ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအပေါ် လေ့လာသုံးသပ်ခြင်း
နိဒါန်း (သို့မဟုတ်) နိုင်ငံတကာနှင့် မြန်မာပြည်သူတို့အား စိန်ခေါ်မှုစတင်ခြင်း
သက္ကရာဇ် ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ် ကြီး သီဟသူရတင်အောင်မြင့်ဦး လက်မှတ်ရေးထိုး၍ ၁/၂၀၀၈ နှင့် ၂/၂၀၀၈ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ကြေညာချက်များအား ထုတ်ပြန် ခဲ့ပါသည်။ ၁/၂၀၀၈ သည် သက္ကရာဇ် ၂၀၀၈ မေလအတွင်း ၎င်းတို့၏ဖွဲ့စည်းအုပ်ချုပ်ပုံ (မူကြမ်း) အား အတည်ပြုနိုင်ရန်အတွက် ပြည်လုံးကကျွတ် ဆန္ဒခံယူပွဲကျင်းပမည်ဟူသောကြေညာချက်ဖြစ်ပြီး၊ ၂/၂၀၀၈ သည် သက္ကရာဇ် ၂၀၁၀ ခုနှစ်တွင် ၎င်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အထွေ ထွေရွေးကောက်ပွဲကျင်းပမည်ဟူသော ကြေညာချက်ဖြစ်ပေသည်။
ယင်းကြေညာချက်များထုတ်ပြန်သည့်အချိန်သည် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ လည်းကောင်း မြန်မာပြည်သူများမှလည်းကောင်း တိုင်းပြည်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ် ပီပီပြင်ပြင်ပေါ်ထွန်းလာစေရေးအတွက် ၀ိုင်းဝန်းတောင်းဆိုနေသောကာလဖြစ်သည်။ ထို့အပြင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ၏ ကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ကြည်တို့၏ ကနဦးတွေ့ဆုံဆွေးနွေးမှုများမှတဆင့် ရလဒ်ကောင်းများထွက်ပေါ်လာနိုင်စေရေး ၀ိုင်းဝန်း ကြိုးပမ်းနေသောကာလလည်းဖြစ်ပေသည်။ ထိုအခြေအနေမျိုးတွင် ယင်းကြေညာချက် နှစ်ရပ်အားထုတ်ပြန်လိုက်ခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂအပါ အ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းအား လစ်လျူရှုလိုက်ခြင်းဖြစ်ပြီး မြန်မာပြည်သူတို့၏ အမျိုးသားပြန်လည်သင့်မြတ်ရေးမျှော်လင့်ချက်အားလည်း ရိုက်ချိုးလိုက်ခြင်းဖြစ်ပေသည်။ မြန်မာပြည်တွင်း နိုင်ငံရေးပြဿနာများအား နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနိုင်သောနည်းလမ်းများ ပိတ်ဆို့ခဲ့ရ သည်။
၁/၂၀၀၈ နှင့် ၂/၂၀၀၈ အမိန့်ကြေညာချက်များ၏ သဘောသဘာဝ
ယင်းကြေညာချက်များ ကြေညာသည့်အချိန် (ဆန္ဒခံယူပွဲကျင်းပမည်ဟူသောကြေညာသည့်အချိန်) နှင့် ဆန္ဒခံယူ ပွဲကျင်းပမည့်အချိန်သည် (၃) လ ကျော်ခန့်သာကွာခြားပြီး ယင်းကြေညာချက် ထုတ်ပြန်သည့်အချိန်တွင် ၎င်းတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းပြီးဆုံး ခြင်းမရှိသေးချေ။ ယင်းကြေညာ ချက် ထုတ်ပြန်ပြီး (၁၀) ရက်ခန့်အကြာ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင်မှ အခြေခံဥပဒေရေးဆွဲရေးကော်မရှင်မှ အခြေခံဥပဒေ ရေးဆွဲပြီးစီးကြောင်းကြေညာသည်။ မတ်လ နောက်ဆုံးပတ်တွင် ယင်းအခြေခံဥပဒေစာအုပ်များအား စာပေဗိမာန်စာအုပ်ဆိုင်မှတဆင့် ပြည်သူ လူထု အားရောင်းချခဲ့သည်။ ဧပြီလ (၉) ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်မှ အမိန့်ကြေညာချက် ၄/၂၀၀၈ ဖြင့် သက္ကရာဇ် ၂၀၀၈ ခုနှစ် မေလ (၁၀) ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။ ထို့အပြင် ၎င်းတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်း အား ပြည်သူများ ဖတ်ရှုခွင့်ပင်မရသေးခင် ၎င်းအခြေခံဥပဒေအရ သက္ကရာဇ် ၂၀၁၀ ခုနှစ် တွင် အထွေထွေရွေးကောက်ပွဲပြုလုပ်မည်ဟူသော ၂/၂၀၀၈ ကြေညာချက်ထုတ်ပြန်ခြင်းသည် ပြည်သူများ၏သဘောထားကို အလေးမမူခြင်းဖြစ်ပြီး နအဖစစ်အုပ်စု၏ သဘောထားဖြစ်သည့် ယခုလာ မည့်ဆန္ဒခံယူပွဲတွင် ပြည်သူလူထုမှ မည်သို့သောသဘောထားပေးစေကာမူ အတင်းအဓမ္မ ဖွဲ့စည်းပုံအားအတည်ပြုမည်ဖြစ်သည်ကို ပေါ်လွင်ထင် ရှားစေသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၏ အနှစ်သာရ နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်း
