကျကျ ပြောပြီးတော့ ထည့်လို့ရတယ်။

ဓာတ်ပုံရိုက်တာလည်း မရှိဘူး။ သတင်းထောက်တွေလည်း မရှိပါဘူး။ ဖုန်းလိုင်းတွေတော့ အဝေးပြောတွေ အားလုံး မနေ့ ညနေပိုင်းကတည်းက ပိတ်ထားတယ်။ အခု အချိန်အထိပဲ။ ဈေးတွေတော့ ဖွင့်ပါတယ်။ လူတွေလည်း သွားနေကြတာပါပဲ။ ရွာထဲက လူတွေ တော်တော် သွားကြပါတယ်”

အမှောင်ထဲမှာ ဘာမဲပုံးမှန်းမသိ
ဈေးသည် အမျိုးသမီး

“ပါရဲချောင်းကနေ တမူး အမှတ် ၃ ရပ်ကွက် အမှတ် - ၅ ကျောင်းမှာ မဲသွားပေးခဲ့ရတယ်။ ဓာတ်ပုံရိုက်တဲ့လူ တယောက်တော့ ရှိတယ်။ မနက် အစောကြီးသွားတော့ မဲပေးတဲ့လူ ၁ဝ ယောက်လောက် ရှိတယ်။ နာမည်ရှာပေးပြီးတော့ လက်မှတ် ထိုးရတယ်။ မဲပြားလေး ပေးတယ်၊ နံပါတ်လေးတွေ ရေးထားတယ်၊ မဲပုံးက ၂ ခု ထားထားတယ်။ မဲပုံးမှာ စာတော့ ရေးထားတယ်။ ဒါပေမဲ့ အခန်းထဲမှာ မှောင်နေတာ ဘာမှ မမြင်ရတော့ မဲပုံးတခုထဲက ကြိုက်တဲ့ပုံးထဲ ထည့်ခဲ့တယ်။ လုံခြုံရေးက ၅ ဦးလောက်တော့ ရှိတယ်။ စစ်သားတွေပါ။ နမ့်ဖာလုံဈေးကတော့ မနက်က ပိတ်ထားတယ်။ ၁ဝ နာရီလောက်မှ ပြန်ဖွင့်တယ်။

မဲပေးခဲ့ရတဲ့အပေါ်တော့ ဘာခံစားချက်မှလည်း မရှိပါဘူး။ ထောက်ခံမဲပဲ ပေးလိုက်ပါတယ်။ ပေးပြီးသွားတော့ အေးသွားတာပါပဲဆိုပြီး ပေးခဲ့တာပါ”

မဲမပေးသူ အမျိုးသား

“နမ်ဖာလုံက လူနည်းစုဆိုတော့ ကြက်ဥကကို အစရှာမရသလိုပါဘဲ၊ ဘယ်သူတက်လာ၊ တက်လာ နမ်ဖာလုံဟာ နမ်ဖာလုံဘဲ ဖြစ်စေရမယ်ပေါ့။ နမ်ဖာလုံ ကျောင်းကြီးမှာ မဲသွားပေးရတာပါ၊ ပေးချင်တဲ့ သူတွေပေါ့၊ ကျနော်ကတော့ မဲသွားမပေးပါဘူး”

စည်းရုံးတလှည့် ခြိမ်းခြောက်တလှည့် ဗန်းမော်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၅း၃၀ - မြန်မာစံတော်ချိန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ဟန်သေးကျေးရွာ အုပ်စုမှ ဖန်ကာကုန်းရွာတွင် ဆန္ဒမဲ ပေးခိုင်းရာ၌ ဒေသ အာဏာပိုင်များ ကိုယ်တိုင် ဆန္ဒမဲပေးသူများကို ထောက်ခံပေးရန် အနီးကပ် တိုက်တွန်းနေသလို၊ မီးသတ် တပ်ဖွဲ့ဝင်များကိုလည်း ထောက်ခံမဲသာ ပေးရန် ပြောဆိုထားကြောင်း အသက် ၂၈ နှစ်အရွယ်ရှိ အရန် မီးသတ် တပ်ဖွဲ့ဝင်က ပြောသည်။

“ဒီနေ့တော့ နေရာတိုင်းမှာ မဲပေးရတယ်။ သူတို့က မဲပေးသူတွေ အားလုံးကို အမှန်မဲပဲ ထည့်ရတယ်။ ပြီးတော့ သူတို့ အမှားခြစ်မယ် ဆိုရင်လည်း မဖြစ်နိုင်ဘူး။ မဲရုံမှာ စောင့်ကြည့်နေတဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် ခြိမ်းခြောက်ထားတော့ စိတ်ထဲမှာ အမှားခြစ်မယ် ဆိုရင်လည်း မဖြစ်နိုင်ဘူး။ ဥက္ကဋ္ဌကိုယ်တိုင် ကြိုပြီး အားလုံး အမှန်ခြစ်ရမယ်နော်၊ အမှန်ခြစ်မှ အန္တရာယ် မရှိဘူးတဲ့။

တခြား ရဲတို့၊ ကြံ့ဖွံ့တို့ လာစောင့်နေတာတော့ မရှိဘူး။ အရန် မီးသတ်အဖွဲ့တွေပဲ ရှိတယ်။ အထဲမှာလည်း အရန်မီးသတ်ပဲ ရှိတယ်။ ကျနော်တို့ ရပ်ကွက်ဆိုရင် လူ ၃ ထောင်လောက် ရှိတယ်။ တနေရာနဲ့တနေရာ မတူဘူး။ မြို့ထဲမှာဆိုရင် ၄ ၊ ၅ ထောင်လောက် ရှိတယ်။

ဒီကျေးရွာက ဥက္ကဋ္ဌက ရွာသားအားလုံးကို “ကဲကဲ ဒီမှာ အမှန်ခြစ်နော်။ ဘာမှ ကြောက်နဲ့နော်” လို့ ပြောတယ်။ နောက်ပြီးတော့ မဲအခန်းကနေ ထွက်လာပြီ ဆိုတာနဲ့ သူတို့က မဲလက်မှတ်ကို ယူလိုက်တယ်။ ပြီးတော့ မဲပုံးကို သွားထည့်လိုက်တယ်။ လူတွေကလည်း ကြပ်လို့ နေမှာပေါ့။

