Friday, May 16, 2008

နိုင်ငံတကာက အကူပစ္စည်းတွေ ဘယ်ရောက်နေလဲ

ကိုသက် မေ ၁၆၊ ၂၀၀၈

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ကမ္ဘာ့ကုလသမဂ္ဂတို့အပါအ၀င် နိုင်ငံတကာမှလှူဒါန်းထားသည့် အကူပစ္စည်းများကို သတင်းမီဒီယာများ၏ မှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ အဆိုများအရ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသင့် လေဘေး ဒုက္ခသည်များထံ အနည်းငယ်သာရောက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် လေဘေးအကူပစ္စည်းများ (ဓာတ်ပုံ - ရိုက်တာ)
နိုင်ငံတကာ၏ လေဘေးအကူပစ္စည်း တန်ချိန်ပေါင်း ၇၀၀ ကျော် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။


ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ညောင် ပင်လေးဈေး စားသောက်ကုန်တန်းရှိ ကုန်စုံဆိုင်တဆိုင်တွင် လေဘေး ကယ်ဆယ်ရေးပစ္စည်း ဖြစ်သည့် ငါးသေတ္တာဘူးများ ရောင်ဝယ်နေ ကြောင်းကြားသဖြင့် သက်ဆိုင်ရာက ဖမ်းသွားကြောင်း ကြားသိရသည်။ ယင်းကိစ္စနှင့်ပတ်သက် ပြီး ရန်ကုန်ရှိ ဧရ၀တီသတင်းထောက်က သွားရောက် စုံစမ်းရာ အဆိုပါဆိုင်ကိုပိတ်ထားပြီး ကယ်ဆယ်ရေး စည်သွပ်ဘူးများ ရောင်းချနေသဖြင့် သက်ဆိုင်ရာက ဖမ်းဆီးသွားကြောင်း ဆိုင်နီးနားချင်းများက ပြောဆိုသည်။

လေဘေးအကူပစ္စည်းများသည် သက်ဆိုင်ရာအာဏာပိုင်တို့မှတဆင့် အရောင်းဆိုင်များသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယခုအခါမှ ဟန်ပြသဘောဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟုလည်း ဧရာဝတီသတင်းထောက်က မျက်မြင်သက်သေ များအား ကိုကားပြောဆိုသည်။

ရန်ကုန်မြို့ခံတဦးကလည်း “ခေါက်ဆွဲခြောက်တွေ ညောင်ပင်လေးဈေးက ဆိုင်ပေါ်မှာတင်ထားတာ … ယိုးဒယားစာတွေပဲ ပါတယ်၊ ပါကင်ပုံးတွေ ဖြေတောင်မဖြေရသေးဘူး။ အဲဒီတံဆိပ်တွေ ကျနော်တို့ဆီမှာအရင်က မတွေ့ဖူးဘူး … ဓာတ်ပုံရိုက် ထားတယ်” ဟု ပြောသည်။

ယခုအပတ်အတွင်း လေဘေးအကူပစ္စည်းများကို အာဏာပိုင်အဖွဲ့အစည်းများက ခိုးထုတ်ရောင်းနေသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး အစိုးရက လေဘေးကယ်ဆယ်ရေးပစ္စည်းများကို အလွဲသုံးစားလုပ်ပါက အရေးယူမည်ဟု ယနေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

CNN, BBC နှင့် Aljazeera အစရှိသည့် ရုပ်သံသတင်းဌာနများနှင့် တခြားသတင်းမီဒီယာများ၏ သတင်းဓာတ်ပုံများအရ လေဘေးဒုက္ခသည်တချို့ နိုင်ငံတကာကလှူဒါန်းသည့် ရွက်ဖျင်တဲအပြာများတွင် နေထိုင်ကြသည်ကို တွေ့မြင်နေရသော် လည်း အသင့်စားသောက်ရန် စီစဉ်ထားသည့် နိုင်ငံခြားဖြစ် အစားအစာများ စားသောက်နေပုံများနှင့် မိုးကာအင်္ကျီဝတ်ဆင် ထားသည်ကို မတွေ့ရသေးပေ။

ပုဂ္ဂလိက အလှူရှင်များ လှူဒါန်းနေစဉ် (ဓာတ်ပုံ - အေပီ)
နာဂစ် မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ သီတင်း ၂ ပတ်ရှိခဲ့ပြီဖြစ်သော်လည်း သိန်းချီသည့် လေဘေးဒုက္ခသည် များသည် ယခုအချိန်အထိ ပုဂ္ဂလိက ပြည်တွင်းအလှူရှင်များ၏ ကူညီမှုများကို အဓိကထား အသက်ဆက်နေရပြီး ရေရှည်တွင် ၎င်းအလှူရှင်များ မည်သို့ ခရီးဆက်ရမည်ကို အချင်းချင်း မေးခွန်း ထုတ်နေကြသည်။

“ကျနော်တို့ ၄၊ ၅ ရက် ဆက်တိုက်သွား ခဲ့ကြတယ် … တခြားအလှူရှင်တွေ ကိုလည်း တွေ့ခဲ့ပါတယ်။ ဒုက္ခသည်တွေ ရတန်သလောက်ရကြတယ်။ နောက်နေ့တွေ ဘယ်သူတွေထပ် သွားမလဲ၊ အဲဒီကွက်လပ်ကို ဘယ်သူက ထပ်ဖြည့်မလဲ။ အားလုံးမောပန်းပြီး လက်ကုန်သွားရင် ဘယ်သူတွေဆက်လုပ်မလဲ။ ဖြစ်နေတာက မိုးကာဖျင်တဲတချို့ကလွဲပြီး နိုင်ငံခြားအစားအစာ မတွေ့ရဘူး” ဟု ရန်ကုန်တိုင်းအတွင်း လေဘေးဒဏ်ခံခဲ့ ရသည့် မြို့နယ်များတွင် သွားရောက်လှူဒါန်းခဲ့သူတဦးက ပြောသည်။

ရန်ကုန်ရှိ မဂ္ဂဇင်းအယ်ဒီတာတဦးက “နိုင်ငံတကာက ကူညီနေတာတွေက ထိရောက်ပါတယ်၊ ဒုက္ခသည်တွေ လက်ထဲကို စနစ်တကျရောက်သွားမယ်ဆိုရင်တော့ အများကြီးကောင်းပါတယ် … ဒါပေမယ့် ရောက်တာကို မတွေ့ရဘူး၊ အစိုးရပိုင်းက လစ်လျူရှုထားတယ်လို့ပဲ မြင်ပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။

No comments:

 
/* EOT ----------------------------------------- */