Thursday, May 8, 2008

နိုင်ငံတကာကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်၊ ဆန္ဒခံယူပွဲဆိုင်းငံ့ရန်ထားသင့်


ကိုသက် | မေ ၉၊ ၂၀၀၈

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲအား ဆက်လက်ကျင်းပ နေမည့်အစား အရေးပေါ်လိုအပ် နေသည့် နိုင်ငံတကာအကူအညီများကိုလက်ခံလိုက်ခြင်းသည် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သိန်းချီကာဘေးဒုက္ခ ရောက်နေကြသူများ၏ အသက်အိုးအိမ်များကို ကယ်ဆယ်ရာရောက်သည်ဟု ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ပြောဆိုကြသည်။

မြန်မာစစ်အစိုးရ အနေဖြင့် မနက်ဖြန်ပြုလုပ်မည့် ဆန္ဒခံယူပွဲကို ဆိုင်းငံ့ထားရန်နှင့် နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့များအား ပိတ်ဆို့မှုများဆက်လက်မပြုလုပ်ရန် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ဘိုကလေးတွင် ခရီးသွားကားများထံမှ အစားအစာတောင်းခံနေသည့် ကလေးငယ်များ (Photo: AFP)




လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အာရှဒေသ၏ ဒုတိယ ဒါရိုက်တာက “အခုအချိန်ဟာ နိုင်ငံတကာက ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ သူတို့ရဲ့အကူအညီပစ္စည်းတွေကို လမ်းဖွင့်ပေးရမယ့်အချိန်ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ ရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အရေးပေါ်ကူညီမှုများ လိုအပ်နေချိန်တွင် တန်ဘိုးရှိသည့် အချိန်များကို လက်လွတ်ဆုံးရုံး လိုက်ပါက ဘေးဒုက္ခရောက်နေသူများ ထပ်မံ၍အသက်ဆုံးရှုံးမည့်အပြင် ရောဂါဘယကပ်ဘေးလည်း ကြုံတွေ့ရမည်ဟု ပြောဆိုကြောင်း အေပီသတင်းတရပ်တွင် ဖော်ပြထားသည်။

စစ်အစိုးရက ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဝင်များ မြန်မာနိုင်ငံအတွင်း ၀င်ရောက် ကယ်ဆယ်ခွင့်ကို ပိတ်ပင်တားဆီးထားသည်။ ၎င်းအပြင် အမေရိကန်အစိုးရကကမ်းလှမ်းထားသည့် လေကြောင်းနှင့် မြေပြင်မှကူညီမည့်အစီအစဉ်ကိုလည်း စစ်အစိုးရကလက်မခံပေ။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်တို့က လူ့အသက်ပေါင်းများစွာကို အချိန်မီကယ်တင်နိုင်ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများက စစ်အစိုးရ၏ခွင့်ပြုချက်ကိုစောင့်ဆိုင်းမနေဘဲ ကယ်ဆယ်ရေးလုပ်ငန်း များကို ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အရဖြစ်စေ၊ နိုင်ငံတခုချင်းစီ၏ ဆုံးဖြတ်ချက်ဖြင့် ဖြစ်စေ အမြန်လုပ်ဆောင်ကြရန် တောင်းဆိုထားသည်။

မေလ ၂ ရက်နေ့ညက တိုက်ခတ်သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၂၂၉၉၇ သေဆုံးပြီး ၄၂၁၁၉ ပျောက်ဆုံးနေကြောင်းနှင့် ၁၄၀၃ ဦး ထိခိုက်ဒဏ်ရာရကြောင်း စစ်အစိုးရကစာရင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ အမေရိကန်သံအမတ် ရှာရီ ဗီလာရိုစာက မုန်တိုင်းကြောင့် သေဆုံးသူ ၁ သိန်း ကျော်နိုင်သည် ဟု ပြောသည်။
ကုလသမဂ္ဂ အပါအဝင် ကျွမ်းကျင်သူများကမူ သေဆုံးပျောက်ဆုံးသူ ဦးရေ ယခုထက် ပိုမိုနိုင်ကြောင်းနှင့် လူ ၁ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။

No comments:

 
/* EOT ----------------------------------------- */