အရန်မီးသတ်နဲ့ ကြံ့ဖွံ့တွေက အစိုးရရဲ့ အဖွဲ့အစည်း ဖြစ်လို့ဆိုပြီး သူတို့က အမှား လုံးဝ မထည့်ရဘူးလို့ ကျနော်တို့ကို မီးသတ်ဦးစီး ကိုယ်တိုင် ပြောတယ်။ ပြီးခဲ့တဲ့ ရက်မှာ သူတို့ အားလုံးကို ခေါ်ပြီး ပြောတယ်။ အမှားခြစ်ရင် ထောင်ဒဏ် ၇ နှစ်ချမယ်၊ မှတ်ပုံတင်နဲ့ တိုက်ကြည့်ရင် ဘယ်သူ အမှား ထည့်တယ်ဆိုတာ သိတယ်ဆိုပြီး။ ရွာသားတွေက ကြောက်ကြတယ်လေ။ အားလုံးက အမှန်ပဲ ခြစ်ကြတယ်။ ကျနော်ကတော့ အရန်မီးသတ်က ဆိုတော့ အဲဒီ အရန်မီးသတ် ဝတ်စုံဝတ်ပြီး ကျနော့်စိတ်မှာ ရှိတဲ့အတိုင်း အမှားခြစ်ခဲ့တယ်”

တောင်ကုတ် ဆန္ဒမဲ အခြေအနေနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးသန်းဖေ ပြောကြားချက်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၄း၄၀ - မြန်မာစံတော်ချိန်

“တောင်ကုတ်မှာ ကြိုတင်မဲပေးတဲ့ စနစ်က ထူးတယ်ဗျ၊ အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၁ ပတ်ကတည်းက ကောက်ပြီးသား။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရယက၊ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာ အားလုံးကို ထောက်ခံမဲ ပေးခိုင်းထားတယ်၊ ပြည်သူလူထုနဲ့ နအဖ အဖွဲ့လောက် စံထိုးလိုက်တဲ့အခါ ၃ ပုံ ၁ ပုံက နအဖအဖွဲ့၊ ပြည်သူလူထုက ၃ ပုံ ၂ ပုံလောက် ရှိတယ်”

“မနက်ပိုင်း အခြေအနေက လူတွေက နားမလည်ဘူး၊ ကျနော်တို့က သိအောင်ပြောတယ်၊ ရှင်းပြတယ်၊ မြို့ပေါ်မှာ မဲရုံတိုင်းမှာ ၂ ယောက်စီ နေရာ ချထားတယ်”

“ထောင့်ငါးရာ၊ နှစ်ထောင် မဲရုံတွေ ၁ဝ ရုံလောက်ရှိတယ်။ တောင်ကုတ်မြို့ပေါ်မှာ။”

“ထောက်ခံတဲ့ လူတွေက မရှိသလောက်ပဲ။ တောင်ကုတ် ၁၆ ရက်ကွက်က မဲရုံ အမှတ် ၁ ရယ်၊ ၂ ရယ်က ကျနော် အခု ပြန်လာတယ်၊ ကန့်ကွက်မဲက ၉ဝ ရာခိုင်နှုန်းလောက် ရမယ်လို့ ခန့်မှန်းတယ်။”


တယောက်က မဲ မပေး၊ တယောက်က ထောက်ခံမဲ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၄း၁၀ - မြန်မာစံတော်ချိန်

ကချင်ပြည်နယ် ဖာကန့်မြို့နယ် ငှက်ပျောတော ကျေးရွာမှ ဒေသခံနှစ်ဦး ပြောကြားချက် -

ဒေသခံ (၁)

“ကျမတို့ အိမ်မှာတော့ ဘာမဲလက်မှတ်မှ လာမပေးထားဘူး၊ တချို့အိမ်တွေမှာဆိုရင် မဲလက်မှတ်ပေါ့နော်၊ ကြိုတင် လာပေးထားတယ်လို့ ပြောတယ်။ တချို့အိမ်မှာ မပေးဘူး။ ဒါပေမဲ့ မဲလက်မှတ် မပေးထားရင်လည်း သွားထည့်ကြတယ်လေ။ ကျမတို့တော့ သွားမထည့်ဖြစ်ဘူး”

ဒေသခံ (၂)

“ကျနော်တို့ကတော့ အလာကတည်းကနေ စိတ်ချမ်းသာသလို အမှန်ခြစ်ထားတယ်လေ။ ကျနော့်အိမ်မှာတော့ မဲလက်မှတ် လာပေးထားတယ်လေ။ အဲဒီ မဲလက်မှတ်ပေါ်မှာ ကိုယ်ကြိုက်တဲ့ဟာကို ရေးပြီး ထည့်ပေးပါလို့ လာပြောသွားတယ်လေ။ အဲဒီတော့ ကျနော်တော့ အမှန်ခြစ်ပြီး စိတ်ချမ်းသာသလို ထည့်ပေးခဲ့တယ်လေ”

အမျိုးသမီးရေးရာအဖွဲ့က မဲပေးခန်းထဲဝင်ပြီး အမှန်ခြစ်ခိုင်းနေ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၄း၀၀ - မြန်မာစံတော်ချိန်

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက် မဲရုံတွင် အမျိုးသမီးရေးရာ အဖွဲ့က ဆန္ဒမဲ ရေးခြစ်သည့် အခန်းထဲသို့ ဝင်ရောက်ကာ ထောက်ခံမဲ ထည့်ခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။

ကုန်သည်အမျိုးသား (၅ဝ နှစ်)

“ဒီကနေ့ မဲထည့်ရတာတော့ လူထု အခြေအနေကတော့ ကောင်းတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က ညစ်ပတ်တာတွေ ရှိနေတယ်။ အမျိုးသမီးရေးရာက အခန်းထဲထိ အမှန် ခြစ်ခိုင်းတာတွေ ရပ်ကွက် တော်တော်များများမှာ လုပ်နေတယ်။ ရွာတွေမှာတော့ ၈ ရက်နဲ့ ၉ ရက်လောက်ကတည်းက ကြံ့ဖွံ့တွေဖြစ်တဲ့ ရယကတွေက တအိမ်ဝင် တအိမ်ထွက် ထောက်ခံမဲ ထည့်ခိုင်းနေတယ်လို့ သိရတယ်။ အခုကတည်းက နာမည်နဲ့ လက်မှတ်ထိုးလိုက်ပါ၊ ၁ဝ ရက်နေ့ကျရင် လာစရာ မလိုတော့ဘူးပေါ့ ဆိုပြီး နာမည်နဲ့ လက်မှတ်တွေကို တောင်းတယ်။ ပြီးရင် သူတို့က ထောက်ခံမဲဖြစ်အောင် ပြောင်းပစ်မယ့် အနေအထားတွေ လုပ်နေတယ်။