၁၉၉၃ ခုနှစ်မှစ၍ သက္ကရာဇ် ၂၀၀၇ ခုနှစ်အထိ ဖွဲ့စည်းအုပ်ချုပ်ပုံတွင်အခြေခံရမည့် အခြေခံမူများအား အမျိုးသားညီလာခံတရပ်ခေါ်ယူ၍ နအဖမှ ရေးဆွဲခဲ့သည်။ ပြည်သူလူထုမှရွေးချယ်တင်မြှောက်သည့် အရွေးချယ်ခံကိုယ်စားလှယ်များ၊ စစ်မှန်သည့်တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ရေး ဆွဲခြင်းမရှိခဲ့ပေ။ ၎င်း အခြေခံမူများ၏အနှစ်သာရမှာ စစ်အုပ်ချုပ်ရေးပင်ဖြစ်သည်။ ဖွဲ့စည်းပုံဆိုသည်မှာလည်း ၎င်း စစ်အုပ်ချုပ်ရေး အခြေခံမူများအား ဥပဒေ စကားလုံးများဖြင့် ပြန်လည်ရေးဆွဲထားရသည့် ဖွဲ့စည်းပုံသာဖြစ်သည်။ ထို့ကြောင့် ဆန္ဒခံယူပွဲဆိုသည်မှာ ၎င်း စစ်အုပ်ချုပ်ရေးအား အတည်ပြုခိုင်းမည့် ဆန္ဒခံယူပွဲသာလျှင် ဖြစ်ပေမည်။
ထိုအခြေခံမူများ (သို့မဟုတ်) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူ ကြမ်း (၂၀၀၈) ကို လေ့လာပါက အောက်ပါအနှစ်သာရများအား တွေ့ရှိရသည်။
၁။ နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံ၏အမြင့်မားဆုံး အာဏာပိုင်ပုဂ္ဂိုလ် ဖြစ်လာမည်ဖြစ်ပြီး တပ် မတော်ရေးရာကိစ္စအားလုံးအား လွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့် ရှိမည်ဖြစ်သည်။ နိုင်ငံတော်၏အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြု ရေးအာဏာများသည် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အပေါ် လုံးဝသက်ရောက်ပိုင်ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်ကသာ တိုင်းပြည်၏အချုပ်အချာအာဏာသုံးရပ်လုံးတွင် စိတ်ကြိုက်ချယ်လှယ်ခွင့် ရရှိမည်ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်တစ်ခုလုံးကို သော်လည်းကောင်း၊ ဒေသတစ်ခုခုကိုသော်လည်းကောင်း၊ အရေးပေါ်အခြေအနေကြေညာ၍ အာဏာသုံးရပ်စလုံးအားကိုင်တွယ်အုပ်ချုပ်ပိုင်ခွင့် လည်း ရှိပေသည်။ အနှစ်သာရမှာ ကာကွယ်ရေးဦးစီးချုပ်၌ အာဏာသိမ်းခွင့် အခွင့်အာဏာရှိခြင်းပင်ဖြစ်သည်။
၂။ တိုင်းပြည်၏ ဗဟို၊ ပြည်နယ်၊ ဒေသလွှတ်တော်အဆင့်ဆင့်များ၌လည်း ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသည် တပ်မတော် ကိုယ်စားလှယ် နေရာ ၂၅ နေရာကို လက်ခံရမည်ဖြစ်ပြီး တိုင်းပြည်၏ ဥပဒေပြုအာဏာကို ကာကွယ်ရေးဦးစီးချုပ်မှလွှမ်းမိုးချယ်လှယ်ခွင့် ရရှိမည် ဖြစ်သည်။ လွှတ်တော်အတွင်း တပ်မတော်ကိုယ်စားလှယ်များမှ တင်ပြလာသည့် တပ်မတော်အရေးကိစ္စများနှင့် တပ်မတော်၏ဘဏ္ဍာငွေအသုံး စရိတ်ကို လွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။
၃။ လွှတ်တော်အတွင်း တပ်မတော်ကိုယ်စားလှယ်များမှ အဆိုပြုတင်သွင်းသည့် တပ်မတော်အရာရှိသည် ဒုတိယသမတစ်ယောက် အသေအချာဖြစ် လာမည်ဖြစ်ပြီး သမတအဖြစ် အရွေးခံရနိုင်ရန်လည်း အခွင့်အလမ်းများစွာရှိနေပေသည်။ တပ်မတော်ကိုယ်စားလှယ်များကထောက်ခံသည့် ပုဂ္ဂိုလ်မှ သာ နိုင်ငံတော်သမတ ဖြစ်ခွင့်ရှိမည်ဖြစ်သည်။ နိုင်ငံတော်သမတသည် ကာကွယ်ရေးဦးစီးချုပ်အပေါ် သြဇာသက်ရောက်မှုမရှိပေ။ တပ်မတော်အား စီမံခန့်ခွဲနိုင်ခွင့်လည်း မရှိသည့်အပြင် ကာကွယ်ရေးဝန်းကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ဒေသရေးရာဝန်ကြီးစသည့် အရေးပါသော ၀န်ကြီးဌာန များ၌လည်း ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုတင်သွင်းသူများကိုသာ ခန့်အပ်ထားပေမည်။
