Friday, June 6, 2008

ပြည်ချစ်ဘုန်းဘုန်းနှင့် ရုရှနိုင်ငံတွင် ပညာသင်ကြားနေသော စစ်ဘိုလူငယ်များ ဆွေးနွေးခန်း (၃)

မေးခွန်းများကို ဖြေကြားခြင်း
မေးခွန်းများကို ဖြေကြားခြင်းလို့ ခေါင်းစဉ်တပ်လိုက်ရပေမယ့် မေးထားသမျှအားလုံးကို တိုက်ရိုက်ဖြေကြားထားခြင်း မဟုတ်ဘူးလို့ ဦးဇင်းပြောထားပါရစေ။ တစ်ဖက်ကလဲ မေးခွန်းဆိုပေမယ့် တစ်ချို့အရာတွေက yes or no လုပ်လို့ရတဲ့အရာတွေ မဟုတ်ဘူး။ အဲဒီတော့ ဦးဇင်းတင်ပြတာတွေ ပြီးသွားလို့ ရှိရင် ငါတို့ မေးထားတာတွေ အကုန်ပါအောင် ဖြေထားပါလားဆိုတာကို သိလာရလိမ့်မယ်။ ဦးဇင်း စ,ခဲ့တာကလဲ “ဦးဇင်းရဲ့ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင်အမြင်များ”နဲ့ စခဲ့ခြင်းသာဖြစ်ပါတယ်။ နောင်အလျဉ်းသင့်လို့ရှိရင် တစ်ချို့ ဖြေသင့်တဲ့မေးခွန်းတွေကို ဘုရားဟောပါဠိတော်၊ ဇာတက အဋ္ဌကထာ…စတဲ့ ပိဋကတ်ကျမ်းဂန်များ နဲ့အညီ ဖြေကြားသွားဖို့ ဆန္ဒတွေ ပြင်းပြပါတယ်။ ဒါပေမယ့် ရိုးသားစွာ ၀န်ခံချင်တာက ပိဋကတ်ကျမ်းဂန်တွေကို ဒိုးဒိုးဒေါက်ဒေါက်ပြောနိုင်တဲ့ ဗဟုသုတ ဦးဇင်းမှာ မရှိပါဘူး။ တစ်ပိုင်းတစ်စလေးတွေနဲ့ ကွက်ရှင်နာတွေကို မဖြေကြားချင်ပါဘူး။ ခု…ဦးဇင်း အတွေးအမြင်နဲ့စတဲ့ အကြောင်းအရာတွေကို တတ်နိုင်သလောက်ပဲ ရေးသွား၊ ပြောသွားပါ့မယ်။ ဦးဇင်းအတွေ့အကြုံနဲ့တင်ပြထားပြီး အားလုံးကို ဖြေကြားထားသလို ဆက်စပ်သိရှိကြ လိမ့်မယ်လို့ ယူဆမိပါတယ်။

ဒီစာကို ခု…ဖတ်နေတဲ့သူတွေဟာ အဆိုပါ ခေတ္တမော်စကိုနဲ့ထိပေသျှင့်တို့ရဲ့စာကို ဖတ်ပြီးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီစာကိုဖတ်ပြီး ဦးဇင်းထက်အသက်သိက္ခာကြီးတဲ့ ရဟန်းတော်တွေက အချိန်ကုန်ခံပြီး လုပ်မနေဖို့ အကြံပေးကြပါတယ်။ တင်ပြချက်တွေက ကပေါက်တိကပေါက်ချာတွေ ဖြစ်နေလို့ပါ။ နောက်ပြီး သိချင်တဲ့စေတနာနဲ့ မဟုတ်ဘူး၊ နှိပ်ချင်တဲ့စေတနာနဲ့ဆိုတာ ထင်ရှားနေလို့ပါ။ သာသနာသုံးဝေါဟာရနဲ့ ပြောရရင် “ပသန္နစေတနာ” ဆိုတဲ့ ကြည်လင်တဲ့၊ ကြည်ညိုတဲ့ စေတနာနဲ့မေးထားတာမဟုတ်ဘဲ “ဒုဋ္ဌစေတနာ” ဆိုတဲ့ ဖျက်ဆီးလိုတဲ့ စေတနာနဲ့ မေးထားတာဖြစ်နေပါတယ်။
ဦးဇင်း ပြောတာလွန်တယ်လို့ ဒကာလေးတို့ထင်ရင် “မြန်မာနိုင်ငံက ဆရာတော်ဦးရာဇတို့၊ ဆရာတော် ဦးညာဏိဿရတို့ကို ဒကာလေးတို့ရေးထားတာလေး ရေးပို့ကြည့်လိုက်ပါ။ (တကယ်ဦးဇင်းပြောတာ မယုံရင် ခု…ပို့လိုက်ပါ)။ ဘယ်လို တုန့်ပြန်မယ်ထင်လဲ။ ဆရာတော်တွေဖြေကြားထားတာကို အော့ပို့စစ်အိုင်းမှာ မတင်ရဲ ရင် ဦးဇင်းတို့ သီရိလင်္ကာကဘလော့မှာ တင်ပေးပါ့မယ်။ “ကရုဏာဒေါသောနဲ့ ပြောလိုက်ရင် ဒကာလေးများ ရစရာရှိမှာကို မဟုတ်ဘူး”။ ဘာကြောင့်လဲဆိုတော့ လိုရာအချက်အလက်လေးတွေနဲ့ခေါင်းထဲမှာ ရိုက်သွင်းထား ခံရပြီး ဘာကိုမှ ဖြန့်ထွက်တွေးခြင်း မပြုနိုင်တဲ့သူတွေရဲ့ ဝေဖန်မှုကို ဖတ်ရှုရတာဟာ စာဖတ်သူကို အကုသိုလ် ပေးရာကျပါတယ်။
ခေတ္တမော်စကိုရဲ့ကွန်မန့်ထဲမှာ မေးခွန်းအနေနဲ့ပါတာကတော့ “အခုလိုမျိုးတွေဟာ အာပါတ်သင့်ပြီး အပြစ်ကြီးလေးရင် ပါရာဇိကကျပြီး နောက်နောင်ဘ၀တွေအတွက် ရဟန်းဘ၀ ပြန်မရောက်တဲ့အထိ ဖြစ်နိုင် ပါသလားဘုရား”တဲ့။ နည်းနည်းလေး စဉ်းစားပြီးမှ ဒကာတော်မေးရင် အကောင်းသားလို့ ဦးဇင်း ထင်လိုက်မိ တယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်သားရဟန်းသံဃာတွေအားလုံးနီးပါးက လေးစားရတဲ့ မစိုးရိမ်ဆရာတော်ဦးရာဇ၊ ပြည်ပရောက် မစိုးရိမ်ဆရာတော်ဦးကောဝိဒ၊ မလေးရှားပီနန် ဆရာတော်ဦးပညာဝံသ၊ အင်းစိန်ရွာမစာသင် တိုက်ဆရာတော်ဦးတိလောက၊ အသက်အငယ်ဆုံး ပိဋကတ်သုံး ပုံဆောင် ဆရာတော်ဦးသုမင်္ဂလာလင်္ကာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာအရှင်ညာဏိ ဿရ၊ ဒေါက်တာကောဝိဒ၊ ဓမ္မစေတီဆရာတော်ဦးကောသလ္လ၊ လူရည်ချွန်ဆရာတော်ဦးဇဋိလ…………..စတဲ့ ပိဋကတ်ကျမ်းဂန်နှံ့စပ်တဲ့ ဆရာတော်တွေဟာ အဲဒီလိုသာ ပါရာဇိကကျမယ်ဆိုရင် ဒကာလေးပြောသလို နောက်ဘ၀ထိ ရဟန်းဘ၀ ပြန်မရတော့ဘူးဆိုရင် နိုင်ငံရေးနဲ့ဆက်စပ်ပတ်သတ်ရာတွေကို ဟောပါ့မလား။