အခု အမှတ် ၅ ရပ်ကွက် မဲရုံမှာလည်း ကြံ့ဖွံ့၊ မီးသတ်၊ စွမ်းအားရှင် ၂ဝ လောက်နဲ့ အမျိုးသမီးရေးရာက လူတွေ အပါအဝင် အားလုံးပေါင်း ၃၅ ယောက်လောက်ရှိတယ်။ မဲရုံနားက မြသိန်းတန် ဘုရားမှာလည်း ပြည်က ခေါ်လာတဲ့ လက်နက်ကိုင် ရဲတွေ ၁ဝဝ လောက် စောင့်နေတယ်။ ဒါတွေက မဲလာထည့်တဲ့ လူတွေကို စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုတွေ ဖြစ်စေတယ်။ တချို့က ကိုယ့်ဆန္ဒနဲ့ ကိုယ်ထည့်ဖို့ လာပေမယ့် ဒီလိုမသိမသာ ခြိမ်းခြောက်မှုတွေကြောင့် ကိုယ်ထည့်ချင်တာ မထည့်ရဲတဲ့ လူတွေ ရှိနေတယ်။ ဒါပေမဲ့ ဒီမနက်မှာ အသက် ၇ဝ ကျော်တဲ့ လင်မယားနှစ်ယောက်က လာပြီး “နင်တို့တွေ ... စောင့်ကြည့်ကြည့်၊ မကြည့်ကြည့် ငါတို့ကတော့ လုံးဝ ကြက်ခြေခတ်ပဲ” ဆိုပြီး လူပုံ အလယ်မှာကို ကြက်ခြေခတ်ပြီး ပုံးထဲ ထည့်ပစ်တာ တွေ့ရတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ၉ဝ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့တဲ့ ခံစားချက်၊ မျှော်လင့်ချက်တွေနဲ့ အခု မဲထည့်တဲ့ဟာ လုံးဝ ကွာသွားတယ်ဗျာ။ ၉ဝ တုန်းကဆိုရင် လွတ်လွတ်လပ်လပ် ထည့်လို့ ရတယ်။ မျှော်လင့်ချက်တွေလည်း အရမ်း ထက်သန်ခဲ့တယ်။ အခုတော့ ကျနော်တို့ ဘာမဲထည့်ထည့်၊ ဘာမဲတွေ ဘယ်လောက်များများ သူတို့က သူတို့ စိတ်ကြိုက်ဖြစ်အောင် လုပ်မှာပဲဆိုတော့ သိပ်ကြီး မျှော်လင့်ချက် မထားတော့ပါဘူး”

ကျောင်းဆရာမတဦး (၃၆ နှစ်)

“ကျမ အခန်းထဲဝင်ပြီး အမှားခြစ်မလို့ လုပ်နေတုန်း အမှန်ခြစ်ပါ၊ အမှန်ခြစ်ပါဆိုပြီး အမျိုးသမီးရေးရာက မိန်းမတွေ လာပြောတယ်။ ကျမကလည်း ဘာလို့ အမှန် ခြစ်ရမှာလဲဆိုပြီး ကြက်ခြေခတ် ပေးလိုက်တာပဲ။ ကျမတို့ အမှတ် ၅ ရပ်ကွက်က နည်းနည်း စိတ်ဓာတ်ပြင်းထန်တဲ့ ရပ်ကွက်မို့ သူတို့ခိုင်းတိုင်း လုပ်တာ နည်းတယ်။ အားလုံးနီးပါး ကြက်ခြေခတ်ပဲ။

ဒီလို ကိုယ့်ဆန္ဒနဲ့ကိုယ် မဲလာထည့်နေတာကို လာနှောင့်ယှက်တာကြီးက တော်တော် မလွတ်လပ်ဘူး။ ကျမတို့ ဘယ်လိုမှ လွတ်လွတ်လပ်လပ် မဲထည့်ခွင့်ရတယ်လို့ မဆိုလိုနိုင်ဘူး”

အမှန်ခြစ်ပြီးသား မဲကိုပဲ ထည့်ခိုင်း
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၃း၃၀ - မြန်မာစံတော်ချိန်

ကချင်ပြည်နယ် မြစ်ကြီးနားရှိ ရပ်ကွက် အချို့တွင် အမှန်ခြစ်ပြီးသား ထောက်ခံမဲကိုသာ အာဏာပိုင်များက ထည့်ခိုင်းနေသည်ဟု သိရသည်။

အမျိုးသမီးတဦး

“ကျမ တခုတွေ့တယ်။ ကျမတို့ ရပ်ကွက်ကျတော့ အမှန်နဲ့ အမှား အကွက်ပါတယ်။ ခေမာသီရိ ရပ်ကွက်မှာတော့ အမှန် ခြစ်ထားပြီးသား သွားထည့်ရတယ်။ သူတို့ကို ကျမ မေးတော့ မသိပါဘူး။ မမိုက်လိုက်တာ ကျမတို့ကို အရမ်း နိုင်စားတယ်တဲ့။ သူတို့ အမှန် ခြစ်ထားပြီးသားကို သွားထည့်ပေးရတာ၊ ဘာမှ မထူးပါဘူးဆိုပြီး ရီနေကြတယ်လေ။ အမှန် ခြစ်ထားတယ်။ နောက်မှာ နာမည်နဲ့ မှတ်ပုံတင်ပဲ ရေးပြီး မဲပုံးကို ထည့်လိုက်ရုံပဲ။ အံ့သြတယ်။ တရပ်ကွက်နဲ့ တရက်ကွက် မတူဘူး။ ဘာဖြစ်လို့လဲ မသိပါဘူး။ ကျမတို့ ရပ်ကွက်ကျတော့ အမှားနဲ့ အမှန် ခြစ်ရသေးတယ်”

အမျိုးသားတဦး

“ကျနော်တို့ ရှမ်းစုတောင်ကတော့ အလကကျောင်းမှာ မဲရုံ ဆောက်ထားတယ်။ အဲဒီမှာ ဒီမနက် ၆ နာရီကနေ သွားထည့်တယ်။ အိမ်သား အားလုံးအတွက် ကျနော်ပဲ ထည့်ခဲ့ရတယ်။ အိမ်သား ၉ ယောက် ရှိတယ်။ အားလုံး အမှားခြစ်ပဲ လုပ်တယ်။ ကျနော့် အသိုင်းအဝိုင်းတွေလည်း အများကတော့ အမှားခြစ်မှာပဲ။ ဒါပေမဲ့ မှားတာထည့်ထည့်၊ မှန်တာပဲ ထည့်ထည့် သူတို့လုပ်ချင်သလို လုပ်မှာပဲ”
မန္တလေး မဟာအောင်မြေမြို့နယ်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၃း၂၅ - မြန်မာစံတော်ချိန်

