Wednesday, June 4, 2008

ကော့သောင်းမြို့နယ်တွင် မြန်မာစစ်တပ် ပစ်ခတ်ခံရ

ကျော်ထင်/ ၄ ဇွန် ၂၀၀၈

ယမန်နေ့ နံနက်ပိုင်း၌ ကော့သောင်းမြို့နယ်၊ လုံးဖောကျေးရွာအနီး ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ် အတွင်း မြန်မာစစ်တပ်မှ အရာရှိတဦးအပါအ၀င် အခြားအဆင့် (၂) ဦးကို ထိုင်းဘက်ကမ်းမှ အမည်မသိ သေနတ်သမားများက ပစ်ခတ်သောကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

လုံးဖောမှတဆင့် ထိုင်းဘက်ကမ်းသို့ ဆိုင်ကယ်ဝယ်ရန် ဖြတ်ကူးချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး အရာရှိမှာ ဒဏ်ရာပြင်းထန်ကြောင်း ကော့သောင်းခရိုင်မှ အမည်မဖော်လိုသည့် ရဲအရာရှိတဦးက ပြောသည်။


၎င်းက “သေတော့မသေဘူး၊ ဒဏ်ရာရတာလေ။ စစ်တပ်ကပဲ၊ အရာရှိတယောက်၊ တပ်ကြပ်ကြီး တယောက်နဲ့ တခြားအဆင့်တယောက်ပါတယ်။ မနေ့ညဘက်ကတော့ အရာရှိသေတယ်လို့ ကြားတာ၊ ဒီမနက်သိရတာက မသေပါဘူး။ မျက်နှာမှာလေ၊ နှာခေါင်းက ဖောက်ဝင်သွားတာ” ဟု ပြောသည်။

ပစ်ခတ်ခံရသူများမှာ ကော့သောင်းအခြေစိုက် စကခ (၂၀) လက်အောက်ခံ ခမရ (၂၂၈) မှ ဖြစ်ကြောင်းသိရသည်။

ကင်းလှည့်နေသည့် စစ်သားများ ပစ်ခတ်ခံရသည့်သတင်းကြောင့် ယမန်နေ့ နေ့လယ်၌ ဆေးရုံသို့ သွားရောက်ခဲ့သည့် ကော့သောင်းမြို့ခံတဦးက ဒဏ်ရာရသူများ ဆေးရုံသို့ မရောက်ကြောင်း ပြောသည်။

၎င်းက “စစ်ဗိုလ်တယောက်လည်း ကျတယ်၊ ဒဏ်ရာရကြတယ်ဆိုတဲ့ သတင်းကြားကြားချင်းပဲ ဆေးရုံသွားလိုက်ကြတယ်လေ၊ မတွေ့ဘူး။ ညနေပိုင်းကျမှ ကြားရတာက လူနာတွေကို ရန်ကုန်ကို အကုန်တင်သွားပြီလို့ပဲ။ ဘာဖြစ်လို့ဆိုတော့ ကော့သောင်းမှာဆိုရင် သတင်းပျံ့မှာ စိုးလို့နဲ့တူတယ်” ဟု ပြောသည်။

ကော့သောင်းမြို့နယ်အထက်ပိုင်းရှိ ပါချန်မြစ်ကျဉ်းပိုင်းတွင် ထိုင်းနိုင်ငံဘက်မှ တရားမ၀င် ဆိုင်ကယ် မှောင်ခိုတင်သွင်းမှုများကြောင့် မကြာခဏ ပစ်ခတ်မှုများရှိကြောင်း သိရသည်။

No comments:

 
/* EOT ----------------------------------------- */