ဦးဇင်းက နိုင်ငံသိဆရာတော်တွေကိုပဲ ထုတ်ပြတာ။ တစ်ခြားနိုင်ငံမကျော်ပေမယ့် ပိဋကတ် ကျွမ်းကျင်တဲ့ နိုင်ငံ့အရေး၊ ပြည်သူ့အရေးနဲ့ပတ်သတ်ပြီး ဟောကြားညွှန်ပြနေတဲ့ ဆရာတော်တွေအများကြီး။ ပြည်သူအများ ကတော့ ဒါနဲ့ပတ်သတ်ပြီး မေးခွန်းထုတ်စရာမလိုတော့လောက်အောင် နားလည်နေကြပြီ။ ပါရာဇိကကျတဲ့အမှု ကို ကျူးလွန်တဲ့အထိ မိုက်မဲပါ့မလား။ (မေးခွန်းတစ်ခု မေးတော့မယ်ဆိုရင် အဖက်ဖက်က စဉ်းစားရတယ်)။
အကျယ်ပြောနေရင်ကြာတယ်။ လိုရင်းကို ပြောပြမယ်။ ပါရာဇိက မကျဘူး။ (ပါရာဇိကကျတယ်ဆိုတာ ဘုန်းကြီးမဟုတ်တော့တာ၊ သာသနာမှာ ရဟန်းပြန်ဝတ်လို့ မရတော့တာကို ဆိုလိုပါတယ်= မသိသေးသူများ အတွက်ဖြစ်ပါတယ်) ။
ဒကာလေး ထိပေသျှင့်ဆိုသူရေးတဲ့စာထဲက တစ်ချို့အကြောင်းအရာတွေကို ကြည့်ပြီး ဦးဇင်းအနေနဲ့ တစ်ချို့အပိုင်းတွေကို နားလည်ပေးလို့ရပါတယ်။ ထိထိခိုက်ခိုက်လဲ ခံစားရပါတယ်။ ကိုယ်ချင်းလဲ စာပါတယ်။ တိုင်းပြည်ကို တကယ်ချစ်တဲ့၊ ဘာသာကို တကယ် ချစ်တဲ့၊ ကိုယ်တာဝန်ကို ကျေပွန်အောင် တကယ်ထမ်း ဆောင်မယ့် နိုင်ငံ့သားကောင်း တစ်ယောက်ပါလားလို့ စိတ်ထဲမှာ ချီးကျူး၊ ၀မ်းသာဖြစ်မိပါတယ်။
“အခုတလော တပည့်တော်တို့ကို တချို့လူတွေက သာသနာဖျက်တွေ၊ ဘုန်းကြီးသတ်တဲ့ လူတွေလို့ စွပ်စွဲနေကြပါသေးတယ်။ ချောင်းထဲက အလောင်းကိုပြပြီး ဒါ ဘုန်းကြီးအလောင်း၊ စစ်တပ်ကသတ်ပြီး ရေထဲပစ်ချတာလို့ ပြောကြပါသေးတယ်ဘုရား”လို့ ဒကာလေးက ဆိုထားပါတယ်။ အဲဒီလိုစကားတွေဟာ (အမှန်တကယ် အမှားတွေဖြစ်နေခဲ့ရင်) တကယ့်ကို စစ်သားကောင်းပီသတဲ့၊ နိုင်ငံသားကောင်းပီသတဲ့သူ တွေကို စိတ်ထိခိုက်စေမယ်ဆိုတာ ဦးဇင်း ကိုယ်ချင်းစာလို့ ရပါတယ်။
ဒကာလေးပြောသလိုပါပဲ။ တပ်မတော်ထဲမှာ တကယ့်ကို ဘာသာတရားမြတ်နိုးတဲ့၊ ကိုင်းရှိုင်းတဲ့ သူတွေ ရှိပါတယ်။ ဦးဇင်း ကိုယ်တိုင်လဲ တပ်မတော်သားတွေနဲ့ တော်တော်ကို ရင်းနှီးတဲ့အနေအထား ရှိခဲ့ပါတယ်။ ရန်ကုန်မှာ ဦးဇင်း ၇-နှစ်၊ ၈-နှစ်လောက်ဆွမ်းခံခဲ့တယ်။ အဲဒီထဲမှာ ၅-နှစ်က တပ်ထဲမှာ ဆွမ်းခံခဲ့တာပါ။ အဲဒီထဲမှာ ဗိုလ်မှူးကြီး၊ ဗိုလ်ကြီး၊ ဗိုလ်၊ ဒုအရာခံဗိုလ်၊ သာမန်အောက်ခြေ တပ်မတော်သားများ…အများကြီးပါပဲ။ သူတို့တစ်တွေဟာ ဦးဇင်းရဲ့ကျေးဇူးရှင်တွေပါပဲ။ ဒါပေမယ့်……ဒါပေမယ့် (ဒီ..ဒါပေမယ့်က အရမ်းအရေး ကြီးတယ်) အဲဒီစစ်သားတွေနဲ့ ဦးဇင်းက န.အ.ဖ လမ်းစဉ်ကို မကြိုက်တဲ့အကြောင်းဝေဖန်ရင် “မရဘူးဘုရား၊ တပည့်တော်တို့လဲ ဘာမှမတတ်နိုင်ဘူး၊ သူတို့ ဘယ်လိုအပြစ်တွေပဲ လုပ်လုပ် တပည့်တော်ကတော့ ကိုယ် မလုပ်မိအောင်၊ ကိုယ့်အလုပ်ကို လိပ်ပြာသန့်အောင် လုပ်နေရတာပဲ”အဲလိုပဲ ပြောကြတာများတယ်။
န.အ.ဖလမ်းစဉ်ကို မကြိုက်ဘူးလို့ ပြောတာဟာ “စစ်သားတွေ မကောင်းဘူး”၊ “တပ်မတော်ဆိုတာ ဒို့ နိုင်ငံမှာ မရှိသင့်ဘူး” “တပ်မတော်ကို မြောင်းထဲပို့ပစ်ရမယ်”…..အဲဒီလို မဆိုလိုဘူးဆိုတာကို သေသေချာချာ စဉ်းစားသင့်တယ်။ ဦးဇင်းနဲ့ တွေ့ကြုံခဲ့ရတဲ့ တပ်မတော်သားတွေဟာ အဲဒီလို နားလည်ကြတယ်။
ဒီစနစ်ဆိုးကြီးအောက်က သူတို့လဲ ရုန်းထွက်ချင်နေကြတာပဲ။
“သူတို့လဲ န.အ.ဖလက်အောက်မှာ လုပ်နေရပေမယ့် သဘောကျလှတယ် မရှိပါဘူး။ ဒါက ဦးဇင်း ကိုယ်တွေ့ပါ။ ရှရှားက စစ်သည်ဒကာလေး(အချို့)နဲ့ကွာတာက အဲဒါပဲ။ တစ်ချို့ဗိုလ်ငယ်လေးလေးတွေဟာ န.အ.ဖထိရင် ဘယ်လိုမှ ခံစားလို့ မရနိုင်တော့လောက်အောင် ခံပြင်းနေတတ်ကြတယ်။
ဒါတွေဟာ ဦးဇင်း လုပ်ကြံပြောနေတာ မဟုတ်ပါဘူး။ တကယ်လို့သာ အမှန်တွေပြောလို့ ဒုက္ခရောက်တဲ့ ခေတ်ကြီး မဟုတ်ခဲ့ဘူးဆိုရင် ဦးဇင်းနေရာအတိအကျ၊ ဘယ်သူဘယ်ဝါဆိုတာအတိအကျ ပြောလိုက်ချင်ပါ တယ်။ ဦးဇင်းတို့မှာ အမှန်တရားကို လွတ်လွတ်လပ်လပ် တင်ပြနိုင်ခွင့်ရှိခဲ့ရင် သိပ်ကောင်းမှာပဲ။ အဲဒီလိုဆိုရင် ဦးဇင်းအတွေ့အကြုံတွေကို မြန်မာနိုင်ငံက အထင်ကရ စာစောင်တွေမှာ ထည့်မှာပါ။ မြန်မာပြည်သူတွေ ခိုးကြောင်ခိုးဝှက်ဖတ်နေရတဲ့ ဘလော့တွေမှာ မတင်ပါဘူး။