မန္တလေး မဟာအောင်မြေမြို့နယ် ရုံးသာရပ်ကွက်မှ မဲရုံတွင် မဲပေးရာ၌ ကြံ့ဖွံ့များ စောင့်ဆိုင်းနေသည်မှာ မတွေ့ရပဲ လွတ်လပ်စွာ မဲပေးခွင့် ရခဲ့ကြောင်း ဒေသခံတဦးမှ ပြောသည်။ မဲပေးသူများသည် တဖွဲဖွဲ လာရောက်လျက်ရှိပြီး ခပ်မြန်မြန်သာ သွားနေကြကာ တစုံတရာ စိုးရွံ့နေပုံရသည်ဟု သူကပြောသည်။

"မနက် ၆နာရီကတည်းက မဲရုံ စဖွင့်နေတာ။ ရောက်သွားတာက မနက် ၁၁ နာရီလောက်က။ လာပေးတဲ့သူတွေကတော့ တဖွဲဖွဲ လာနေကြတာပဲ။ တွေ့ခဲ့တာကတော့ အယောက် ၂၀ လောက်ရှိတယ်။ ကြံ့ဖွံ့တွေ ဘာတွေ စောင့်နေတာတော့ မတွေ့မိဘူး။ အနားက တယောက်ကို မေးကြည့်တော့ လွတ်လွတ်လပ်လပ် ပေးရပါတယ်တဲ့။ ကန့်ကွက်ခဲ့တယ်တဲ့။ နောက်တယောက်ကတော့ ကြောက်လို့ ထောက်ခံမဲပဲ ပေးခဲ့တယ်တဲ့။ မဲပေးခွင့် မရလို့ လှည့်ပြန်ခဲ့ရတာတွေတော့ မကြားမိသေးဘူး။ သတင်းထောက်တွေလာတာလဲ မတွေ့ရသေးဘူး။ အားလုံးကတော့ ခပ်သုတ်သုတ်ပဲ သွားနေကြတယ်။ သူတို့ ကန့်ကွက်မဲ ပေးလိုက်ရင် သိသွားပြီး တခုခု ဖြစ်မှာကိုလဲ ကြောက်နေကြတယ်" ဟု သူကပြောသည်။

သူ့အနေဖြင့် ယခု မဲပေးခြင်းသည် ပထမဆုံး အတွေ့အကြုံ ဖြစ်သည်။ မျှော်လင့်စရာ မရှိ၍ စိတ်ပျက်မိ၍ မဲမပေးခဲ့ပါဟု သူက ထပ်ပြောသည်။

အဆိုပါ မဲရုံသည် နေ့လည် ထမင်း စားချိန်ဖြစ်သော ၁၂ နာရီတွင် ခေတ္တပိတ်မည်ဟု သူက ပြောသည်။

မြစ်ကြီးနား ဒေသခံတဦး ပြောဆိုချက်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၃း၂၀ - မြန်မာစံတော်ချိန်

“မနက် ၆ နာရီကနေ ညနေ ၄ နာရီထိ ဖွင့်ထားတယ်။ လူတွေ တအားများမယ်။ မထည့်ရင်လည်း မရဘူးလေ၊ နာမည်က ကောက်ထားတာ ဆိုတော့။ အမှန်ခြစ်ရင်လည်း ရွေးကောက်ပွဲ လုပ်မယ်၊ အမှန်မခြစ်ရင်လည်း ဆန့်ကျင်တယ်ဆိုပြီး သူတို့ပဲ ဆက်အုပ်ချုပ်နေအုံးမှာပဲလေ။ အဲဒီတော့ အားလုံး အမှန်ပဲ ခြစ်ကြတော့မှာပေါ့။

ငါတို့က မဲသာထည့်ရတာ၊ အခြေခံမူကြမ်းမှာ သူတို့ ဘာတွေ ရေးထားမှန်းလည်း မသိဘူး။ မဲရုံမှာလည်း မကပ်ထားဘူး။

မဲရုံ လူကြီးတွေတော့ ရှိတယ်။ လုံခြုံရေးတွေတော့ မရှိပါဘူး။ ဓာတ်ပုံရိုက်တာတော့ ရှိတယ်။

နာဂစ် မုန်တိုင်းအတွက်တော့ မြစ်ကြီးနားက (ကျပ်ငွေ) သိန်းပေါင်း ၁ သန်းလောက် ရှိတယ်လို့ သိရတယ်။ တိတိကျကျတော့ မသိပါဘူး။ ဒုက္ခသည်တွေ အတွက်တော့ ငါတို့တွေက ထည့်ကြပါတယ်။ ကျောက်စိမ်း သူဋ္ဌေးတွေကလည်း ထည့်ဖို့ အစီအစဉ်ရှိတယ်”


ဟန်ပြသာသာရှိတဲ့ မဲပေးပွဲဟု မုံရွာသားကပြော
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၃း၁၅ - မြန်မာစံတော်ချိန်

ကြိုတင်မဲ အတော်များများ ကောက်ယူပြီးသား ဖြစ်နေသဖြင့် ယနေ့ ကျင်းပသည့် ဆန္ဒမဲပေးပွဲသည် သရုပ်ပြပွဲသာသာ ဖြစ်နေသည်ဟု မုံရွာဒေသခံက ပြောသည်။

ဒေသခံ (အောင်မင်္ဂလာရပ်ကွက်)

“ကြိုတင် ဆန္ဒမဲ ထက်ဝက်ကျော် ကောက်ပြီးသားပဲ၊ မဲရုံက သရုပ်ပြပွဲ သာသာရှိတာ။ ကျန်တဲ့ မဲဆန္ဒလေးကို ကောက်သင်းကောက်ရတဲ့ သဘောပါပဲ။ ကြိုတင်မဲပေးတဲ့ သူတွေက အေးချင်ကြတဲ့ လူ၊ သက်သာချင်ကြတဲ့ လူ၊ ကြောက်တဲ့ လူတွေက ပေးလိုက်တာ ဖြစ်တယ်။ သူတို့ လမ်းကြောင်းတဲ့ နောက်ကို လိုက်သွားကြတဲ့ လူတွေပေါ့။ ဒီနေ့ မဲပေးရတဲ့ သူတွေကတော့ လျို့ဝှက်စနစ်ပါပဲ။ ကျန်တဲ့ ကြိုတင်မဲတွေကို ပြောတာ မဟုတ်ဘူးနော်။ မဲရုံမှ ဗီဒီယိုတွေ ရိုက်ယူထားတာတွေ ရှိတယ်။ လျှို့ဝှက်မဲရုံထဲ ဝင်တာ တွေ့လိုက်တယ်။ လူတွေ ရောက်လာတာ ရိုက်တယ်။ ရဲတွေ မီးသတ်တွေ ရှိတယ်”

