Sunday, June 8, 2008

သီရိလင်္ကာရောက် ပြည်ချစ်ဘုန်းဘုန်းနှင့် oppositeyes ဆွေးနွေးချင်း

ဦးဇင်းရေးသမျှဟာ အကျိုးနဲ့အကြောင်းနဲ့ဆက်စပ်ပြီးမှ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံ၍ ရေးသားခဲ့ခြင်း ဖြစ်သည်။ ဦးဇင်းပြောခဲ့သောအကြောင်းအရာများကို အသက်နဲ့အာမခံပြီး ပြောခဲ့ပါတယ်။ ဒကာလေးတို့ပဲ “ဒါကတော့ ဒီပိုစ့် ပြီးရင်အရှင်ဘုရားနဲ့ဆွေးနွေးမှုများကို နိဂုံးသတ်လိုက်တော့မယ်ဆိုတာပါဘဲ”လို့ ပြောထားပြီး နောက်ထပ် ထပ်ရေးလာလို့ ဦးဇင်းက ပြန်ရေးပြရတာပါ။ “အရှင်ဘုရားရဲ့ ပိုစ့်ကို တပည့်တော် အကုန်မဖတ် ဖြစ်ဘူးဆိုတာကို တခါတည်း ၀န်ခံပါတယ်”လို့ ဒကာလေး ဆိုထားတယ်။

စာတစ်ပုဒ်ကို အကုန်မဖတ်ဘဲ ဦးဇင်းကို လူပုဂ္ဂိုလ် တစ်နည်းအားဖြင့် ဘုန်းကြီးအတုလို့ ဝေဖန်ချက် ထင်မြင် ချက်ပေးထားတဲ့ ဒကာလေးကို ဦးဇင်း ဘယ်လိုပြောရမလဲ။ ဘုန်းကြီးအတုလို့ ပြောချင်ရင်လဲ အကျိုးအကြောင်း ခိုင်လုံအောင် ပြောပြမှပေါ့ ဒကာလေး။

ဦဇင်း ရသွားတာတစ်ခုက န.အ.ဖ လက်ထက်မှာ န.အ.ဖကို မထောက်ခံတဲ့ ဆရာတော်တွေဟာ “ဘုန်းကြီး အတုတွေပါလား”ဆိုတဲ့ အသိညာဏ်ပါပဲ။

ဒကာလေးကို ပြောပြချင်တာက ရတနာက သုံးပါးရှိတယ်။ နှစ်ပါးထဲ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ဘုရား၊ တရားအပြင် ဦးဇင်းပို့စ်ထဲမှာ နာမည်ထဲ့ရေးထားတဲ့ဆရာတော်တွေနဲ့ အမည်မပါတဲ့ဆရာတော်တွေကိုရော ဦးဇင်းရဲ့စံနမူနာထားစရာများအဖြစ် ဆက်လက်ထားရှိပါအုံးမယ်။ ဘာကြောင့်လဲဆိုတော့ ဦးဇင်းညွှန်းဆို ထုတ်ပြထားတဲ့ ဆရာတော် တွေဟာလဲ (ဦးဇင်းတို့ တရားတော်အလိုအရ) (န.အ.ဖ တရားတော်အလိုအရ ဒကာလေးပြော သွားပြီးပြီ)“သံဃံ သရဏံ ဂစ္ဆာမိ” ထဲမှာ ပါနေဆဲဖြစ်နေလို့ပါ။

ဦးဇင်းကို ဦးဇင်းတစ်ပါးလို့ မထင်နိုင်တော့လောက်တဲ့အထိ ဖြစ်စေတယ်လို့ ဒကာလေးယူဆသွားတဲ့ “စာသား များ”ကို စာဖတ်သူတွေ ယှဉ်ပြီး စဉ်းစားလို့ရအောင် ထပ်ပြီး ကူးပေးလိုက်ပါတယ်။ ဘေးနာက ဦးဇင်း ပြောလို တာလေးတွေကိုလဲ ကပ်ရေးပေးထားပါတယ်။