ဒကာလေး ထိပေသျှင့် ပြောသွားတဲ့အရာတွေထဲက ပထမပိုင်းကို ကောက်ချက်ချကြည့်ရင် အောက်ပါ အတိုင်းဖြစ်လိမ့်မယ်လို့ ဦးဇင်း မြင်ပါတယ်။
၁။ ပြည်သူလိုအပ်တာက သာသနာသုံးရပ်ထမ်းဆောင်သူရဟန်း ၂။ ဘုရားစကားတွေပဲ နာချင်တယ် ၃။ ပို စတာကိုင်၊ လမ်းပေါ်မှာ ….ရဟန်းများကို မလိုချင်ပါ ၄။ ဒီမိုကရေစီနဲ့ ပတ်သတ်တဲ့ ဝေါဟာရတွေ ၊ နိုင်ငံရေး သဘောတရားတွေ မဟုတ်ပါ။
ဒါတွေက မေးခွန်းတွေ မဟုတ်ပါဘူး။ စတိတ်မန့်တွေပါ။ ဒီစတိတ်မန့်တွေကလဲ ပေါ့သေးသေးမတွက်နဲ့ ဦးဇင်းကို မေးတယ်လို့သာ ဆိုထားတာ အဲဒီထဲမှာ သူ့ဟာနဲ့သူ ဖြေသွားတာတွေ့ရတယ်။ အဲဒါတွေကို မေးခွန်းပြန်ပြောင်းကြည့်ရင် ဒီလိုဖြစ်လိမ့်မယ်ထင်ပါတယ်။ “စက်တင်ဘာလို ရဟန်းတော်တွေ လုပ်ဆောင်တာ ဟာ သင့်တော်တယ်လို့ အရှင်ဘုရားအနေနဲ့ ယူဆပါသလား”။ နောက်တစ်ချက်က “ဒီမိုကရေစီနဲ့ ပတ်သတ်တဲ့ ဝေါဟာရတွေနဲ့ တရားဟောတာ သင့်တော်ပါသလား”။ (အဲဒီလို တိုက်ရိုက်မေးလိုက်လဲ ရရဲ့သားနဲ့)။(မေးသူ ဆိုလိုချင်တာက “မသင့်တော်ဘူးမဟုတ်လား”လို့ ဆိုချင်နေတယ်ဆိုတာ ထင်ရှားတယ်)။ အဲဒီလို မေးခွန်း ပြောင်းလို့ ရပါတယ်။
“သင့်တော်၏၊ မသင့်တော်၏” အဲဒါတွေကို ဟိုအထောက်အထားပြ၊ ဒီအထောက်အထားပြ ရှင်းနေရင် ပိုရှုပ်ကုန်လိမ့်မယ်လို့ ဦးဇင်းယူဆတယ်။ (ပါဠိတော်အထောက်အထားတွေမပါဘဲ ဦးဇင်းတစ်ပါးထဲ အမြင်နဲ့ ဖြေမယ်။) ဓမ္မဓိဋ္ဌာန် ကျချင်လဲ ကျမယ်။ မကျဖြစ်ချင်လဲ မကျဖြစ်နေမယ်။ ဓမ္မဓိဋ္ဌာန် ကျ,မကျကို စာဖတ်သူက ဆုံးဖြတ်လိမ့်မယ်။ (ပိုပြီး သေချာချင်ရင်တော့ အထက်က ပြောခဲ့တဲ့ ဆရာတော်တွေထံ သွားမေး ပါ)။ ဦးဇင်းက ဆရာတော်တွေနဲ့စာရင် ဘာမှ မသိပါဘူး။
စက်တင်ဘာမှာ ဦးဇင်းတို့ မေတ္တာပို့ခဲ့တာဟာ ရည်ရွယ်ချက်က ငြိမ်းချမ်းဖို့ပဲ။ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့ အစည်းတစ်ရပ် ပေါ်ပေါက်ဖို့ပဲ။ ဘယ်ပါတီအတွက်မှ မဟုတ်ဘူး။ ဘယ်သူဆိုတဲ့ ပုဂ္ဂိုလ် ရည်ညွှန်းချက်လဲ မရှိဘူး။ ကိုယ်တိုင်လဲ ဘယ်သူမှ ဘယ်ပါတီမှာ ထိုင်ခုံတစ်လုံးရချင်လို့ လုပ်ကြတာလဲ မဟုတ်ဘူး။ ပြောရမယ် ဆိုရင် ဦးဇင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကောင်းစားမှုအတွက် တစ်ခုမှ မပါဘူး။
အထွန့်တက်ချင်သူတွေ တက်နိုင်တာက “မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး”ဆိုတာကကော ဘုန်းကြီးတွေ အနေနဲ့သင့်တော်ပါသလားလို့ ဆိုချင်ကောင်းဆိုချင်ပါလိမ့်မယ်။ အဲဒါနဲ့ပတ်သတ်ပြီး ဦးဇင်းပြောရမယ်ဆိုရင် မတရားဖမ်းဆီးချုပ် နှောင်ခံထားရတယ်ဆိုကတည်းက ဓမ္မဘက်တော်သား ဦးဇင်းတို့အနေနဲ့ အဲဒီလို တောင်းဆိုတာဟာ မလွန်ဘူးလို့ ယူဆပါတယ်။
တရားတာ,မတရားတာကတော့ န.အ.ဖဘက်နဲ့အတိုက်အခံဘက်က ပြောတာတွေဟာ ကွဲပြားနေပါလိမ့်မယ်။ အဲဒီအတွက် ဦးဇင်းပြောချင်တာက တကယ့်ကို “ကိုယ့်ကိုကိုယ် မှန်တယ်”လို့ ယုံကြည်ရင် အဆိုပါ နှောင်ချိုင့် တွေ၊ လှောင်ချိုင့်တွေ၊ တိုက်ပိတ်တွေ၊ ညစ်ပတ်ပေရေနေတဲ့အခန်းကျဉ်းတွေထဲက အကျဉ်းသားတွေကို အပြင် ကို ထုတ်လိုက်ပါ။ ပြည်သူရဲ့ ဆုံးဖြတ်ချက်ကို ရယူပါ။ ဒါဆိုရင် အမှန်က ပေါ်သွားပါလိမ့်မယ်။
“ဟာ ဦးဇင်းကလဲ ခု ပြည်သူ့ဆန္ဒခံယူပွဲကြီးလုပ်ပြီးပြီလေ”လို့ ပြောချင်သူတွေရှိနေမှာလဲ အသေအချာပါပဲ။ အဲဒီလို လာပြောရင်တော့ “အော်..ကလေးကလား ဘာတွေ လာပြောနေတာလဲ”လို့ သာသာလေးပဲ ပြောလိုက်ချင်ပါတယ်။ (ဒါကိုပဲ အဟုတ်ကြီးမှတ်ပြီး ပြောပြောနေကြတာ။ အဲဒီလို ပြောနေတဲ့သူတွေကို ဦးဇင်း ပြောချင်တာက “ခင်ဗျားတို့ ဗုဒ္ဓဘာသာသိက္ခာကျတယ်ဗျာ”လို့ပဲ ပြောချင်တယ်။ စဉ်းစားညာဏ်လေး၊ ကိုယ်ပိုင်ညာဏ်လေးနည်းနည်းပါးပါးသုံးပြီး ပြောမှပေါ့။ ဗုဒ္ဓဘာသာက ကိုယ့်ထက်ကြီးတဲ့သူတွေပြောတာကိုလဲ အဟုတ်မှတ်ပြီး အတည်မယူနဲ့၊ ကိုယ်ပိုင်ညာဏ်နဲ့စဉ်းစားလို့…စသည်ဖြင့် ကာလာမသုတ်မှာ ဟောထားတာ လေ။ ခုတော့..အဲဒီလို မဟုတ်ဘူး။ အထက်လူကြီးပြောတာ အကုန်အဟုတ်မှတ်၊ နှစ်နဲ့ချီပြီး လိမ်သက်၊ ညာသက်ရင့် သတင်းစာကြီးတွေမှာပါတာ အသေမှတ်……….အင်း….)။