ဒေသခံ (ဘုန်းစိုးရပ်ကွက်)

“ကြိုတင်မဲတွေ ယူထားတော့ မကောင်းပါဘူး။ လုံခြုံရေးတွေ ရှိတယ်။ မီးသတ်တွေ၊ ရဲတွေ၊ ယူနီဖောင်း မပါတဲ့ အရပ်ဝတ်စား ဝတ်ထားတဲ့ စစ်သားတွေ၊ အန်ကယ်တို့က တယောက်ချင်းထည့်တာ၊ တချို့ကတော့ မိသားစုတခုလုံးအတွက် အဲဒီလို ထည့်တာတွေ ရှိတယ်”
မဲပေးသူတွေကို ဓာတ်ပုံရိုက်ယူတဲ့ ကလေးမြို့
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၃း၀၀ - မြန်မာစံတော်ချိန်

စစ်ကိုင်းတိုင်း ကလေးမြို့တွင် မဲဆန္ဒ လာထည့်သူများကို အာဏာပိုင်များဘက်က ဓာတ်ပုံ ရိုက်ယူသလို၊ အချို့ မဲဆန္ဒရှင်များ မဲစာရင်းတွင် မပါသဖြင့် အိမ်ပြန် လှည့်ရသည်များ ရှိသည်ဟု ဒေသခံတဦးက ပြောသည်။

“မဲထည့်ရမယ့် အချိန်ကတော့ မနက်က ၆ နာရီကနေ ညနေ ၄ နာရီထိပါ။ မနက်စောစော သွားတဲ့ လူတွေကိုတော့ ဓာတ်ပုံတွေ ရိုက်တယ်။ အနီးကပ် ရိုက်တယ်။ ဓာတ်ပုံသမား ၅ ဦးလောက် ရှိတယ်။ မဲထည့်တဲ့ အပြင် လက်မှတ်လည်း ထိုးခိုင်းတယ်တဲ့။ မနက်က သွားကြတဲ့ အသိတွေက ပြန်ပြောပြတာ။ ကျမတို့ သွားတဲ့ အချိန်မှာတော့ မဲလာထည့်လူက ၃ဝ ကျော်၊ ၄ဝ နီးပါးလောက်တော့ ရှိမယ်။ လုံခြုံရေး စောင့်နေတဲ့ လူတွေကလည်း ၂၅ ယောက်လောက် ရှိမယ်။ ဓာတ်ပုံတွေလည်း ရိုက်တယ်။ အဝေးကပဲ ရိုက်တာ။ စစ်သားတွေရော၊ ကြံ့ဖွံ့တွေရော၊ မီးသတ်တွေရော၊ အရပ်ဝတ်တွေနဲ့လည်း ရှိတယ်။

ကြိုတင် ထောက်ခံမဲ ထည့်ထားတဲ့ လူတွေလည်း ရှိတယ်၊ သူတို့တွေက ဌာနဆိုင်ရာ လူတွေပါ။ ကျမတို့ကတော့ အခုမှ ထည့်တာ ဘုန်းကြီးဆန္ဒ၊ လူ့ဆန္ဒအတိုင်း ထည့်ခဲ့တာ၊ လုံခြုံရေးတွေရှိလည်း မကြောက်ဘူး။ စိတ်ထဲမှာ ရည်ရွယ်ထားတာကိုပဲ ရအောင်ထည့်မယ် ဆိုပြီး ထည့်ခဲ့တာ။ ဘာမှတော့ လာပြောဆိုတာ မရှိခဲ့ပါဘူး။ နယ်မြေ ၅၊ နယ်မြေ ၆၊ နယ်မြေ ၇ ဆိုပြီး နယ်မြေတွေ ခွဲထားတယ်။ မဲတပုံးထဲ ထားထားတာ၊ လာတဲ့ လူတွေအားလုံး တပုံးထဲပါပဲ ထည့်ရတာ။

အထက ၁ ကျောင်းခန်းမဆောင် အားကစား ရုံထဲမှာပါ။ မဲပေးရတာတော့ အဆင်ပြေခဲ့ပါတယ်။ နာမည်နဲ့ မှတ်ပုံတင်တော့ ရေးထားခဲ့ရပါတယ်။ ၄၊ ၅ ဦးလောက်ကိုတော့ နာမည်မပါလို့ နေ့လယ်လောက်မှ ပြန်လာဆိုပြီး ပြန်လွှတ်တာတွေ ရှိတယ်။၊

ရာသီဥတုလည်း ကောင်းပါတယ်။ ဈေးလည်း မပိတ်ပါဘူး။ လူတွေကလည်း သွားနေကြတာပါပဲ”

မလှိမ့်တပတ်နဲ့ ကြိုတင်မဲ ယူခဲ့တာကို မန္တလေး မဲဆန္ဒရှင်များ အခုမှ သိရ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၃၀ - မြန်မာစံတော်ချိန်

မန္တလေး မဲဆန္ဒရှင် အချို့သည် ယနေ့ ကျင်းပသည့် ဆန္ဒမဲပေးပွဲသို့ သွားရောက် မဲထည့်စဉ် သူတို့အနေနှင့် ကြိုတင်မဲ ပေးခဲ့ပြီး ဖြစ်ကြောင်း မဲရုံ တာဝန်ရှိသူများ ပြောပြမှ သိရသည်။

ဒေသခံတဦးက -

“ကျနော်တို့ အလုပ်ထဲက ကလေးတွေ မဟာအောင်မြေမြို့နယ်၊ သံလျပ်မော် အနောက်က အကွက် ၃၉ဝ-၃၉၁ က အမှတ် ၃၄ မူလတန်းကျောင်းက မဲရုံမှာ မဲမပေးခဲ့ရဘူး။ သူတို့ကို လက်မှတ်ပဲ ထိုးခိုင်းလိုက်တယ်။ သူတို့ကို ကြိုတင်မဲ ပေးပြီးပြီလို့ ပြောလွှတ်လိုက်တယ်။ မိန်းကလေး အများစု အဲလို ခံလိုက်ရတယ်။ သူတို့ ကြိုတင်မဲ မပေးရသေးဘူး ခင်ဗျ။ သူတို့ကို ဝေထားတဲ့ စာရွက်ကလေးတွေနဲ့ သွားတော့ သူတို့ကို အဲလို ပြောလွှတ်လိုက်တာပါ။ NLD ကလည်း မဟုတ်ပါဘူး။ သူတို့ ဘာမှ နားမလည်လို့ ခံလိုက်ရတာပါ။

