Monday, December 31, 2007

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၃၀.၁၂.၂၀၀၇ ရက်နေ့တွင် ဖျော်ဖြေကပြခဲ့သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်၏ ကကွက် ဆန်းများ














သီးလေးသီးဆေးရောင်စုံအငြိမ့် ပို့အား ကျနော်အနေဖြင့်နောက်ကျမှ တင်ခြင်းကို အားလုံးအနေဖြင့် နားလည်ခွင့်လွတ်ပေးကြပါရန် လေးစားစွာတောင်ပန်အပ်ပါသည်။ ကျနော်အနေဖြင့် ဒီပို့ကိုတင်ဖို့အတွက် အတော်ပင်အချိန်ယူစဉ်စားနေရပါသည်။ ကျနော်၏ ဘလော့တွင် အသစ်အဆန်းတစ်ခုကို သူများထက်ဦးအောင်တင်ဆက်နိုင်သော်လည်း ကိုယ့်ကြောင့် တစ်ပါးသူ ဒုက္ခရောက်မည်အလုပ်မျိုး ကို ကျနော်လုံးဝမလုပ်လိုပါ။ ထိုကြောင့် သီးလေးသီးအကြောင်း တင်ဆက်မှုသည် နောက်ကျခဲ့ခြင်းဖြစ်ကြောင်း တင်ပြအပ်ပါသည်။
သီးလေးသီးဆေးရောင်စုံအငြိမ့် အဖွဲ့သည် အင်မတန်တော်သော လူငယ်များဖြင့် ဖွဲ့စည်းထားပြီး အရည်အချင်းရှိသော၊ ပြည်သူအများက ချစ်ခင်လေးစားရသော အနုပညာအသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များမှ ပံ့ပိုးမှုများပေးထားသော အငြိမ့်အဖွဲ့ဖြစ်ပါသည်။ သီးလေးသီးဆေးရောင်စုံ အငြိမ့်အဖွဲ့၏ တင်ဆက်မှုများတွင် ပြည်သူများ၏ ခံစားချက်များကို ဦးစားပေးထားသော ပျက်လုံး၊ ဟာသများ၊ တိုင်းရင်းသားရိုးရာအကများနှင့် မြန်မာ့တောဓလေ့ ဦးရွှေရိုးနှင့် ဒေါ်မိုးအက၊ ဒိုးပတ်အက အစရှိသည်တို့ကို ကပြဖျော်ဖြေခဲ့ရာ ပွဲစသည်မှ ပွဲပြီးဆုံးသည့် အချိန်အထိ ခန်းမတစ်ခုလုံး လက်ခုတ်သံများဖြင့် ဆူညံနေပါသည်။
၎င်းပွဲသို့ လာရောက်ကြည့်ရှု့သော ကရင်အမျိုးသားတစ်ဦးမှ သီးလေးသီးကပြဖျော်ဖြေသော ကရင်ဒုံးယိမ်းအကသည် အတော်ကောင်းကြောင်းနှင့် သာမာန်လူတို့ မကပြနိုင်သည် အကမျိုးဖြစ်ကြောင်း၊ ထိုအကမျိုးသည် ကပြတတ်ယုံဖြင့် မရပဲ အတော် အပင်ပန်းခံနိုင်မှ ကပြဖျော်ဖြေနိုင်ကြောင်း ကျနော်အားပြောပြပါသည်။
ဦးရွှေရိုးနှင့် ဒေါ်မိုးအကမှာလည်း အတော်ပင်ကောင်းပါသည်။ ပုသိမ်ထီးကိုလေထဲသို့မြောက်၍ ကပြီးပြန်ဖမ်းပြသည်။ နောက်တစ် ပြန်ဖမ်းရာတွင် ပုသိမ်ထီးနှင့် ဒေါ်မိုးအားမှား၍ ဖမ်းလိုက်ပုံမှာ အတော်ပင်ဟာသမြောက်ပါသည်။ ယခုကဲ့သို့ ဟာသမြောက်သော၊ လှပသေသပ်သော ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို မလေးနိုင်ငံသားများပင် ကြိုက်နှစ်သက်ကြောင်းနှင့် စကားနားလည်စရာမလိုဘဲ သရုပ်ဖော်ဖြင့် ဟာသပြုလုပ်နိုင်သော သီးလေးသီး၏ အနုပညာကိုလည်း အတော်ပင် လေးစားဂုဏ်ယူမိပါသည်။
နောက်ဆက်တွဲသတင်းတစ်ခုမှာ ကွာလာလမ်ပူမြို့၌ ကပြဖျော်ဖြေစဉ်က အကြောင်းအရပ်အမျိုးမျိုးကြောင့် မကြည့်ရှု့နိုင်သော မလေးရှားရောက်ရွှေမြန်မာများမှ မလေးရှားနိုင်ငံ နယ်စပ်မြို့ဖြစ်သော ပီနန်းမြို့ဖျော်ဖြေပွဲတွင် ညအိပ်သွားရောက် ကြည့်ရှုရန်အတွက် အကြောင်းကြားလာသောကြောင့် ကွာလာလမ်ပှုမြို့ ပွဲဖြစ်မြောက်ရေးကော်မတီသို့ အကြောင်းကြားလာသောကြောင့် လက်မှတ်များစီစဉ်ပေးနေရသည်ဟု သတင်းရရှိပါသည်။
မလေးရှားနိုင်ငံ၌ ကပြဖျော်ဖြေသော သီးလေးသီးဆေးရောင်စုံအငြိမ့်ဖျော်ဖြေပွဲမှ ဗွီဒီယိုမှတ်တမ်းအချို့အား ကျနော်၏ ဘလော့မှ တင်ပြသွားမည်ဖြစ်ပြီး ဖျော်ဖြေပွဲအပြည့်အစုံအား ကွာလာလမ်ပူမြို့ ပွဲဖြစ်မြောက်ရေး ကော်မတီသို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

No comments:

 
/* EOT ----------------------------------------- */