အဲဒီလိုလူတွေအတွက် ဦးဇင်း စာကြောင်းလေး တစ်ကြောင်းထုတ် ပြမယ်။ သေချာဖတ်ကြည့်ကြပါ။
“ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ (၅၇)အရ နိုင်ငံတော်သမ္မတ မည်ကဲ့သို့ ကျင့်သုံးသင့်သည်ကို သတင်းစာများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် ရဟန်းရှင်လူများပါ ၀က်ဝက်ကွဲအောင် ဆွေးနွေးငြင်းခုံနေကြသည်”
အဲဒါက ဟိုယခင်ဥပဒေရေးတုန်းက အဖြစ်အပျက်လေး။ တော်ဘုရားကလေးရေးတဲ့ “ဗုဒ္ဓဘာသာ နိုင်ငံတော် ဘာသာဖြစ်ရေး”စာအုပ်ထဲမှာပါတယ်။ ဆိုလိုချင်တာက ဥပဒေတစ်ခု ဖြစ်ပေါ်လာဖို့အတွက် အဲဒီလို ဖြစ်နေရမှာ။ ခုတော့………။ (အားလုံးသိကြတဲ့အတိုင်းပါပဲ) တစ်ချို့ရွာတွေမှာ ဘာမဲမှ မပေးလိုက်ရဘူး။ မဲပုံးတောင် မမြင်လိုက်ရဘူး။ ကြိုတင်မဲပေးစနစ်ထဲ ပါသွားကြတာ။ (ဒါတွေကို သိပ်အရှည်ကြီး မပြောချင်ပါဘူး)။
အခြေခံဥပဒေတစ်ခုပေါ်ပေါက်ဖို့ဆိုတာ အဲဒီလို ၀ိုင်းဝန်းပြီး ဆွေးနွေးကြရမှာ။ ကဲ….ခု…ဘယ်လို လုပ်ထား တာလဲ။ စဉ်းစားမှပေါ့။ (ပြည်သူတွေက ဥပဒေအကြောင်းဘာနားလည်လို့လဲ။ ခုဟာက ဥပဒေပညာရှင်တွေ ရေးဆွဲထားတာ)…အဲလိုဆိုချင်သေးတဲ့သူ ရှိနေအုံးမယ်ထင်တယ်။ ရှုထောင့်တစ်ခုလေးကိုပဲ ပြောပြမယ်။
ဝါရင့်နိုင်ငံကျော်စာရေးဆရာတွေထဲမှာ ဥပဒေနဲ့ပတ်သတ်ပြီး ဝေဖန်ဆွေးနွေးနိုင်စွမ်းရှိတဲ့သူတွေ မရှိလို့ ပြောမလား။ ခုတော့…ဥပဒေနဲ့ပတ်သတ်ပြီး ဆွေးနွေးဖို့ဆိုတာ အပထား “ညောင်နှစ်ပင်”ဆိုတဲ့ စကားလေးကို သုံးမိရင်တောင် အဲဒီစာရေးဆရာရဲ့ထမင်းအိုးက လှုပ်တုတ်တုတ်ဖြစ်နေပြီ။ ကဗျာဆရာတွေဆို အသိဆုံးပဲ။ “ငှက်”၊ “အမေ”၊ “လှောင်ချိုင့်”၊ “ကောင်းကင်”…..စတဲ့စကားလုံးတွေကိုတောင် လွတ်လွတ်လပ်လပ် သုံးစွဲပိုင်ခွင့်မရှိဘူး။ (ပြည်ထောင်စုမြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကြီးများ ပြောပါတယ်)။ “ဟ…ဒေါ်စုလွတ်လာပြီး တိုင်းပြည်ပျက်စီးမှာစိုးလို့”လို့ ပြောရင်တော့ ပြည်သူတွေက “………”စား ပြောတောင် မယုံဘူးလို့ ပြန်ပြောခံရလိမ့်မယ်။
စက်တင်ဘာမှာဖြစ်ခဲ့တာနဲ့ပတ်သတ်ပြီး……………………
သင့်တော်တဲ့အပိုင်းရှိသလို မသင့်တော်တဲ့အပိုင်းတွေလဲ ရှိတယ်လို့ ဦးဇင်း ဖြေချင်တယ်။ မသင့်တော်တဲ့ အပိုင်းက..ကာယိနြေ္ဒပျက်ယွင်းလောက်အောင် လှုပ်ရှားအော်ဟစ်တာဆိုရင် မသင့်တော်ဘူး။
ဘယ်လိုက သင့်တော်သလဲဆိုတာကို ဆက်ဖတ်ရင် သိလိမ့်မယ်။
ကဲ…အဲဒီတော့ စက်တင်ဘာမှာ ဦးဇင်းတို့ မေတ္တာပို့ခဲ့ပုံလေးကို ပြောပြမယ်။ (ပြောပြချင်တာကတော့ အရှည်ကြီးပဲ။ ဒါပေမယ့် နောက်အလျဉ်းသင့်လျှင် ဦးဇင်းပြောပြဖြစ်မယ်ထင်တယ်)။
တစ်ရက်က ရန်ကုန်မှာ မိုးတွေကလဲ အရမ်းကို ရွာနေတယ်။ ဗဟန်းမြို့နယ်၊ အလယ်တောရကျောင်း တိုက်နား လောက်ကနေ ကိုးထပ်ကြီးဘုရားကျော်တဲ့အထိ သံဃာတန်းကြီး။ မေတ္တသုတ်ရွတ်ဖတ်သံတွေ၊ မင်းကွန်း ဆရာတော်ဘုရားကြီးရဲ့ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ မေတ္တာပို့သံတွေ…လွှမ်းခြုံလို့နေပါတယ်။ ဦးဇင်းကလဲ အဲဒီအထဲမှာ တစ်ပါးအပါအ၀င်ပါပဲ။ သင်္ကန်းတွေအားလုံး မိုးရေတွေနဲ့စိုရွှဲလို့။ ခိုက်ခိုက်တုန်ချမ်း နေတာပဲ။ “မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေး အကျဉ်းသားများအားလုံး ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ”။ အဲဒီလို….စသည်ဖြင့် မေတ္တာပို့ကြတော့ မျက်ရည်တွေက ဘယ်လိုမှ ထိန်းလို့မရခဲ့ဘူး။ မိုးရေတွေနဲ့ မျက်ရည်တွေက ရောထွေးလို့။ အဲဒီလို ထွက်တိုင်းထွက်တိုင်း ဦးဇင်း ရှိုက်ကြီးတငင် ငိုခဲ့ရတယ်။
ဆိုလိုချင်တာက “သင့်တော်ခြင်း” “မသင့်တော်ခြင်း”။ အဲဒီအဖြစ်အပျက်လေး (အမှန်အကန်နော်)မှာ ရွံစရာ၊ မုန်းစရာ၊ ကြည့်မကောင်းတာ၊ အမြင်မတော်တာ ဦးဇင်း ဘာမှမလုပ်ခဲ့ဘူး။ ဘယ်သူမှ ဘယ်ရဟန်းတော်မှ လုပ်တာလဲ မတွေ့ခဲ့ရဘူး။ ကြည့်ရှုသူ ပြည်သူတွေရဲ့မျက်လုံးထဲမှာ အလှအပလို့မြင်သလား။ ကျက်သရေမရှိ ဘူးလို့ မြင်သလား။ ကဲ……ဒီမြင်ကွင်းကို (ပြည်သူတွေက) တုန့်ပြန်ကြပုံလေးတွေ ကြည့်ရအောင်…………….