၈ နာရီမှာ သွားပါတယ်။ သွားတဲ့အခါမှာ ကျနော်တို့ မဲရုံမှာ လူ ၁ဝ ယောက်လောက်ပဲ ရှိပါတယ်။ မဲရုံအခန်းတွေက ၆ ခန်းရှိတယ်။ မဲပုံး ၂ ခု ထောင်ထားပါတယ်။ ကျနော် သွားတဲ့အချိန်က စောလို့လားမသိဘူး လူတွေ ခပ်ပါးပါးပါပဲ။

မဲရုံမှာ ကျောင်းဆရာမတွေက ရပ်ကွက်က ပေးထားတဲ့ စာရွက်တွေနဲ့ နာမည်စာရင်းတွေနဲ့ တိုက်ပြီးတော့ လက်ခံပါတယ်။ စုစုပေါင်းက အယောက် ၂ဝ လောက် ရှိတယ်။ လုံခြုံရေးလည်း အပြည့် ယူထားပါတယ်။ walking talking တွေနဲ့ အရပ်ဝတ်တွေက ၃ ယောက်လောက် ရှိတယ်။ သူတို့ကြည့်ရတာ ရဝတ လူတွေနဲ့ တူပါတယ်။ လုံခြုံရေးနဲ့ ယူနီဖောင်းနဲ့က ၅ ယောက်လောက် ရှိတယ်။ ကျနော်တို့ မဲရုံမှာ သတင်းထောက် တယောက်မှတော့ မတွေ့ရဘူး”

လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၂၅ - မြန်မာစံတော်ချိန်
ရန်ကုန်မြို့နေ NGO ရုံးမှ ၀န်ထမ်းတဦးက "ဒီနေ့ က ရန်ကုန်မှာက မြို့ထဲမှာက မဲမပေးရဘူးလေ။ ဘယ်သူကမှလဲ မဲကိစ္စ စိတ်မ၀င်စားကြဘူး။ စားဖို့ပဲ လုံးပန်းနေကြရတာ။ အခြားနယ်တွေက ပေးပေး မပေးပေး စိတ်မ၀င်စားကြဘူး။ ဒီလောက်လူတွေ ဒုက္ခ ရောက်နေတာကို မဲပေးဖို့ လုပ်နိုင်ကြသေးတယ်" ဟု ပြောကြားသွားသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ကြက်ခြေခတ်တွေ များနေသတဲ့
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၂၅ - မြန်မာစံတော်ချိန်
ဒေသခံ (၁)

“ဒီမနက်ကနေ မဲရုံစဖွင့်တော့ ပေးနေကြပြီ။ လွတ်လွတ်လပ်လပ်ပါပဲ။ မဲရုံနဲ့ မလှမ်းမကမ်းမှာ ရဲ ၂ ယောက် စောင့်တယ်။ လက်မှတ်ပေးသူ၊ ကော်မရှင်နဲ့ အရပ်ဝတ် ရဲတွေ ၂ ယောက်လောက်ပဲ စောင့်ကြပ်တယ်။ မှတ်ပုံတင် တိုက်ပြီးတော့ မဲပြားနဲ့ တိုက်ပြီး မှန်တယ်ဆိုရင် လက်မှတ်ထိုးပြီး ဆန္ဒပြုလိုက်တယ်၊ ပြီးတော့ မဲပုံးမှာ ထည့်ခဲ့လိုက်တယ်။ ကျနော်ကတော့ ကျနော့် ဆန္ဒအတိုင်း ပြုလိုက်တယ်။ ကျနော်ကတော့ ကိုယ့်ရဲ့ နှစ် ၂ဝ လောက်မှာ ရတဲ့ အခွင့်အရေးဆိုတော့ ကိုယ့်ရင်ထဲမှာ ရှိတဲ့အတိုင်း ထည့်လိုက်တယ်။ ကိုယ်က နားလည်ပြီးသား။ တချို့ဆိုရင် မထည့်ရဲကြဘူး။ နောက်ပြီး မဲကို ဘယ်လို သွားထည့်ရမယ်တောင် မသိကြဘူး။

ကျနော့်အမြင် ပြောရရင်တော့ အခုလာထည့်တဲ့ လူတွေက မကြောက်တဲ့ လူတွေ ဖြစ်တယ်။ ကြောက်တဲ့ လူတွေက ကြိုတင်မဲ ထည့်ပေးကြပြီ။ ရက်ကွက်ထဲက လူကြီးတွေက အဲဒီနေ့မှာ တန်းစီရမယ်၊ အလုပ်ပြုတ်မယ်၊ လူတွေ များမယ်၊ ဒီနေ့ ထည့်ရင်တော့ မတိုးရဘူး ဘာညာပြောပြီး အရင်တပတ်က ထည့်ပြီးကြပြီ။

ဒီမှာက ရပ်ကွက် ၅ ခုရှိတယ်။ မြို့မ၊ အောင်သပြေ၊ အရှေ့စု၊ စိမ်းမြေ့ရတနာ၊ အုတ်ကျင်း ရပ်ကွက်များ ရှိတယ်၊ မဲထည့်လို့ရတဲ့ လူတွေက တရပ်ကွက်မှာ ၅ဝဝဝ လောက်ရှိမယ်၊ ခန့်မှန်းခြေ စုစုပေါင်းက ၁ဝဝဝဝ မဲထည့်ပိုင်ခွင့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ကျနော်ထင်တယ်။ ဒီနေ့ ညနေ ၄ နာရီအထိ ဖွင့်မယ်ဆိုတော့ စောစောပြီးမယ်လို့ ထင်တယ်။ မဲရုံကတော့ တရပ်ကွက်မှာ ၂ ရုံလောက်ရှိတယ်ဆိုတော့ ခန့်မှန်းခြေ ၁ဝ ရုံလောက် ရှိမယ်ထင်တယ်”

ဒေသခံ (၂)

