Monday, May 12, 2008

လေဘေးဒဏ်ခံ အကျဉ်းသားများ အိုင်စီအာစီအကူညီ ရနိုင်ဖွယ်မရှိ

ကျော်ထင် / ၁၂ မေ ၂၀၀၈
မုန်းတိုင်းဒဏ်ခံရသော ဒေသများတွင်ရှိသည့် အကျဉ်းထောင်များ၊ ရဲဘက်စခန်းများရှိ အကျဉ်း သားများသည် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ချုပ် (အိုင်စီအာစီ) ၏ အကူညီကို ရနိုင်ဖွယ်မရှိဟု နယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီက ပြောသည်။

အေအေပီပီ-ဘီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က “အပြင်မှာ ရှိနေတဲ့ လူတွေရဲ့အသက် ကိုတောင် တန်ဖိုးမထားတဲ့ အစိုးရကတော့ အကျဉ်းသားတွေဆိုရင်တော့ ပိုဆိုးမယ်ထင်တာပဲ။ အကျဉ်းသားတွေကို ပိုပြီးတော့ ဂရုစိုက်မှာ မဟုတ်ဘူး၊ ဆိုးဆိုးရွားရွား ပိုခံစားရလိမ့်မယ်။ အိုင်စီအာစီကိုလည်း သူတို့က လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် ပေးမှာမဟုတ်ဘူး။ အိုင်စီအာစီအနေနဲ့ ကူညီချင်ပေမယ့်လည်း ကူညီခွင့်ကို အတော်လေး မရနိုင်တဲ့အနေထားမျိုး ဖြစ်နေတယ်” ဟု ပြောသည်။


စစ်အစိုးရ၏ တောင်းခံချက်ကြောင့် လေကြောင်းဖြင့် ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာသည့် အိုင်စီအာစီ၏ ထောက်ပံ့ရေး ပစ္စည်းများထဲမှ အများစုမှာ လေဘေးဒဏ်ခံ အကျဉ်းသားများ အတွက်ဖြစ်ကြောင်း အိုင်စီအာစီ ပြောရေးဆိုခွင့်ရှိသူ Marcel Izard က သတင်းထောက်များကို ပြောကြားသည်။

ရဲဘက်စခန်းများသည် ပုံမှန်အခြေနေမျိုး၌ပင်လျှင် အစာအာဟာရ မလုံလောက်မှု၊ ဆေးဝါး
မလုံလောက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ရှိနေသောကြောင့် ယခုကဲ့သို့ အခြေနေမျိုးတွင် ပိုမို ဆိုးရွားနိုင်ဖွယ် ရှိသည်ဟု ကိုဘိုကြည်က ပြောသည်။

ပုသိမ်အပါအ၀င် မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံခဲ့ရသော လပွတ္တာနှင့် မအူပင်တို့တွင် အကျဉ်း ထောင်များရှိပြီး တွံတေးမြို့နယ်၊ တောကြီးတန်းတွင်လည်း ရဲဘက်စခန်းများ ရှိကြောင်း သိရသည်။

အိုင်စီအာစီ၏ လုပ်ငန်းများ ဟန့်တားခံရမှုနှင့် ပတ်သက်၍ ကိုဘိုကြည်က “အိုင်စီအာစီက ကူညီချင်တယ်။ သူတို့ကို ကူညီခွင့် နအဖက မပေးတာဖြစ်တယ်။ အဲဒီမပေးတဲ့အတွက် ပိုပြီးဒုက္ခရောက်မှာ၊ အိုင်စီအာစီကလည်း ကူညီဖို့အဆင်သင့်ဖြစ်နေပြီ။ ပစ္စည်းတွေလည်း ရောက်နေပြီ” ဟု ပြောသည်။

အင်းစိန်အကျဉ်းထောင်အတွင်း မုန်တိုင်းကျရောက်ပြီး နောက်တနေ့နံနက်တွင် အပျက်စီးများ အကြား အကာကွယ်မဲ့ နေထိုင်ရမှုအပေါ် မကျေနပ်၍ ဖြစ်ပွားသော ဆူပူမှုအတွင်း အာဏာပိုင်
များ ပစ်ခတ်မှုကြောင့် အကျဉ်းသား (၃၆) ဦး သေဆုံးပြီး (၇၀) ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု အေအေပီပီ-ဘီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ။

No comments:

 
/* EOT ----------------------------------------- */