၁။ လမ်းဘေးမှာ ဘယ်နှစ်ကြိမ်မှန်းမသိလောက်အောင် ရှိခိုးဦးတိုက်နေတဲ့ပြည်သူတွေ။
၂။“ကျေးဇူးတင်လိုက်တာဘုရား၊ အရှင်ဘုရားတို့ ရှိကြီးခိုးပါရဲ့ဘုရား၊ အရှင်ဘုရားတို့ လုပ်ပေးမှ ရတော့မှာပါ ဘုရား၊…………”စသည် စသည် အများကြီး ဟစ်ကြွေးနေတဲ့ပြည်သူတွေ။ မျက်ရည်အရွှဲသားနဲ့ ပြောနေတဲ့ ပြည်သူတွေ။
၃။ အအေး၊ အဖျော်ရည်၊ ရေသန့်၊ ကွမ်းယာ…..စသည်ဖြင့် ပူဇော်ကန်တော့နေတဲ့ ပြည်သူတွေ။
၎။ လက်ချင်းချိတ်ပြီး ရဟန်းတော်တွေကို စီတန်းကာကွယ်ပေးနေတဲ့ပြည်သူတွေ။ (ကျန်တဲ့နိုင်ငံတွေ မမြင်ဖူးပေမယ့် ဒီသီရိလင်္ကာနိုင်ငံမှာတော့ ရဲတွေက ဆန္ဒပြသူတွေကို ဘေးကနေ ကာရံပြီး လိုက်စောင့်ရှောက် ပေးတာ တွေ့ရတယ်)။
ဒါတွေကို တွေ့ရခြင်းအားဖြင့် ပြည်သူမြင်ကွင်းမှာ ရဟန်းတော်တွေ တန်းစီကြွပြီး မေတ္တာပို့နေတာလို့ပဲ မြင် တယ်။ ပြည်သူတွေ ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံပေးနေတာလို့ပဲ မြင်တယ်။ (ရှင်းတယ်နော် ဒကာလေး)။ မြန်မာ့အလင်း၊ ကြေးမှုံက ပြောတာနဲ့ ဦးဇင်းပြောတာနဲ့ ဘယ်လိုများ ကွာနေလဲမသိဘူး။ (ဦးဇင်းပြောခဲ့တာ အမှန်တွေဆိုတာကို ဦးဇင်းအသက်နဲ့ အာမခံပြောရဲတယ်)။
နောက်ပိုင်း န.အ.ဖ လုပ်တာလေးတွေ ကြည့်ပါအုံး။ လမ်းပေါ်မှာ ငြိမ်သက်စွာ မေတ္တာပို့တဲ့ရဟန်းတွေကို ညတွေမှာ စစ်ကားအလုံးအရင်းနဲ့ ၀င်ဖမ်းတယ်။ (သူတို့ပြောတာကတော့ အတုတွေပေါ့နော်)။ စာသင်တိုက် တွေမှာ သံဃာအတုနေလို့ မရဘူးဆိုတာ သူတို့ မသိဘူးထင်တယ်။
နောက်….ရေသန့်ဗူးလှူတဲ့သူ၊ အဖျော်လှူတဲ့သူ၊ ကွမ်းယာကပ်တဲ့သူ….။ ရဟန်းတော်တွေဘေးကနေ အေးအေးဆေးဆေးလိုက်ပါသူ….အဲဒီပြည်သူတွေကို အိမ်တွေထိ လိုက်ဖမ်းတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြရုံနဲ့ ဖမ်းဆီးထောင်ချခံရတာ၊ ထောင်ဒဏ် အနှစ် ၂၀၊ ၃၀…စသည် အပြစ်ပေးခံရတာ၊ အကျဉ်းချခံရတာ တိုးတက်လာတဲ့ ဒီခေတ်ကြီးထဲမှာ ဘယ်နိုင်ငံမှာမှ မကြားဖူးပါဘူး။
အရုပ်ဆိုး၊ အကျည်းတန်ဆုံး၊ အသိပညာအမဲ့ဆုံး လုပ်ရပ်တစ်ခုကတော့ ဘုန်းကြီးကျောင်းတွေက အမျိုးသမီး လုံချည်တွေ၊ အတွင်းခံတွေ၊ ကွန်ဒုံးတွေ….စတာတွေကို စုံထောက်ကြီးဦးစံရှား တရားခံကို မိတဲ့လေသံမျိုး၊ ဂိုက်မျိုးနဲ့ သတင်းစာတွေထဲမှာ အကျယ်တ၀င့် ဖော်ပြခဲ့တာပဲ။ စဉ်းစားညာဏ်ဆိုတာ အဲဒါကို ပြောတာပါ။ ရှင်းရှင်းဖြစ်သွားအောင် ဦးဇင်း ရှင်းရှင်းပဲ ရှင်းပြပါမယ်။
၁။ နယ်ကလာပြီး ဘုန်းကြီးကျောင်းမှာ တည်းခိုနေရတဲ့ ဒကာ၊ ဒကာမတွေဟာ လုံချည်တွေ၊ အတွင်းခံတွေ မပါဘဲ ကျောင်းမှာတည်းရမှာလား။ (ဆွေမျိုး၊ နှမအစ်မတွေရဲ့ အဲဒီပစ္စည်းတွေပြပြီး ဒါဟာ ဘုန်းကြီးတွေဆီက ရတာပါလို့ဆိုတာဟာ……အင်း)။
၂။ ဘုန်းကြီးကျောင်းမှာ တည်းတဲ့ဒကာတွေ၊ ကျောင်းသားတွေဟာ အကုန်လုံး အရိယာတွေမဟုတ်ဘူး။ သူတို့ထဲမှာ အပျော်အပါး လုပ်တဲ့သူပါမှာပဲ။ အဲဒီလိုလေးကော ထည့်မစဉ်းစားမိဘူးလား။
ဒါဟာ ဘာမဟုတ်တဲ့ ရမ်းသလူးချက်နဲ့ ဘာသာခြားတွေရဲ့အလယ်မှာ ဗုဒ္ဓဘာသာကို သိက္ခာချတာ မဟုတ်လို့ ဘာလဲ။ စက်တင်ဘာမှာမှ မဟုတ်ဘူး။ အမျိုးသမီးအတွင်းခံကတော့ နယ်က ဆွေမျိုးမိဘတွေ ရန်ကုန်ကို အလည်လာနေသရွေ့တော့ တွေ့နေမှာပဲ။ နေ့တိုင်း ကျောင်းသွားယူပြီး သတင်းစာထဲမှာ ထည့်ပါလား။
“အမျိုးသမီးတစ်ယောက်လွှတ်ပေးရေးအတွက်”ဆိုတဲ့ ထိပေသျှင့်ဆိုသူရဲ့ စကားကတော့ တော်တော်အသိ ညာဏ်နည်းရှာသူရဲ့ စကားလို့ ဦးဇင်းယူဆတယ်။ စဉ်းစားကြည့်လိုက်ပါ။ “ငါ့အမေကို မတရားဖမ်းဆီးထားရင် ငါ ဘယ်လိုနေမလဲ”။ (အဲဒါလေးပဲ စဉ်းစားပါ။ သိပ်အများကြီး မစဉ်းစားပါနဲ့၊ ခေါင်းတွေရှုပ်ပြီး ထပ်မှား ကုန်မှာစိုးလို့ပါ ဒကာလေး။ တကယ်တော့ အဲဒီထက် စဉ်းစားရမှာတွေရှိတယ်)။
“အနာဂတ်သာသနာအတွက် ရင်လေးတယ်”တဲ့။ တယ်လာတဲ့စာပါလား ဒကာလေးရယ်။ စာတွေရှည်ကုန်မှာစိုး လို့ ဦးဇင်း မပြောတော့ဘူး။ ဦးဇင်းပြောချင်တာလေးက……………….