ဒကာတော်။ ။ ယခု ဦးဇင်းရှင်းပြထားတဲ့ စကားလုံးထဲက အချို့ကို တပည့်တော် သံသယဖြစ်မိပါတယ်ဘုရား
"" ဦးဇင်း ပြောတာလွန်တယ်လို့ ဒကာလေးတို့ထင်ရင် “မြန်မာနိုင်ငံက ဆရာတော်ဦးရာဇတို့၊ ဆရာတော် ဦးညာဏိဿရတို့ကို ဒကာလေးတို့ရေးထားတာလေး ရေးပို့ကြည့်လိုက်ပါ။ (တကယ်ဦးဇင်းပြောတာ မယုံရင် ခု…ပို့လိုက်ပါ)။ ဘယ်လို တုန့်ပြန်မယ်ထင်လဲ။ "" ((အတော်ကို အံ့သြဖို့ကောင်းတဲ့ အသုံးအနှုံးပါဘုရား တပည့်တော်ကိုယ့်မျက်လုံးကိုတောင်မယုံမကြည်ဖြစ်မိပါတယ်ဘုရား))

ပြည်ချစ်ဘုန်းဘုန်း။ ။ ဦးဇင်းပြောတာထက် ပိုပြီး ပြည့်စုံတဲ့အဖြေများ ရရှိစေလိုတဲ့ စေတနာနဲ့ ရေးပို့ ခိုင်းတာပါ။ ဘာကြောင့်အံ့သြနေတယ်ဆိုတာ ဦးဇင်း မသိပါ။


ဒကာတော်။ ။ "" နည်းနည်းလေး စဉ်းစားပြီးမှ ဒကာတော်မေးရင် အကောင်းသားလို့ ဦးဇင်း ထင်လိုက် မိတယ်"" ((တပည့်တော်ကြုံဖူးတဲ့ ဦးဇင်းတွေက တကာတွေကို အဲ့ဒီလိုတော့ ထင်မြင်ချက် မပေးဖူးဘူးဆိုတာ တပည့်တော်သေချာပေါက် ပြောရဲပါတယ်ဘုရား))

ပြည်ချစ်ဘုန်းဘုန်း။ ။စဉ်းစဉ်းစားစားမေးစေချင်တဲ့ စေတနာသက်သက်ပါ။ မြန်မာမှာက အမှန်တရား တွေကို ထုတ်ဖော်ခွင့်မရှိပေမယ့် လူတိုင်းသိရှိနေတဲ့အရာဖြစ်လို့ စဉ်းစားပြီး မေးခိုင်းတာပါ။

ဒကာတော်။ ။""မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်သားရဟန်းသံဃာတွေအားလုံးနီးပါးက လေးစားရ တဲ့ မစိုးရိမ်ဆရာတော်ဦးရာဇ၊ ပြည်ပရောက် မစိုးရိမ်ဆရာတော်ဦးကောဝိဒ၊ မလေးရှားပီနန် ဆရာတော် ဦးပညာဝံသ၊ အင်းစိန်ရွာမစာသင် တိုက်ဆရာတော်ဦးတိလောက၊ အသက်အငယ်ဆုံး ပိဋကတ်သုံး ပုံဆောင် ဆရာတော်ဦးသုမင်္ဂလာလင်္ကာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာအရှင်ညာဏိ ဿရ၊ ဒေါက်တာကောဝိဒ၊ ဓမ္မစေတီဆရာတော်ဦးကောသလ္လ၊ လူရည်ချွန်ဆရာတော်ဦးဇဋိလ…………..စတဲ့ ပိဋကတ်ကျမ်းဂန်နှံ့စပ်တဲ့ ဆရာတော်တွေဟာ အဲဒီလိုသာ ပါရာဇိကကျမယ်ဆိုရင် ဒကာလေးပြောသလို နောက်ဘ၀ထိ ရဟန်းဘ၀ ပြန်မရတော့ဘူးဆိုရင် နိုင်ငံရေးနဲ့ဆက်စပ်ပတ်သတ်ရာတွေကို ဟောပါ့မလား။""
((တပည့်တော် မရှင်းလို့ပါဘုရား... မြတ်စွာဘုရားကိုပဲ ယုံကြည်သက်ဝင်ပြီး ဘုရားဟောတာတွေနဲ့ အညီ ကျင့်ကြံအားထုတ်ကြတာ မဟုတ်ဘူးလားဘုရား။ ဘုရားကိုပဲ စံနမူနာပြ သတ်မှတ်ရမှာမဟုတ်ဘား ဘုရား။ မြတ်စွားဘုရား ကျင့်ကြံခဲ့သလို၊ တရားအားထုတ်သလို အားထုတ်ဖို့ထက် ဖော်ပြပါ ပုဂ္ဂိုလ်များကို စံနမူနာပြ ကြည့်ရမှာလားဘုရား))