၎။ နိုင်ငံတော်သမတသည် နိုင်ငံတော်နှင့် အဆင့်ဆင့်သောတရားသူကြီးများအား ခန့်အပ်ပိုင်ခွင့်ရှိသကဲ့သို့ ဖြုတ်ချပိုင်ခွင့်လည်းရှိသည်။ အဆိုပါ တရားသူကြီးများသည် တပ်မတော်သားများအပေါ် တရားစီရင်ခွင့် မရှိပေ။ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် စစ်ခုံရုံးများကသာ တပ်မတော် သားများအပေါ် တရားစီရင်မည် ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သည် နိုင်ငံတော်တရားစီရင်ရေးစနစ်တခုလုံး၏ အထက်တွင်သီးခြားတည်ရှိနေပြီး တရားစီရင်ရေးစနစ်အားလည်း စိတ်ကြိုက်ချယ်လှယ်နေမည်ဖြစ်သည်။
၅။ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်သော်လည်း အနိုင်ရပါတီအနေဖြင့် အစိုးရဖွဲ့ခွင့် မရှိချေ။ လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကိုသာ ယှဉ်ပြိုင်ရမည်ဖြစ်၍ အဆိုပါ ၇၅ ရာခိုင်နှုန်း၏ နေရာအများစုကိုရခဲ့လျှင်ပင် တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ ထောက်ခံ မဲမရပါက အများစုအနိုင်ရပါတီ မဖြစ်နိုင်ချေ။ ထို့အပြင် တပ်မတော်ကထောက်ခံသူသာ သမတအဖြစ် အရွေးခံရမည်ဖြစ်ပြီး သမတနှင့် ၎င်း၏ အစိုးရအဖွဲ့တွင် တာဝန်ပေးအပ်ခြင်းခံရသူများသည် နိုင်ငံရေးပါတီဝင်များဖြစ်နေပါက ပါတီတာဝန်များမှ အစိုးရသက်တမ်းတလျှောက် အနားယူကြ ရမည်ဖြစ်သည်။ ထို့ကြောင့် ပါတီကိုယ်စားပြုသမတနှင့် ပါတီကိုယ်စားပြုအစိုးရအဖွဲ့များ ဖြစ်လာနိုင်ရန် အကြောင်းမရှိပေ။ နိုင်ငံရေးပါတီများ အနေဖြင့် လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကိုသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိ၍ လွှတ်တော်အတွင်းတွင်လည်း ဥပဒေပြုရေးရာကိစ္စများကိုသာ အကန့် အသတ်ဖြင့် လှုပ်ရှားရမည်သာ ဖြစ်ပါသည်။
၆။ တိုင်းရင်းသားလူမျိုးစုများအတွက် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များလည်း မရနိုင်ပါ။ ပြည်နယ်လွှတ်တော်များ၏ ၂၅ ရာခိုင်းနှုန်းအား စစ်တပ်မှ ချုပ်ကိုင်ထားခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်အား နိုင်ငံတော်သမတမှ တိုက်ရိုက်ခန့်အပ်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့အားလည်း ပြည်နယ် ၀န်ကြီးချုပ်က နိုင်ငံတော်သမတ၏ သဘောတူညီမှုဖြင့်သာ ဖွဲ့စည်းနိုင်ခြင်း၊ ပြည်နယ် အစိုးရ၏ လုံခြုံရေးနှင့်နယ်စပ်ဒေသရေးရာဌာနများ၌ ကာ ကွယ်ရေးဦးစီးချုပ်က တာဝန်ပေးသူများကိုသာ ခန့်အပ်ရခြင်း၊ နိုင်ငံတော်သမတက တိုက်ရိုက်ခန့်အပ်သော တရားသူကြီးများက ပြည်နယ်၏ တရား စီရင်ရေးကိစ္စများအား စီမံခန့်ခွဲခြင်း စသည့် ကန့်သတ်ဥပဒေများဖြင့် တိုင်းရင်းသားလူမျိုးစုများအား လက်အောက်ခံတိုင်းရင်းသားများအဖြစ် ဖန်တီး ထားပေသည်။
၇။ ထိုဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအား ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရန် လိုအပ်သည်။ လွှတ်တော်အတွင်း စစ်တပ်မှ ၂၅ ရာခိုင်နှုန်းအား ထိမ်းချုပ်ထားပြီးဖြစ်ရာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရန် မည်သို့မျှမဖြစ်နိုင်ပါ။ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံအား နောင်တွင်မှ ပြန်လည်ပြင်ဆင်မည်ဟူသော အယူအဆသည်လည်း ဖြစ်နိုင်ဖွယ်ရာအကြောင်းမရှိပါ။