“သာသနာအတွက် ဦးဇင်းတို့ပဲ ရင်လေးပါ့မယ်။ ဒကာလေးလဲ တိုင်းပြည်တာဝန်တွေကလဲ ပိနေတော့ ပင်ပန်းပါတယ်။ ဦးဇင်းတို့ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေပဲ အနာဂတ်သာသနာအတွက် ရင်လေးပါ့မယ်၊ ဦးဇင်းတို့အနေနဲ့ အနာဂတ်သာသနာအတွက် ရင်လေးလို့ကိုပဲ စက်တင်ဘာမှာ မေတ္တာပို့လမ်းလျှောက်ခဲ့ ကြတာပါ”
ဒကာလေးရဲ့ဆွေးနွေးမှုတွေကို ခြုံငုံမိစေမယ့် စကားတစ်ခွန်းပြောပါ့မယ်။ အဲဒါကတော့………… “မြတ်ဗုဒ္ဓသာသနာဟာ လောကကောင်းစားရေးအတွက် ဖြစ်တယ်ဆိုတာပါပဲ” “သာသနာသုံးရပ်ပြန့်ပွားအောင် ကြိုးစားအားထုတ်ဖို့အတွက် မြတ်စွာဘုရားတိုက်တွန်းခဲ့တယ်။ သာသနာသုံးရပ်ပြန့်ပွားအောင် လုပ်ဆောင်ခိုင်းတာ ဘာကြောင့်လဲဆိုတာကို ဒကာလေး ဘယ်လောက်နားလည်သလဲ။ “လောကာနုကမ္ပာယ၊ ဟိတာယ၊ သုခါယ = သတ္တ၀ါတွေကို အစဉ်သနားစောင့် ရှောက်ခြင်းအကျိုးငှါ၊ သတ္တ၀ါအများ အစီးအပွား အလို့ငှါ၊ ချမ်းသာအလို့ငှါ” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်တွန်းခဲ့တာပါ။
“တပည့်တော် နှိုင်းယှဉ်မိတာက အဲဒီတုန်းက ရဟန်းတော်များနဲ့ အခုခေတ်အခြေအနေတွေ ကွာခြားနေတာ ပါဘဲဘုရား” ။ ဒကာလေး တော်တော် တော်ပါလားလို့ ကောက်ချက်ချမိတယ်။ ဦးဇင်းပြောချင်တာက အဲဒီခေတ် အခြေအနေနဲ့ အခုခေတ်အခြေအနေကတော့ ကွာခြားနေတယ်။ ဒကာလေးပြောချင်တာက အဲဒီခေတ်က ရဟန်းတော်တွေဟာ အရမ်းကြည်ညိုစရာကောင်းပြီး ဒီခေတ်ရဟန်းတော်တွေဟာ အဲလို မဟုတ်တော့ဘူးလို့ ဆိုလိုရာရောက်ပါတယ်။ ဒါပေမယ့် ဒကာလေးကို သိစေချင်တာက ဦးဇင်းတို့ စက်တာဘာမှာ ပြည်သူ့အရေးဆောင်ရွက်ခဲ့တာရယ်၊ ခုလို စာတွေရေးပြီးနေတာရယ်ဟာ ဘယ်သိက္ခာပုဒ်နဲ့မှ မငြိစွန်းသလို မိခင်တိုင်းပြည်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ ဖြစ်နေတာ၊ ဖြစ်သင့်တာတွေကို ကောင်းစေချင်တဲ့ ဆန္ဒနဲ့ရေးတာဖြစ်တဲ့အတွက် ကုသိုလ်တောင်ရပါတယ်။
ချစ်သူလေးဆိုသူ မေးထားတဲ့မေးခွန်းလေးတွေကို ဦးဇင်း ဒီနေရာမှာ ဖြေကြားသွားပါ့မယ်။ ပါရာဇိကကျနိုင်တဲ့ အကြောင်း (၄)ချက်ရှိပါတယ်။ ၁။ မေထုန်မှီဝဲမှု၊ ၂။ သူတစ်ပါးဥစ္စာခိုးမှု၊ ၃။ လူ့အသက်သက်မှု (သတ်ခိုင်းမှု)၊ ၄။ ဈာန်အဘိညာဏ်..စသည်မရဘဲ ရတယ်ဟု လိမ်ညာပြောဆိုမှု…တို့ဖြစ်ပါတယ်။ ဆရာတော် ဦးဝိစာရတို့ဟာ ပါရာဇိက မကျပါ။ ကြခတ်ဝိုင်းကိုတော့ ပါရာဇိကကျသည်ဟု ဆရာတော်များ ဆုံးဖြတ်ကြပါတယ်။ ဒါပေမယ့် ဒကာမလေးပြောတဲ့ ငွေကြေးမည်မျှရှိသည်ဟု ပြောခြင်းကြောင့် မဟုတ်ပါ။ “မီးကြွင်း မီးကျန် မထားနဲ့၊ အကုန် ရှင်းပစ်ရမယ်”ဆိုတဲ့ စကားကြောင့် ဖြစ်ပါတယ်။
ရွှေကျင်ဆရာတော်နဲ့ပတ်သတ်တာလေးကို ပြောရမယ်ဆိုရင် “ဆရာတော်မှာရှိတဲ့ စိတ်စေတနာကပဲ ဆရာ တော့်ကံကို ပြောပြနိုင်ပါလိမ့်”လို့ ဆိုချင်ပါတယ်။ ဒါပေမယ့် ဆရာတော်စိတ်ဓာတ်နဲ့ ဆရာတော် အကြောင်းတွေကို ထောက်ဆသောအားဖြင့် “ဘုန်းကြီးအတုတွေ ဘာဖြစ်ပါစေ..ညာဖြစ်ပါစေ”လို့ စိတ်မရည် ညွှန်းဘဲ သာသနာတော်သန့်ရှင်းရေးအတွက် စိတ်ပြဋ္ဌာန်းပြီးပြောတာ ဖြစ်မယ်လို့ ယူဆရပါတယ်။
ချစ်သူလေး ပြောတဲ့အထဲမှာ ထောင်ထဲမှာ လူဝတ်လဲခဲ့ရတဲ့ မစိုးရိမ်ဆရာတော် ဘုရားကြီးနဲ့ပတ်သတ်ပြီး ဘာကို သိချင်တယ်ဆိုတာ မပါလို့ ဦးဇင်း ဘာမှ မပြောတော့ပါဘူး။ မစိုးရိမ်ဆရာတော်ဦးကောဝိဒက အကျဉ်းချခံရပေမယ့် ပီနန်ဆရာတော်ကြီးကတော့ ပြည်ပမှာ ဖြစ်တဲ့အတွက် ထောင်အချမခံရပါဘူး။
ခေတ္တမော်စကို ပြောသလို ဦးဝိစိတ္တသာရလဲ မဟုတ်ပါ။ ဦးဝိစာရပါ။ (ခေတ္တမော်စကိုအနေနဲ့ မြန်မာ့လွတ်လပ် ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဆရာတော်ဦးဝိစာရကို မသိတာကတော့ ဦးဇင်း အတော်ဝမ်းနည်း မိပါတယ်။ ရန်ကုန်မှာ “ဦးဝိစာရလမ်း”ဆိုတာရှိတယ် မဟုတ်လား)။