ပြည်ချစ်ဘုန်းဘုန်း။ ။အထက်မှာ ပြောခဲ့သလို အဆိုပါဆရာတော်ကြီးတွေဟာ ဦးဇင်းသာမက တစ်နိုင်ငံ လုံးက ရဟန်းရှင်လူပြည်သူများက ကိုးကွယ်ဆည်းကပ်နေဆဲ ဖြစ်တာကြောင့် စံနမူနာထားစရာ သံဃာတော် များအဖြစ် သတ်မှတ်ထားပါတယ်။ “သံဃံ သရဏံ ဂစ္ဆာမိ”ထဲမှာ အဆိုပါ ဆရာတော်ကြီးများ ပါနေပါတယ်။ မြတ်စွာဘုရားရှင်ကို စံနမူနာထားဖို့ကတော့ ဒကာလေးပြောစရာမလိုပါ။


ဒကာတော်။ ။ ""တကယ်လို့သာ အမှန်တွေပြောလို့ ဒုက္ခရောက်တဲ့ ခေတ်ကြီး မဟုတ်ခဲ့ဘူးဆိုရင် ဦးဇင်းနေရာ အတိအကျ၊ ဘယ်သူဘယ်ဝါဆိုတာအတိအကျ ပြောလိုက်ချင်ပါတယ်။""((ဦးဇင်း တစ်ပါးပြော တာမှ ဟုတ်ရဲ့လားလို့တောင် ထင်မိပါတယ်ဘုရား))

ပြည်ချစ်ဘုန်းဘုန်း။ ။ အမှန်တွေပြောလို့ ဒုက္ခရောက်နေတဲ့သူတွေ မြန်မာမှာ အများကြီးရှိပါတယ်ဆိုတာ ထင်ရှားနေလို့ ဦးဇင်း အထူးအထွေ မပြောတော့ပါ။ ဦးဇင်းပြောခဲ့တဲ့ အရာရှိတွေကို ဒုက္ခမပေးဘူးဆိုတာ သေချာတဲ့နေ့တစ်နေ့ ဦးဇင်းအတိအကျ ထပ်ပြောပါ့မယ်။

ဒကာတော်။ ။ ""ဒါကိုပဲ အဟုတ်ကြီးမှတ်ပြီး ပြောပြောနေကြတာ။ အဲဒီလို ပြောနေတဲ့သူတွေကို ဦးဇင်း ပြောချင်တာက “ခင်ဗျားတို့ ဗုဒ္ဓဘာသာသိက္ခာကျတယ်ဗျာ”လို့ပဲ ပြောချင်တယ်။ စဉ်းစားညာဏ်လေး၊ ကိုယ်ပိုင်ညာဏ်လေး နည်းနည်းပါးပါးသုံးပြီးပြောမှပေါ့။""((ဦးဇင်းတစ်ပါးလို့တောင် မထင်မိတော့ပါဘူးဘုရား))

ပြည်ချစ်ဘုန်းဘုန်း။ ။ဦးဇင်းတစ်ပါးလို့ ဒကာလေးမထင်လဲ ဦးဇင်းကတော့ ဦးဇင်းပါပဲ။ ဦးဇင်းတစ်ပါး မဟုတ်ဘူးလို့ ထင်ရခြင်းရဲ့ ဒကာလေးရဲ့အကြောင်းပြချက်ကတော့ ခိုင်လုံမှုရှိမရှိ ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားပါ။