၈။ ရာဇ၀တ်မှုနှင့်ပြစ်ဒဏ်ကျခံဖူးသူများ ရွေးကောက်ပွဲ ၀င်ခွင့်မရှိဟူ၍ ကန့်သတ်ထားသည့်အတွက် နိုင်ငံရေးလှုပ်ရှားမှုဖြင့် အကျဉ်းထောင်သို့ အကြိမ်ကြိမ်ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးလှုပ်ရှားသူများအားလုံး ရွေးကောက်ပွဲဝင်ခွင့်မရနိုင်ပါ။ နိုင်ငံခြားသားနှင့် လက်ထပ်ထားသူ ရွေး ကောက်ပွဲ ၀င်ခွင့်မရှိဟုပြဌာန်းထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရွေးကောက်ပွဲဝင်ခွင့်မရနိုင်ပေ။ ထို့အပြင် ယင်းဖွဲ့စည်းအုပ် ချုပ်ပုံအား အတည်ပြုပြီးသည်နှင့် တပြိုင်နက် နအဖစစ်အုပ်စုက နောက်ရွေးကောက်ပွဲမလုပ်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် လက်ရှိ တရားဝင်တည်ရှိနေသော နိုင်ငံရေးပါတီများအား ဖျက်သိမ်း၍ ပြန်လည်မှတ်ပုံတင်ရပေမည်။ သို့ဖြစ်၍ NLD အနေဖြင့် “အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်” အမည်ဖြင့် ပြန်လည် (သို့မဟုတ်) ဆက်လက်ရပ်တည်နိုင်ရန် မသေချာပေ။
၉။ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံအား အတည်ပြုပြီးသည်နှင့် တပြိုင်နက် မြန်မာပြည်သူပြည်သားများသည် စစ်တပ်၏ကျေးကျွန်များအဖြစ် ရာသက်ပန် ရောက်ရှိသွားရတော့ပေမည်။ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်က အခွင့်ထူးခံလူတန်းစားများအဖြစ်ဖြင့် တရားဥပဒေ၏အထက်တွင် တည်ရှိ နေပေမည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စစ်တပ်မှဦးဆောင်ဖွဲ့စည်းထားသော လူမှုရေးအဖွဲ့အစည်းအသီးသီးသည်လည်း စစ်အုပ်စု၏လက်ကိုင်တုတ်များ လက်ဝေခံများအဖြစ် ဆက်လက်တည်ရှိနေကြမည်ဖြစ်သည်။ သာမန်ပြည်သူများမှာမူ တတိယတန်းစား နိုင်ငံသားများအဖြစ် စစ်အုပ်စုနှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေးများ၊ ၎င်းတို့၏ လူမှုရေးအဖွဲ့အစည်းအသီးသီးများ၊ လက်ဝေခံ စီးပွားရေးသမားများ၏ ဖိနှိပ်ချယ်လှယ်မှုကို ဆက်လက်ခံစားကြရပေမည်။
ထို့ကြောင့် ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈) သည် စစ်အာဏာရှင်စနစ်အား အကောင်အထည်ဖော်မည့်အခြေဥပဒေဖြစ်ပြီး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဆိုသည်မှာလည်း ၎င်းစစ်အာဏာရှင်စနစ်အား အခြေခံဥပဒေအရအကာအကွယ်ပေးနိုင်ရန် ပြည်သူလူထုတရပ်လုံးအား အဓမ္မအ တည်ပြုခိုင်းမည့် ဆန္ဒခံယူပွဲဆိုလျှင် မှားမည်မဟုတ်ချေ။ ဟစ်တလာ၏ ဆန္ဒခံယူပွဲ၊ ၁၉၈၀ ၀န်းကျင်မှ အာဏာရှင် ပီနိုချေး၏ ဆန္ဒခံယူပွဲတို့နှင့် အနှစ် သာရအရ မကွဲပြားသည့် ဖက်ဆစ်တို့၏ ဆန္ဒခံယူပွဲပင်ဖြစ်သည်။
ဆန္ဒခံယူပွဲနည်းဥပဒေ၏ ချွတ်ယွင်းအားနည်းချက်များ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်သန်းရွှေလက်မှတ်ရေးထိုး၍ ဥပဒေအမှတ် ၁/၂၀၀၈ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကို သက္ကရာဇ် ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး နည်းဥပဒေများကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ နည်းဥပဒေ များအမှတ် ၁/၂၀၀၈ ကို အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးလက်မှတ်ရေးထိုး၍ ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ထပ်မံထုတ် ပြန်ခဲ့သည်။ ၎င်း ဥပဒေ၊ နည်းဥပဒေများအရသည်ပင်လျှင် လွတ်လပ်၍တရားမျှတသော ဆန္ဒခံယူပွဲတရပ်အဖြစ် အများပြည်သူမှလက်ခံ နိုင်ရန် ခက်ခဲလှပါသည်။ အောက်ပါအချက်အလက်များအား ဥပမာအဖြစ် လေ့လာလျှင် ၎င်း ဥပဒေ၊ နည်းဥပဒေများ၏ အားနည်းချက်များအား ပေါ်လွင်စေပါသည်။