“လုံခြုံရေးကတော့ ရဲနဲ့ မဲလက်မှတ် ထုတ်ပေးသူ၊ စောင့်ကြည့်နေသူ ပေါင်းရင် ၅ ယောက်၊ ၆ ယောက်ရှိတယ်။ ဒီမှာက ၅ အိမ်လောက်မှာ ၃ အိမ်လောက်ကတော့ အသက်ကြီးတဲ့ သူတွေကို ကြိုတင်မဲ ထည့်ခိုင်းတယ်။ ရုံမှာဆိုရင် လူမတိုးနိုင်မှာ စိုးလို့၊ နောက်ပြီး တကယ်လို့ ကြက်ခြေခတ်ထည့်ရင် ဝန်ထမ်းတွေကိုတော့ အလုပ်ပြုတ်မယ်၊ ငွေကျပ် ၁ သိန်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံရမယ်၊ အောင်ဆန်းစုကြည်ကို သဘောကျရင် အမှားခြစ်ပါ၊ ဒီအစိုးရကို မကြိုက်ဘူးဆိုရင် အမှန်ခြစ်ပါ ပြောပြီး အမှန် အမှတ်အသားကို ခြစ်ခိုင်းတယ်။

ကျမနဲ့အတူ သွားတဲ့လူတွေ ၁၂ ယောက်တော့ အမှားခြစ် ခြစ်ခဲ့တယ်လို့ ပြောတယ်။ ဒါပေမဲ့ တချို့ဆိုရင် ဘယ်နားမှာ ဘယ်လို လုပ်ရမှာလဲလို့ မေးတော့ သေချာ မရှင်းပြဘူး။ သူတို့က ဒီနားလေးမှာ အမှန်ခြစ်လိုက် ဟိုပုံးကို ထည့်လိုက် ပြောတယ်။ နောက်ပြီး ခန်းစီးကို ခဏခဏ လာပြီး ကြည့်တယ်လေ။ မဲခန်းမှာဆိုရင်လည်း အောက်ခံမှာ ကုမုဒြာဂျာနယ်မှာ ပါတဲ့ မီးလောင်နေတဲ့ပုံကို အခန်းတိုင်းမှာ ဒီစာစောင် အောက်ခံ ထည့်ထားပေးတယ်။ ကျမက အိမ်ကတယောက်အတွက်ပါ ထည့်တော့ နှစ်ခန်း ဝင်ရတယ်။ အဲဒီနှစ်ခန်း စလုံး အဲဒီပုံပဲ။ ကျမထင်တာက လူတွေကို မီးအန္တရာယ်တွေကို အမှုမဲ့ အမှတ်မဲ့ လှန်ကြည့်ပြီး စိတ်ပြောင်းအောင် လုပ်တယ်လို့ ထင်တယ်”

ဒေသခံ (၃)

“ဒီနေ့လုပ်တာကတော့ အမှန်အကန်ပါပဲ။ ဒါပေမဲ့ ကျမက တပ်နဲ့ နီးစပ်တယ်။ မနေ့က ညနေ ၅ နာရီမှာ ဒီမိုးညှင်း စစ်တပ်ထဲက လူတွေ အစည်းအဝေး ခေါ်ပြီးတော့ အားလုံးကို ခေါ်ပြီးတော့ ဒီနေ့ မနက် ၅ နာရီမှာ အကုန် တန်းစီမယ်၊ အမှားတခုမှ မပါစေရဘူး။ ကန့်ကွက်မဲ မထည့်ရဘူး။ အကုန်လုံး အမှန်နော် သူတို့ရှေ့မှာ အမှန်ခြစ်ပဲ ဖြစ်ရမယ်၊ အမှားခြစ် မဖြစ်ရဘူး၊ အားလုံး အမှန်ပဲနော် ဆိုပြီး အစည်းအဝေးကို သိမ်းလိုက်တယ်။

ကျမကတော့ အမှားခြစ် ခြစ်ခဲ့တယ်။ မဲရုံက များတော့ လုံခြုံရေးက ဖြန့်ထားလား မသိဘူး၊ ရဲအများကြီးတော့ မရှိဘူး။ မဲရုံရဲ့ အပြင်ဘက်မှာ ကုလားထိုင်မှာ ထိုင်စောင့်နေတယ်”

ဒေသခံ (၄)

“ကျမ သွားထည့်တဲ့အချိန် ၁ဝ နာရီလောက်မှာ ၁ဝ ယောက်၊ ၁၅ ယောက်လောက်ပဲ ရှိသေးတယ်။ အဲဒီ လူတွေကို ကျမ လက်တို့ကြည့်တော့၊ မေးတော့ ကြက်ခြေခတ်ပဲ ထည့်ခဲ့တယ်လို့ ပြောတာပဲ။ နောက်ပြီး မဲရုံကို ကဒ်ကလေး ပေးတယ်၊ အခန်းထဲမှာ ဝင်ပြီး ခြစ်ခဲ့တယ်။ ကျမနဲ့ နီးစပ်သူတွေကတော့ ကြက်ခြေခတ်တာပဲ”
မုံရွာမြို့က ဆန္ဒမဲပေးပွဲမှာ မိသားစုဝင်များ ကိုယ်စား မဲပေးနိုင်တယ်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၂း၀၀ - မြန်မာစံတော်ချိန်

“ကျနော်တို့တော့ ပြန်ခဲ့ပြီ။ ကျနော်နဲ့ တွေ့ခဲ့တဲ့ တော်တော်များများကတော့ ကြက်ခြေခတ်တွေပဲ ကြားနေရတယ်။ လုံခြုံရေး ချထားတာတွေ ရှိတယ်။ မဲရုံအနီး ပေ ၅ဝ လောက်မှာ ယူနီဖောင်း ဝတ်ထားတဲ့ ရဲတွေ စောင့်နေတယ်။ တော်ရုံတန်ရုံ နားမလည်တဲ့သူတွေ ကြောက်သွားမှာ စိုးရတယ်။ တအိမ်ထဲကနေ ပြီးတော့ မိသားစု အားလုံးအတွက် ကိုယ်စားပြုပြီးတော့ တယောက်ထဲကနေ မဲပေးလို့ရတယ်။ အိမ်ထောင်စု တော်တော်များများက တယောက်ထဲ မဲလာပေးကြတယ်။ တယောက်တမဲ မဟုတ်ဘူးအကို၊ တယောက်ထဲကနေ မိသားစုတွေအတွက် မဲပေးကြတယ်။ ဝင်ဝင်ချင်း မဲ လက်မှတ် ထုတ်ဖို့ရာအတွက် လက်မှတ်ထိုးရတယ်။ မုံရွာမြို့ မဲရုံအမှတ် ၃ ဖြစ်တယ်။