ဒကာတော်။ ။""တယ်လာတဲ့စာပါလား ဒကာလေးရယ်။ စာတွေရှည်ကုန်မှာစိုးလို့ ဦးဇင်း မပြောတော့ဘူး။"" ((မပြောတော့တာ မှန်သွားပါတယ်ဘုရား အဲ့နောက်ပိုင်း ဆက်ပြောရင် တပည့်တော်လည်း (မပြောတော့ ပါဘူး))

ပြည်ချစ်ဘုန်းဘုန်း။ ။ တပည့်တော်လည်းရဲ့နောက်က ပြောချင်တာ ဘာလဲ။ ဆဲချင်ရင်လဲ ဆဲလိုက်ပါ။

ဒကာတော်။ ။""တပည့်တော် နှိုင်းယှဉ်မိတာက အဲဒီတုန်းက ရဟန်းတော်များနဲ့ အခုခေတ်အခြေအနေတွေ ကွာခြားနေတာပါဘဲဘုရား” ။ ဒကာလေး တော်တော် တော်ပါလားလို့ ကောက်ချက်ချမိတယ်။""
((ဦးဇင်း ဘယ်လိုစဉ်းစားပြီးများ ရေးလိုက်လဲ တပည့်တော် ကောက်ချက်မချနိုင်တော့ဘူးဘုရား))

ပြည်ချစ်ဘုန်းဘုန်း။ ။ ဒကာလေး ကောက်ချက်မချနိုင်တာကို ကြွားမနေပါနဲ့။ အားလုံးကတော့ ရှင်းပြီး သားပါပဲ။

ဒကာတော်။ ။ တပည့်တော်သံသယ အမှန်တကယ် ၀င်မိလို့ပါဘုရား။ လူတစ်ယောက်၊ အမှန်တကယ် အတည်ငြိမ်ရင့်ကျက်နေတဲ့ လူပုဂ္ဂိုလ်ဆိုရင် ဒီလို အသုံးအနှုံးတွေ မသုံးပါဘူးဘုရား။

ပြည်ချစ်ဘုန်းဘုန်း။ ။ဒကာတော်သံသယ၀င်တဲ့အချက်တွေက မခိုင်လုံ လွန်းဘူးလား။ တည်ငြိမ်ရင့်ကျက် တဲ့ပုဂ္ဂိုလ်တွေက အမှန်တရားတွေကို မပြောကြဘူးလား။ (အမှန်တွေဆိုတာကို ဝေ့လည်ကြောင်ပတ်မဟုတ်ဘူး၊ အသက်နဲ့အာမခံပြီး ပြောတယ်)။

ဒကာတော်။ ။အခုလည်း လူတစ်ယောက်က ရေးနေတယ်လို့ ခံစားမိပါတယ်ဘုရား။

ပြည်ချစ်ဘုန်းဘုန်း။ ။ လူပုဂ္ဂိုလ်များမှ မဟုတ်ပါ။ အမှန်တရားတွေကို ဘုန်းကြီးရဟန်းသံဃာတော်တွေလဲ ရေးတတ်ပါတယ်။

ဒကာတော်။ ။ အမှန်တကယ် ဦးဇင်းတစ်ပါးဆိုရင်တော့ တပည့်တော့ကို နားလည်ခွင့်လွှတ်စေချင်ပါတယ် ဘုရား။

ပြည်ချစ်ဘုန်းဘုန်း။ ။ သံဃာတော်တစ်ပါးကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ “အတု”လို့ ပြောမိရင် ရရှိနိုင်တဲ့အပြစ်ကို ဒကာလေး လေ့လာပါအုံး။ ဒကာလေးက နားလည်ခွင့်လွှတ်ဖို့ ပြောထားတယ်။ ဦးဇင်းက ခွင့်လွှတ်ပေမယ့် သံဃာကို စွပ်စွဲတဲ့အပြစ်က ခွင့်လွှတ်,မလွှတ်ဆိုတာ ကိုယ့်ဘာသာကိုပဲ လေ့လာလိုက်ပါတော့ ဒကာလေးရေ။

မေတ္တာဖြင့်

ပြည်ချစ်ဘုန်းဘုန်း

ခေတ္တ=သီရိလင်္ကာနိုင်င

No comments:

 
/* EOT ----------------------------------------- */