၁။ ယင်း ဥပဒေ နည်းဥပဒေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအား တားမြစ်ချက်နှင့် ပြစ်ဒဏ်များသတ်မှတ်ထားပြီး၊ ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများမှပုဂ္ဂိုလ်များအတွက်မူ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖောက်ဖျက်ခြင်း၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ ကို ချိုးဖောက်ခြင်းတို့အတွက် တားမြစ်ခြင်းနှင့် ပြစ်ဒဏ်များ သတ်မှတ်ထားခြင်း လုံးဝမပါရှိချေ။
၂။ မဲရုံများပိတ်ပြီးသည့်အချိန်တွင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များသည် (၁၀) ဦးထက်မနည်းသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတို့၏ရှေ့မှောက်တွင် ဆန္ဒမဲများ အား ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲများ ခွဲခြား၍ ရေတွက်ခြင်းနှင့် စာရင်းပြုစုခြင်းတို့ရှိသော်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် ဖွဲ့စည်းထား သော ရပ်/ကျေး/မြို့နယ်/ခရိုင်/ပြည်နယ်/တိုင်း ကော်မရှင်အဖွဲ့ခွဲများသည် အာဏာပိုင်များမှ စိတ်ကြိုက်ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်ပေ သည်။ ထို့အပြင် ကန့်ကွက်မဲ၊ ထောက်ခံမဲ၊ ပယ်မဲ စာရင်းများအား စာရင်းချုပ်သည့်အချိန်၌ မဲဆန္ဒရှင်ပြည်သူလူထုမှ စောင့်ကြည့်လေ့လာခွင့် မရ ရှိနိုင်ပေ။
၃။ မဲစာရင်းပြုစုရာတွင်လည်း လိမ်လည်မှုများ မသမာမှုများ ပြုလုပ်နိုင်ပေသည်။
ဥပမာအားဖြင့် -
(က) မဲစာရင်းအား ရပ်/ကျေးအလိုက် (ဆန္ဒခံယူပွဲဒေသ) ပြုစုခြင်း - ပုဒ်မ ၁၂
၉၀ ရွေးကောက်ပွဲကဲ့သို့ မဲဆန္ဒနယ်သတ်မှတ်ထားမှု မရှိခြင်း။
အခန်း ၅။ ပုဒ်မ ၁၁ (က)နှင့် ပုဒ်မ ၁၂ အရ အိမ်ထောင်စုစာရင်း/ ပုံစံ ၁၀ (သန်းကောင်စာရင်း) အပေါ်တွင် အခြေခံထားမှုမရှိသဖြင့် မဲပေးပိုင်ခွင့်ရှိသူစာရင်းအား ပြုလွယ် ပြောင်းလွယ် လုပ်နိုင်ရန်အခွင့်သာခြင်း။
အခန်း ၅။ ပုဒ်မ ၁၁ (ဂ) အရ ယာယီလာရောက်နေထိုင်နေသူများအားလည်း လက်ရှိမဲစာရင်းတွင် ထည့်သွင်းနိုင်ခြင်းဖြင့် မဲပေးနိုင်သူစာရင်းကို စိတ်ကြိုက် ဖန်တီးထားနိုင်ခြင်း။
ယခုအခါ မဲစာရင်းများကို ရပ်/ကျေး (ရအဖ) များက ပြုစုနေသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ လာရောက်အလုပ်လုပ်ကိုင်နေသူများနှင့်ပတ်သက်၍ လိုလားသူဖြစ်ပါက မဲစာရင်းအတွင်းထည့်သွင်းပေးထားပြီး ဆန့်ကျင်သူဖြစ်နိုင်မည်ဆိုပါက ပုဒ်မ ၁၁ (ဃ) (၄) အရ ပြည်ပသို့ တရားမ၀င် ရောက်ရှိနေသူများအဖြစ်သတ်မှတ်၍ ချန်လှပ်ထားနိုင်ခြင်း။ ထိုသို့ဆောင်ရွက်ပါကလည်း ချန်လှပ်ထားခံရသူအနေဖြင့် လူဝင်မှုဥပဒေချိုးဖေါက်ထား သဖြင့် တစုံတရာ တိုင်ကြားရန် မဖြစ်နိုင်ခြင်း။
(ခ) ချွင်းချက်ဖြင့် မဲပေးခွင့်ရှိသူ အမျိုးအစား (၉) မျိုးသတ်မှတ်၍ သီးသန့်မဲစာရင်းထားရှိခြင်း
ပုဒ်မ ၁၁ (ခ) အရ သံတမန်နှင့် မိသားစုများ၊ တာဝန်ဖြင့် အခြားဒေသရောက် စစ်သည်များနှင့် မိသားစုများ၊ နိုင်ငံခြားရောက် အစိုးရ၀န်ထမ်းများနှင့် မိသားစုများ၊ ပညာတော်သင်များနှင့် မိသားစုများ၊ အစိုးရခွင့်ပြုချက်ဖြင့်ရောက်နေသူများ၊ မိမိဒေသမှ အခြားဒေသရှိ တက္ကသိုလ်/ကောလိပ်အသီး သီးမှ ကျောင်းသားများ၊ ဆေးရုံဝန်ထမ်းများနှင့် လူနာများ၊ တာဝန်ဖြင့် အခြားဒေသရောက်ဝန်ထမ်းများနှင့် မိသားစုများ၊ အချုပ်ကျများအား သီးခြား မဲစာရင်းအဖြစ် ခွဲထားခြင်း။