ပြည်သူတွေက သတင်းနားထောင်၊ ဘာထောင်ဆိုတော့ ရိက္ခာတွေ လက်မခံ၊ ဘာမခံဆိုတော့ လူတော်တော်များများက ဒေါသတွေ ထွက်နေတယ်။ ကိုယ်လည်းမလုပ်နိုင်၊ သူများလာလုပ်တာလည်း မကြိုက်ဘူးဆိုတော့ တော်တော်များများက မကျေနပ်ကြဘူးပေါ့။ မဲထည့်တဲ့သူတွေ တော်တော်များများ ပြောတာကတော့ ရှေ့မှာ လုပ်သွားကြတဲ့ သူတွေက ဘဝတွေနဲ့ ရင်းပြီးတော့ လုပ်နေသွားကြတယ်။ ကျနော်တို့ ဒီစာရွက်လေးပေါ်မှာ ကြက်ခြေခတ် မပေးနိုင်ရင် အင်မတန်မှ ရှက်စရာ ကောင်းတယ်။ မဲရုံမှာ မဲတွေ ရေတွက်မယ်လို့ ကြားတယ်။ ကျနော်တို့ ရပ်ကွက်က မဲရုံမှူးတွေကတော့ အရက်သမားတွေ ဖြစ်နေတယ် ခင်ဗျာ။ အရက်ဆိုင်မှာ တောက်တိုလုပ်တဲ့ သူတွေက မဲရုံမှာ စာရေး ဝင်လုပ်နေကြတယ်”
စွမ်းအားရှင်များအား စုစည်းနေ
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၅၀ - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ ပြည်သူ့ဥယာဉ်ရှိ ပြည်သူ့ ရင်ပြင်အတွင်းတွင် စွမ်းအားရှင်များအား စုစည်းနေသည်ကို ယမန်နေ့က စတင်၍ တွေ့ရှိရသည်။

ဒိုင်နာကား ၁၈ စီးခန့်နှင့် ဘက်စ်ကား ၁၀ စီးခန့် ရပ်နားထားသော ပြည်သူ့ရင်ပြင် အတွင်းတွင် လူအများအပြားအား စုစည်းနေကြောင်းတွေ့ရသည်။ တရက် ၃၀၀၀ ကျပ်နှုန်းဖြင့် ခေါ်ယူထားကြောင်း သိရှိရပြီး
ရန်ကုန်မြို့တွင်း အမှိုက်များ လိုက်လံ ရှင်းလင်းရန် ဖြစ်သည်ဟု ၀န်ထမ်းတဦးက ပြောသည်။

ကားများပေါ်သို့ လူအများအပြား ပြည့်အောင် တင်ဆောင်ကာ မောင်းနှင် ထွက်ခွာသွားခြင်းကို တွေ့ရှိရသဖြင့် အမှိုက်များ မည်သို့ ရှင်းမည်ကို မသိရသော်လည်း ယနေ့တွင် ကျင်းပမည့် လူထု ဆန္ဒခံယူပွဲ နှင့် ပတ်သက်ပြီး အသုံးချဖွယ် ရှိသည်ဟု သိရသည်။

မန္တလေးမှာ ၆ နာရီမှစတင် မဲပေး
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၄၀ - မြန်မာစံတော်ချိန်

စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲမှာ မန္တလေးတွင် ယနေ့ နံနက် ၆ နာရီ ကတည်းက စတင်နေပြီ ဖြစ်သည်။

မန်းဒေသခံ တဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ -
"မဲရုံကို နေ့လည်ကျမှ သွားမှာ။ ကျမကတော့ သွားပေးကို ပေးရမယ်။ ကျမတို့ ရပ်ကွက်ထဲမှာ သွားကြတဲ့သူတွေ များပါတယ်။ ကျမ အသိတယောက်ကတော့ အစက သွားပေးမယ်ဆိုပြီး ခုတော့ မသွားတော့ဘူးတဲ့။ အောက်ပြည်မှာက ဒီလောက် ဒုက္ခတွေ ရောက်နေကြတာ သူတို့လုပ်တာ မတရားဘူး မသွားနိုင်ဘူးလို့ ပြောပြီး စိတ်တွေ ဆိုးနေတယ် " ဟု မဇ္ဈိမသို့ ပြောသွားသည်။

ပြီးခဲ့သည့် အပတ်က ၀င်ရောက်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် အပျက်အစီးများ ရှိခဲ့သော ဒေသများ ဖြစ်သည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရန်ကုန်တိုင်းအတွင်းရှိ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ကိုကိုးကျွန်းမြို့နယ် စုစုပေါင်း (၅)မြို့နယ်၊ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်မြို့နယ်၊ ကန်ကြီးဒေါင်မြို့နယ် ၊ သာပေါင်းမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်။ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်ဂပူမြို့နယ်၊ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ၀ါးခယ်မမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် စုစုပေါင်း (၁၉)မြို့နယ်တို့ကို ပုံမှန်အခြေအနေသို့ ရောက်ရှိပြီး ဒေသများဖြစ်၍ ယခင် သတ်မှတ်ထားသော မေ ၁၀ ရက်နေ့တွင် မဲပေးနိုင်ပြီဖြစ်ကြောင်း စစ်အစိုးရမှ ထုတ်ပြန် ကြေငြာထားသည်။

ဆန္ဒခံယူပွဲ ကျင်းပနေပြီဖြစ်
လွှင့်တင်ချိန်။ ။ မေလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ် ၁၁း၃၀ - မြန်မာစံတော်ချိန်

စစ်အစိုးရ၏ အခြေခံ ဥပဒေအပေါ် ဆန္ဒခံယူပွဲမှာ ယနေ့ စတင် ပြုလုပ်နေပြီ ဖြစ်သော်လည်း MRTV နှင့် MRTV 4 တို့မှ ပြုလုပ်နေသော မဲဆန္ဒပေးပွဲနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါ။

MRTV တွင် မဲဆန္ဒ သွားရောက် ပေးကြရန် နှိုးဆော်သော သီချင်းများ၊ ထောက်ခံမဲပေးရန် လှုံဆော်သံများကိုသာ ထုတ်လွှင့်လျက် ရှိသည်ကိုသာ တွေ့မြင်နေရသည်။

MRTV4 တွင်လည်း ပြီးခဲ့သည့် နေ့များက ရန်ကုန်မြို့တွင်းနှင့် လေဘေးဒဏ်သင့် နေရာအချို့တို့တွင် ပြုလုပ်ခဲ့သော ကယ်ဆယ်ရေး လုပ်ငန်း အချို့တို့ကိုသာ ပြန်လည် ပြသလျက် ရှိသည်။

No comments:

 
/* EOT ----------------------------------------- */