ရဟူးသုံးတာ၊ ဂျီမေးလ်သုံးတာ၊ ဘလော့တွေမှာ နိုင်ငံရေးရေးတာတွေဟာ သာသနာရေးမဟုတ်ဘူး။ နိုင်ငံရေး လို့ မော်စကိုက ဆိုထားပါတယ်။ “နိုင်ငံရေး”ဆိုတာကို ဘယ်လို နားလည်ထားသလဲ။ လမ်းမှားကြီးပေါ် ရောက်နေတဲ့ နိုင်ငံကို လမ်းမှန်ပေါ်ရောက်စေချင်တဲ့ စေတနာကောင်းနဲ့ ရေးသမျှဟာ “မသင့်တော်တာ မရှိ”လို့ ဆိုပါရစေ။ စေတနာက အဓိကပဲ မဟုတ်ပါလား။ ရဟူး၊ ဂျီမေးလ်သုံးတာဟာ ဖုန်းလိုပဲ ကွန်မြူနီကေး ရှင်းပဲလို့ဆိုရင် ဖုန်းပြောတာကိုရော ဘယ်လိုပြောရတော့မလဲ။ နှစ်လုံးထီထိုး၊ ဘောလုံးပွဲလောင်းတာဟာ သာသနာရေးမဟုတ်တာကတော့ ဘယ်သူမှ မငြင်းပါဘူး။ ဒါပေမယ့် (အဲဒီအလုပ်တွေကို အားပေးတာ မဟုတ်ဘူးနော်) အမြင်ရှင်းအောင် ပြောချင်တာက အဲဒီအလုပ်တွေ လုပ်ရုံနဲ့ ဘုန်းကြီးအတု ဖြစ်မသွားဘူး ဆိုတာပါပဲ။
ထိပေသျှင့်ပြောတဲ့ထဲက “ဒီမိုကရေစီနဲ့ ပတ်သတ်တဲ့ ဝေါဟာရတွေ”ဆိုတာနဲ့ပတ်သတ်ပြီး “ဒီမိုကရေစီ”ဆိုတဲ့ ဝေါဟာရကို ရှင်းအောင်လေ့လာပါလို့ပဲ ဆိုချင်ပါတယ်။ အဲဒီအတွက် ညွှန်းဆိုချင်တာက အော့ပို့စစ်အိုင်းမှာပဲ ရှိပါတယ်။ အထိုက်အလျောက် နားလည်ပါလိမ့်မယ်။ ဒီမိုကရေစီဆိုတာ န.အ.ဖ ပြောသလို မဟုတ်ဘဲ လွတ်လပ်မှု၊ တရားမျှတမှု….စတာတွေရဲ့ အမည်ဖြစ်ပါတယ်။
တစ်ခု ထပ်ပြောချင်တာက “တရားမျှတမှု၊ လူ့အခွင့်အရေးပြည့်ဝမှု၊ သူရသတ္တိ”တို့အကြောင်း ပြောချင်ရင် ဥပမာတစ်ခု ပြောပြမယ်။ မြန်မာ့အလင်းသတင်းစာ၊ ကြေးမှုံသတင်းစာမှာ “အောင်ဆန်းစုကြည် ဘာလဲ၊ ဘယ်လဲ”ဆိုတဲ့ အခန်းဆက်ဆောင်းပါးမျိုးရေးသလို အတိုက်အခံတွေကိုလဲ စာစောင်တစ်ခုထုတ်ဝေခွင့်ပြုပြီး “သန်းရွှေ ဘာလဲ၊ သန်းရွှေဘယ်လဲ”လို့ ရေးသားခွင့်ပြုရဲပါသလား။ “မင်းကိုနိုင် သို့မဟုတ် ကြိုးမဲ့လေတံခွန်”ရေးသလို “မောင်အေး သို့မဟုတ် ညစ်ပတ်လေတံခွန်”လို့ ရေးခွင့်ပြုရဲပါသလား။ (ဒါတွေကို ဒို့ မေးခွန်းတွေနဲ့ မဆိုင်ဘူးလို့တော့ မဆိုလေနဲ့။ ရဟန်းတော်တွေ မေတ္တာပို့ လမ်းလျှောက်တာဟာ တရားမျှတမှု အတွက်ဆိုတာကို ပြောပြချင်လို့)။
ပခုက္ကူအဖြစ်အပျက်ကတော့ ဒကာလေးပြောတာဟာ န.အ.ဖ ပြောထားတဲ့ဇာတ်လမ်းပါ။ အဲဒီလောက်ပဲ ဆိုပါရစေ။ သမိုင်းကြောင်းဆိုတာ အချိန်တန်ရင် အမှန်အတိုင်းပေါ်လာတာပါပဲ။
“ရွှေတိဂုံဘုရားခြေရင်းမှာ မီးခိုးတလူလူ ၊ အော်ဟစ် ပြေးလွှား၊ ပြဿနာ ဖြစ်နေတာ အမြင်မတော်ပါဘုရား”တဲ့။ ဟုတ်တာပေါ့။ ဘယ်အမြင်တော်ပါ့မလဲ။ သံဃာတွေ ဒီလို မေတ္တာပို့နေတာ တစ်ပတ်ခန့်ရှိနေပြီ ဘာပြဿနာမှ မရှိပါဘူး။ (ပြည်သူတွေ တုန့်ပြန်ပုံကို အထက်မှာ ပြောခဲ့ပြီးဖြစ်တယ်)။ အဲဒီ ၂၆-ရက်နေ့ကျမှ အဲဒီမီးခိုးတလူလူ တွေ၊ အဲဒီ အော်ဟစ်ပြေးလွှားတာတွေ၊ အဲဒီ ရက်စက်မှုတွေ၊ အဲဒီရိုင်းစိုင်းမှုတွေ၊ အဲဒီ ယုတ်မာမှုတွေ၊ အဲဒီ ပက်စက်မှုတွေ၊ အဲဒီ သတ်ဖြတ်မှုတွေ၊ အဲဒီ အကျည်းတန်မှုတွေ၊ အဲဒီ လူမဆန်တာတွေ၊ အဲဒီ ကောက်ကျစ်မှုတွေ၊ အဲဒီ အမြင်မတော်တာတွေ ဖြစ်သွားခဲ့ရတာ။
သံဃာတော်တွေက စောင်းတန်းထဲမှာ။ အလယ်ပစ္စယံကရော၊ ကြေးသွန်းဘုရားလမ်းဆုံကရော၊ အခြားဘေး တွေမှာရော၊ စစ်သားတွေ ရဲတွေ ပိတ်ဆို့ထားတယ်။ သံဃာတွေက နေ့လည် ၁၂-ခွဲ၊ ၁-နာရီခန့်ရောက်တော့ နေ့စဉ်လုပ်နေကျအတိုင်း စောင်းတန်းထဲကနေ စတင်ထွက်ခွါခဲ့ကြတယ်။ ကြေးသွန်းဘုရားကြီးလမ်းဆုံမှာ နံပါတ်တုတ်တွေ၊ သေနတ်တွေကိုင်ထားတဲ့ လုံထိန်းတွေတန်းစီပြီး ရပ်နေကြတယ်။
သံဃာတန်းဘက်ကို ဒိုင်နာကားတွေ ဖင်ထိုးထားတယ်။ သံဃာတွေလဲ အနားရောက်လာရော “ဆက်မထွက်ဖို့ ပြောတယ်”။ သံဃာတွေကလဲ ဘာပြဿနာမှ မဖြစ်စေရဘူး။ ဦးဇင်းတို့ဟာ ပြည်သူတွေလွတ်လပ်ရေးအတွက် န.အ.ဖထံမှာ မေတ္တာပို့ တောင်းဆိုနေတာ။ အရင်နေ့တွေကလဲ ဘာပြဿနာမှ မရှိခဲ့ဘူး။ ဆက်ထွက်ပါရစေ… ဆိုတော့..။ “ဦးဇင်းတို့ ကားပေါ်တက်ကြပါ”တဲ့။ အဲဒီအချိန်မှာ လူတွေက တော်တော်များနေပြီ။ ဒါပေမယ့် သံဃာတွေအနားကို ဘယ်သူမှ ကပ်လို့မရဘူး။ လုံထိန်းတွေက တားဆီးထားတယ်။ ဒါပေမယ့် တော်တော်လေး ထူးဆန်းတာတစ်ခုက “ဒိုင်နာကားကြီးတစ်စင်း အလယ်ပစ္စယံမှာ လာရပ်တယ်။ ပြီးတော့ အဲဒီထဲက လူတွေဆင်းလာပြီး သံဃာတွေရဲ့နောက်မှာ ၀င်ပြီး နေရာယူကြတယ်။ အမျိုးသားတွေချည်းပဲ။ အယောက်သုံးဆယ်လောက်ရှိတယ်။ (သူတို့ကို ဘယ်လုံထိန်းကမှ မတားကြဘူး)။ ဒီလူတွေဟာ န.အ.ဖရဲ့ လူတွေပါလို့ ဦးဇင်းပြောရင် လွန်မလား။ (စဉ်းစား)