ပုဒ်မ ၁၂ (ဃ) နှင့် ပုဒ်မ ၁၃ (ခ) အရ အဆိုပါ သီးသန့်မဲစာရင်းပါသူများအတွက် သက်ဆိုင်ရာ သံမှူး/တပ်မှူး/ကျောင်းအုပ်/ပါမောက္ခချုပ်/ဌာနမှူး စသည်တို့က မဲရုံမှူးအဖြစ် တာဝန်ယူ မဲကောက်ခံခွင့်၊ မဲရေတွက်ခွင့် စသော အခွင့်အာဏာများရှိနေသဖြင့် လွတ်လပ်စွာ လျှို့ဝှက်မဲပေးခြင်းစနစ် အား အလွန်အမင်းထိခိုက်နိုင်ခြင်း။
၎။ ဆန္ဒမဲလက်မှတ်နှင့်ပတ်သက်၍ လိမ်လည်နိုင်သည့်အခြေအနေများ
အဓိကအရေးကြီးသည်မှာ ကန့်ကွက်မဲများ ပယ်မဲ ဖြစ်သွားနိုင်သည့်အချက်ဖြစ်သည်။ ၉၀ ရွေးကောက်ပွဲနှင့် မတူသည်မှာ မဲဆန္ဒရှင်များ (အထူး သဖြင့် ကျေးလက်နေပြည်သူ လူဦးရေ၏ ၆၀ ရာနှုန်းခန့်) အား စနစ်တကျမဲပေးတတ်စေရန် (ပယ်မဲ မဖြစ်စေရန်) ဟောပြောရှင်းလင်း ပညာပေးမှု များ မရှိခြင်း။ နိုင်ငံရေးပါတီများကလည်း လုပ်ပိုင်ခွင့်မရှိခြင်းဖြစ်သည်။ မဲလက်မှတ် ပုံစံနှင့် မဲပေးမှုစနစ် ရှုပ်ထွေးပါက ပယ်မဲများလာနိုင်ပြီး ပုံသေ ထောက်ခံမဲများ ရာနှုန်းများနိုင်ခြင်း။
၅။ မဲရုံများ
ပုဒ်မ ၂ (ည) အရ မဲပေးမှုကို ရပ်/ကျေးအလိုက် ဆန္ဒခံယူပွဲဒေသများသတ်မှတ်၍ လုပ်ဆောင်မည်ဖြစ်သည်။
အချို့သောသတင်းဌာနများ၏အဆိုအရ ရန်ကုန်တိုင်း ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က ရန်ကုန်တိုင်းတွင် မဲရုံပေါင်း(၂၅၀၀)ကျော်ရှိပြီး မဲပေးပိုင် ခွင့်ရှိသူ (၁၀၀) မှ (၃၀၀၀) အထိကို မဲရုံတရုံနှုန်းဖြင့် လျှို့ဝှက်စွာမဲပေးနိုင်ရန် စီစဉ်ထားသည်ဟု ပြောဆိုသည်။ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ များအတွက် ရည်ရွယ်ထုတ်ပြန်ထားသော ကော်မရှင်လက်စွဲစာအုပ်တွင် လူဦးရေ (၃၀၀၀) လျှင် မဲရုံ တစ်ရုံနှုန်းဟု ဖော်ပြထားပါသည်။ သို့သော် လည်း တစ်နိုင်ငံလုံးအနေအထားအရ မဲပေးနိုင်သော မဲဆန္ဒရှင် မည်၍မည်မျှရှိသည်ကို တရားဝင်မထုတ်ပြန်သေးပေ။ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် မဲရုံမည်မျှရှိမည်ကို ခန့်မှန်းရန် ခက်ခဲနေပါသေးသည်။
မြန်မာပြည်အနေအထားအရ အချို့ကျေးရွာအုပ်စုများ (တိုက်နယ်များ) သည် အချို့မြို့နယ်များထက် နယ်မြေကျယ်ဝန်းခြင်း၊ လူဦးရေများပြားခြင်း ရှိသည်။ မဲရုံအရေအတွက်များလွန်းလျှင် လျှို့ဝှက်စနစ်ကို ထိခိုက်နိုင်ပြီး၊ နည်းလွန်းလျှင် အချိန်မှီမဲပေးနိုင်ရေးအတွက် သွားလာရေးအခက်အခဲတို့ ကြောင့် ဦးစားပေးခံရသူများသာ မဲပေးခွင့် ရနိုင်ပေမည်။
၆။ ဆန္ဒခံယူပွဲကာလ သတ်မှတ်ခြင်း
ပုဒ်မ ၃ (ခ) အရ ဆန္ဒခံယူပွဲကို ကော်မရှင်က သတ်မှတ်ကာလအတွင်း ကျင်းပရမည်။
ပုဒ်မ ၉ (င) အရ မြို့နယ်ကော်မရှင်က မဲပေးရမည့်နေ့ရက်များကို ကြေညာမည့် တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိခြင်း။
စသည့် ပြဌာန်းချက်များအရ ဆန္ဒခံယူပွဲအား တနိုင်ငံလုံးတွင် တရက်တည်း တပြိုင်နက်တည်းကျင်းပရန် သဘောမျိုးမဆောင်ဘဲ ၎င်းတို့စိတ်ကြိုက် ကာလတခု သတ်မှတ်ဆောင်ရွက်နိုင်သည့် သဘောဆောင်နေသည်။ ဤအချက်မှာ အာဏာပိုင်များ (ပွဲကျင်းပသူများ) အတွက် အားသာချက် ဖြစ်သည်။
ထို့အပြင် အခန်း (၇) ပုဒ်မ ၂၀ နှင့် ၂၁ အရ မဲပေးခြင်းကို ရွှေ့ဆိုင်းခြင်း ရပ်ဆိုင်းခြင်းများကို ကော်မရှင် အဆင့်အဆင့်က လုပ်ပိုင်ခွင့်ရှိနေခြင်း (ကော်မရှင်အဖွဲ့ဝင်များမှာ လွတ်လပ်သောကြားလူ ဒိုင်လူကြီးများ မဟုတ်ကြခြင်း) သည်လည်း သန့်ရှင်း မျှတမှုအား မေးခွန်းထုတ်ဖွယ်ဖြစ်သည်။
ဤဥပမာများအား လေ့လာလျှင်ပင် ယနေ့စစ်ခေါင်းဆောင်များသည် ဆန္ဒခံယူပွဲ၌ ဥပဒေ၊ နည်းဥပဒေများဖြင့်ပင် လိမ်လည်အနိုင်ယူရန် ပြင်ဆင် လျှက်ရှိကြောင်း ထင်ရှားပေသည်။
၇။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကော်မရှင်
၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျင်းပပြုလုပ်ခဲ့သော အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ၊ ၎င်း ညီလာခံမှ ရရှိလာသောအခြေခံမူများ အပေါ်တွင် အခြေခံရေးဆွဲသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင် ဥက္ကဋ္ဌ၊ ၎င်း ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကော်မရှင် ဥက္ကဋ္ဌ တို့မှာ တစ်ဦးတည်းဖြစ်နေပါသည်။ ထို့ကြောင့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကော်မရှင်၏ လွတ်လပ်မှုအပေါ် မေးခွန်းထုတ်ဖွယ်ရာရှိနေပါသည်။
၈။ ဆန္ဒခံယူပွဲကာလနှင့် နောက်ခံနိုင်ငံရေးအခြေအနေ
၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် ကြေညာသည့်အချိန်မှစ၍ ယနေ့အခြေအနေကာလများအထိ ဆန္ဒခံ ယူပွဲ အကြိုကာလများဟုဆိုရမည်။ သို့ရာတွင် ဆန္ဒခံယူပွဲနှင့်ပတ်သက်၍လည်းကောင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၂၀၀၈ နှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေြး့ငင်းခုန်ခွင့် ဝေဖန်ခွင့်မရှိသေးပေ။ လွတ်လပ်အသင်းအပင်းဖွဲ့ခွင့်၊ ဟောပြောခွင့် လုံးဝဆိတ်သုန်းနေသောကာလဖြစ်သည်။ ၅/၉၆ ကဲ့သို့သော အမိန့်ဒီဂရီများဖြင့် ၎င်းတို့ရေးဆွဲထားသော အခြေခံဥပဒေမူကြမ်းအား ဝေဖန်ခွင့်၊ ဆွေးနွေးခွင့်များအားပိတ်ပင်ထားသည်။ သို့ သော်လည်း စစ်ဗိုလ်ချုပ်များနှင့် အာဏာပိုင်များသည် ၎င်းတို့ကျောထောက်နောက်ခံပြုထားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ စုဝေးခွင့်၊ စည်း ရုံးခွင့်၊ ဟောပြောခွင့်များအား အင်တိုက်အားတိုက်အကူအညီပေးလျှက်ရှိသည်။ နအဖအဖွဲ့ဝင်ဝန်ကြီးများကိုယ်တိုင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ၎င်းတို့၏ ဖွဲ့စည်းပုံအားထောက်ခံရန် နယ်လှည့်စည်းရုံးလျှက်ရှိသည်။ စစ်အစိုးရ၏ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတို့မှ ၎င်းတို့၏ဖွဲ့စည်းပုံအား ထောက်ခံကြရန် နည်းမျိုးစုံဖြင့် နေ့စဉ်နှင့်အမျှ ၀ါဒဖြန့်လျှက်ရှိသည်။
သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ဒီမိုကရေစီရေးလှုပ်ရှားသူများ၏ ဟောပြောစည်းရုံးမှုများ၊ စာရွက်စာတမ်းဖြန့်ဝေမှုများ အား တားမြစ်ခြင်း၊ ဖမ်းဆီးခြင်းတို့အား နေ့စဉ်နှင့်အမျှပြုလုပ်လျှက်ရှိသည်။ ထိုမျှမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအား လူမိုက်များဖြင့် ချောင်းမြောင်းရိုက်နှက်စေခြင်းအား ဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းပြုလုပ်လျှက်ရှိသည်။ ပြည်သူလူထုအတွင်း၌လည်း နည်းမျိုးစုံဖြင့် ၀ါဒဖြန့်၍ ခြိမ်းခြောက်လျှက်ရှိသည်။ ဤသို့သောအခြေအနေမျိုးတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုသည်မှာ လွတ်လပ်၍ တရားမျှတမှုရှိနိုင်ဖွယ်ရာ အကြောင်းမ ရှိချေ။
နိဂုံးချုပ်သုံးသပ်ချက်