လုံထိန်းတွေက နံပါတ်တုတ်တွေတရမ်းရမ်းနဲ့ တကယ်ပဲ ဖမ်းတော့မယ်ပုံစံလုပ်တော့ အချို့သံဃာငယ်တွေက လန့်ပြီး တစ်ဖက်က အုန်တံတိုင်းနံရံကို ကျော်ပြီး ပြေးကြတော့တယ်။ ပြေးနေတဲ့သံဃာတွေကို နောက်ကနေပြီး နံပါတ်တုတ်တွေနဲ့ လိုက်ရိုက်ပါတော့တယ်။ (သတင်းထောက်တစ်ယောက် မှတ်တမ်းတင်ထားတာ ကြည့်ပြီးဖြစ် လိမ့်မယ်လို့ ယူဆတယ်)။
အဲဒီအချိန်မှာ ဘေးကကြည့်နေတဲ့ ပြည်သူတွေရဲ့ ငိုသံတွေ၊ အော်ဟစ်ပြီး အကူအညီတောင်းတဲ့အသံတွေ ဦးဇင်းနားထဲက ခုထိ ထုတ်လို့မရဘူး။ “ဘုရား…ဘုရား… သံဃာတော်တွေကို ရိုက်ကုန်ပြီ..ဘုရာ့”ဆိုပြီး အရူးတစ်ပိုင်းနဲ့ အော်ဟစ်ငိုယိုနေတဲ့ပြည်သူတွေ။ ခု…စာရေးနေတဲ့အချိန်မှာတောင် ဦးဇင်းမှာ မျက်ရည်ကို ထိန်းလို့မရပါဘူး။ န.အ.ဖဟာ သူတို့ ဆင်းမပေးရသေးသရွေ့တော့ “သူတို့မှန်တယ်”ပြောနေမှာပဲ။ ဒါပေမယ့် ဦးဇင်း ပြောရဲတာတစ်ခုရှိတယ်။ “ဦးဇင်းတို့ မမှားခဲ့ဘူးဆိုတာ သမိုင်းက သက်သေပြပါလိမ့်မယ်”။
“ဒီအဖြစ်အပျက်ဟာ နိုင်ငံရေးမှာ သံဃာတော်တွေ ၀င်ပါလို့ ဖြစ်လာရတာလို့လဲ ယူဆမိပါတယ်ဘုရား”တဲ့။ ဒကာလေးပြောတာ ဘယ်လောက်တရားလွန်နေပြီလဲဆိုတာ ဦးဇင်းပြောပြတဲ့အဖြစ်အပျက်တွေက ပြောပြတဲ့ အလင်းနဲ့ ဒကာလေးဘ၀အမြင်တွေ အနည်းငယ်အလင်းရသွားလောက်ပြီလို့ ယူဆပါတယ်။
ဒကာလေးက ပြောတယ်။ “နိုင်ငံရေးအမြင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူဘူး”တဲ့။ ဟုတ်ပါတယ်။ အမှားနဲ့အမှန်ဆိုတာလဲ ဘယ်တော့မှ ထပ်တူပြုလို့ မရပါဘူး။
အမြဲတမ်းမှန်ကန်နေတဲ့ နိုင်ငံရေးအယူအဆဆိုတာ မရှိဘူးလို့ ပြောလို့ရချင်ရမယ် “အမြဲတမ်းမှားနေတဲ့ နိုင်ငံရေးအယူအဆကြီးကိုတော့ မြန်မာနိုင်ငံမှာ သက်ဆိုးရှည်နေတာ မတွေ့ချင်ဘူး”။ “ဒီအတွေးဟာ လောကတ္ထစရိယအတွေးဖြစ်သလို၊ ညာတတ္ထစရိယအတွေးလဲ ဖြစ်ပါတယ်”။
“သံဃာတော်များဟာ ဘယ်လောကီ အယူဝါဒ ၊ မည်သည့် နိုင်ငံရေး အယူအဆကိုမဆို အခြေခံ၍ မည်သည့် အဖွဲ့အစည်းဘက်ကမဆို လိုက်လံဆောင်ရွက်ပေးတော်မူခြင်းဟာ မသင့်တော် မမှန်ကန်ဘူးလို့ ထင်မြင်ယူဆ ပါတယ်ဘုရား”တဲ့။ ဘယ်အဖွဲ့အစည်းအတွက်မှ လိုက်လံဆောင်ရွက်ပေးနေတာ မဟုတ်ဘူး။ “ပြည်သူတွေ ကောင်းစားရေးအတွက် သင့်တော်တဲ့ လူ့လောင်သစ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ရေးအတွက်ပဲ”။ အဲဒါက ဦးဇင်းတို့ အထူးပြောနေစရာမလိုဘူးလို့ ထင်ပါတယ်။
တော်တော်လေးကို ရှည်သွားပါပြီ။ ဦးဇင်း ဖြေချင်တာတွေက ဒီထက်အများကြီးရှိပါတယ်။ ဘုရားဟောဇာတ် နိပါတ်တွေထည့်ပြီး ဆွေးနွေးရင် ဒီထက်ကောင်းမွန်မှာဖြစ်ပေမယ့် စာရှည်လွန်းသွားမှာဖြစ်တာကြောင့် ဒီ လောက်နဲ့ပဲ နားပါရစေ။
မေးထားသမျှတွေကို အကုန်ပါဝင်အောင် ဖြေကြားထားပါတယ်။ တစ်ချို့ဟာတွေက တိုက်ရိုက်ဖြေထားတာ မဟုတ်ပေမယ့် ဆက်စပ်စဉ်းစားလို့ ဦးဇင်း ဘာပြောချင်တယ်ဆိုတာကို သဘောပေါက်ကြလိမ့်မယ်လို့ ယူဆပါ တယ်။ အောက်က ဘုရားဟောလေးက မှတ်သားစရာ ကောင်းလွန်းလို့ပါ။
“အကြင်သူသည် သမုဒ္ဒရာကို အဆိပ်အိုးဖြင့် ဖျက်ဆီးနိုင်မည်ဟု မှတ်ထင်ရာ၏။ ထိုသူသည် ထိုအဆိပ်အိုးဖြင့် မဖျက်ဆီးနိုင်ရာ။ အကြောင်းမူကား သမုဒ္ဒရာသည် ကြီးကျယ်၍ ကြောက်မက်ဖွယ် ကောင်းလှသော ကြောင့်တည်း”
“ဥပါလိ ရဟန်းသည် နှုတ်အကျင့် မစင်ကြယ်မှု၊ စင်ကြယ်သော မပေါက်သော မသုံးသပ်အပ်သော နှုတ်အကျင့်နှင့် မပြည့်စုံမူ ထိုရဟန်းအား “တိုက်တွန်းပါ၏။ အသျှင်သည် ရှေးဦးစွာ နှုတ်အကျင့်ကို ကျင့်ပါဦး”ဟု ပြောဆိုတတ်သူတို့ ရှိတတ်ကုန်၏”
“ဥပါလိ နောက်တစ်မျိုးကား သူတစ်ပါးကို စောဒနာလိုသော စောဒကရဟန်းသည် “ငါ့အား မေတ္တာစိတ် သည် ရှေးရှုတည်ပါ၏လော၊ သီတင်းသုံးဖော်တို့၌ အမျက်ကင်းပါ၏လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော”ဟု ဆင်ခြင်ရမည်”

မေတ္တာဖြင့်
ပြည်ချစ်ဘုန်းဘုန်း
ခေတ္တ= သီရိလင်္ကာနိုင်ငံ
06, 06, 2008

No comments:

 
/* EOT ----------------------------------------- */