နိုင်ငံအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ပြည်လုံးဆန္ဒခံယူပွဲကျင်းပမည်ဟူသော ကြေညာချက်ထုတ်ပြန်သည်မှစ၍ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ခြင်း။ ဆန္ဒခံယူပွဲ ရက်စွဲအားကြေညာခြင်း။ ယနေ့တိုင် မဲပေးခွင့်ရှိသူစာရင်းအား မကြေညာနိုင်သေးခြင်း။ စသည့်အကြောင်းအချက်အသီး သီးအား ခြုံငုံသုံးသပ်ရလျှင် စစ်အစိုးရ၏ မရိုးသားမှုမှာ ပေါ်လွင်လှပါသည်။ ထို့အပြင် ဒီမိုကရေစီအင်အားစုအသီးသီး၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှင့်ပတ်သက်သော ကန့်ကွက်လှုပ်ရှားမှုမှန်သမျှအား ပိတ်ပင်ခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများ ဆက်တိုက်ပြုလုပ်လျှက်ရှိနေပြီး အခြားတဖက် တွင် ၎င်းတို့၏ ၀န်ကြီးအဖွဲ့ဝင်များကိုယ်တိုင်၊ စစ်ဗိုလ်ချုပ်များကိုယ်တိုင် နယ်လှည့်စည်းရုံးရေးဆင်းနေခြင်းတို့က လာမည့်ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲသည် ယုံကြည်နိုင်ဖွယ်ရာမရှိကြောင်း ပြသလျှက်ရှိသည်။
ထို့ကြောင့် -
(၁) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအရေအတွက်ကိုကြေညာရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော အသက်အရွက်ရောက်သူတိုင်းပါဝင်စေရန်။
(၂) အာဏာပိုင်များ၏ တဖက်သတ်ဝါဒဖြန့်စည်းရုံးနေမှုများအား ရပ်ဆိုင်းရန်။ ပြည်သူလူထုအား ခြိမ်းခြောက်နေခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက် နေမှုများအား ချက်ချင်းရပ်ဆိုင်းရန်။
(၃) နိုင်ငံရေးအင်အားစုအသီးသီးအားလည်းကောင်း၊ ပြည်သူအသီးသီးအားလည်းကောင်း ဆန္ဒခံယူပွဲနှင့်ပတ်သက်၍လည်းကောင်း ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးခွင့်၊ စုဝေး၊ ဟောပြောခွင့်များ ရရှိရန်။
(၄) လျှို့ဝှက်မဲပေးမှုစနစ်အား တိတိကျကျအာမခံရန်။
(၅) ဆန္ဒခံယူပွဲ၏ရလဒ်များအားကြေညာရာတွင် ဆန္ဒခံယူပွဲကော်မရှင်ကသာ တိုက်ရိုက်ကြေညာရန်။
(၆) မဲစာရင်း ရေတွက်ခြင်း၊ စာရင်းများချုပ်ခြင်း ဖြစ်စဉ်တလျှောက်တွင် မဲဆန္ဒရှင်ပြည်သူများမှ စိုးရိမ်ကြောင့်ကျမှုကင်းစွာဖြင့် စောင့်ကြည့်လေ့လာ ခွင့်ရရန်။
(၇) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမှုကို သတင်းသမားများ၊ နိုင်ငံတကာစောင့်ကြည့်လေ့လာသူအား လွတ်လပ်စွာလေ့လာခွင့်ပြုရန်။
နှင့် (၈) နိုင်ငံသားအားလုံး မဲပေးနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံးအား လွှတ်ပေးရန်။ အခြားအကျဉ်းများ မဲပေးခွင့်ရရှိရန်။ စသည့် အချက်များသည် ယုံကြည်အားထားလောက်သည့် ဆန္ဒခံယူပွဲဖြစ်မြောက်ရေးအတွက် လိုအပ်သောအခြေအနေ အချက်အလက်များဖြစ်ပါသည်။
အထက်ဖော်ပြပါ အခြေအနေအချက်အလက်များမရှိပါက ယုံကြည်အားထားလောက်သည့်၊ မျှတသည့် ဆန္ဒခံယူပွဲမဟုတ်ဘဲ ကမ္ဘာ့သမိုင်းတွင် တည်ရှိခဲ့သည့် အာဏာရှင်ပီနိုချေး၏ ၁၉၈၀ ၀န်းကျင်မှ ဆန္ဒခံယူပွဲကဲ့သို့ပင် နောက်ထပ် ဖက်ဆစ်အာဏာရှင်ဆန္ဒခံယူပွဲအဖြစ် ကမ္ဘာ့သမိုင်းက ထပ်မံမှတ်တမ်းတင်ပေလိမ့်မည်။
- ပြီးဆုံး -
ကိုးကား -
(၁) အခြေခံဥပဒေမူကြမ်း ၂၀၀၈ အား သုံးသပ်ချက် (ကိုအောင်ဒင်)
(၂) ဆန္ဒခံယူပွဲ ဥပဒေ နည်းဥပဒေများအပေါ် လေ့လာခြင်း (သုတေသနနှင့် လေ့လာရေးဌာန - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်အမှတ် - ၇/၀၄/၀၈ (၂၄ ဧပြီ ၂၀၀၈)
(၄) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်အမှတ် - ၆/၀၄/၀၈ (၂ ဧပြီ ၂၀၀၈)
(၅) ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက် - ၂/၂၀၀၈ (၂၇
ဧပြီ ၂၀၀၈)
(၆) ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈)
(၇) မြန်မာ့အလင်းသတင်းစာများ (၉- ၁၀ - ၁၉ ဖေဖေါ်ဝါရီ၊ ၉ ဧပြီ ၂၀၀၈)
Sunday, May 4, 2008
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအပေါ် လေ့လာသုံးသပ်ခြင်း
Posted by
Myo Myint Aung
at
7:51 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment